အဓိကအကြောင်းအရာသို့ သွားမည်

ယက်ကန်းချည်ထည်တွေကို ဆန်းသစ်ကာ ဈေးကွက်ရှာဖွေခဲ့သူ မြန်မာ့ရနံ့ ဒေါ်ခင်သန်းမြင့်

မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ယက်ကန်းချည်ထည်တွေက ထူးပြီး ပိတ်တဲ့ ချည်ထည်တွေသာ ထုတ်လုပ်နိုင်ကြတာဖြစ်ပါတယ်။ ဒီလို ချည်ထည်တွေကို ပါးပြီး ဝတ်ချင်စဖွယ် ဖြစ်အောင် ထုတ်လုပ်နေသူ တစ်ဦးရှိပါတယ်။ သူက မြန်မာ့ရနံ့ချည်ထည်လုပ်ငန်းကို တည်ထောင်ထားသူ ဒေါ်ခင်သန်းမြင့် ဖြစ်ပါတယ်။

သူမရဲ့ ဘဝအစပိုင်းကို အစိုးရဝန်ထမ်းအဖြစ်စတင်ခဲ့တာဖြစ်ပြီး  အစိုးရဝန်ထမ်းအဖြစ် မိတ္ထီလာ စာရင်းစစ်ရုံးမှာ (၁၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အစိုးရဝန်ထမ်းဘ၀ကနေ ဂျပန်နိုင်ငံကို (၅) နှစ်နီးပါးလောက် ပညာသင်သွားရောက်ခဲ့ပါသေးတယ်။

ဂျပန်နိုင်ငံသို့ ပညာသွားရောက်သင်ကြားခဲ့ပုံနှင့်ပတ်သက်ပြီး သူမက “ကျွန်မ စာရင်းစစ်ရုံးမှာလုပ်တယ် လုပ်ရင်းနဲ့ ဂျပန်စာလေ့လာတယ်။ ပြန်လည်း သင်ကြားပေးခဲ့တယ်ပေါ့၊ အဲလိုနေရင် အရေးအခင်းပြီးတော့ စာသင်တာနဲ့ ပတ်သက်ပြီး ဟိုမေးဒီမေးတွေ ဖြစ်လာတယ်။ ကျွန်မလဲ စိတ်ရှုပ်တာနဲ့ အလုပ်ထွက်ပြီး ဂျပန်သွားလိုက်တာ” လို့ ပြောပြပါတယ်။

 မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာတော့ ဂျပန် စကားပြန်အဖြစ် ဝင်ရောက်လုပ်ခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး သူမက “ဂျပန်မှာ ကျောင်းတက်တယ်၊ ဒါပေမယ်ဈေးကြီးတော့ ပြီးအောင်မတက်နိုင်ခဲ့ဘူး၊ သူများနိုင်ငံက ကိုယ်နိုင်ငံလို မဟုတ်ဘူးလေ ဈေးတွေ အရမ်းကြီးတယ်၊ ဒါနဲ့ ပြန်လာပြီး ဒီမှာ စကားပြန်လုပ်တယ်” လို့ဆိုပါတယ်။

အခုလို ဆောင်ရွက်ရင်း ချည်ထည်ဈေးကွက်တစ်ခုကို တွေ့ရှိခဲ့ပြီး လုပ်ငန်းစတင်ဖြစ်ခဲ့ပုံကို “အဲအချိန်တုန်းက မိတ္ထီလာ တစ်ဈေးလုံးမှာ ပြည်တွင်းချည်ထည်တွေကြီးဘဲရောင်းတာ အခုတော့ မရှိတော့ဘူးပေါ့၊ သူတို့က အဲတာတွေကိုတွေ့ပြီး ကြိုက်တယ်ဆိုတော့ ကိုယ်က ဝယ်ပြီးတင်ပေးရတာပေါ့။ အဲလိုတင်ပေးတာ ဒီမှာက အဆင်ပြေသလို ထုတ်တာတွေဆိုတော့ ပြည်ပဈေးတန်းဝင်ဖို့က မလွယ်ဘူး၊ အဲတော့ ကိုယ်တိုင်တောတွေအထိ လေ့လာပြီး သင်ရတာပေါ့” လို့ ပြောြပပါတယ်။

သူမက ကိုယ်တိုင်သဘာဝချည်ဆိုးဆေးကို အသုံးပြုချင်တာ ဖြစ်တာကြောင့် ရှေ့ရိုးနည်းအတိုင်း အသုံးပြုနိုင်အောင် ကြိုးစားခဲ့သလို လူတွေရဲ့ ကြိုက်နှစ်သက်မှုရနိုင်တဲ့ အထူအပါး ဖြစ်အောင်လဲ ကြိုးစားခဲ့ရပါသေးတယ်။

“မြန်မာ့ချည်လို ပြောလိုက်ရင် ထူထူပိန်းပိန်းကြီးတွေလိုဘဲ မြင်တာ သူတို့ကလဲ ချည်တစ်ပေါက်ကို နှစ်ပင်ထည့်ပြီးယက်တော့ ထူထူကြီးတွေ ဖြစ်တာပေါ့။ ကိုယ်က အဲလိုမဖြစ်အောင် တစ်ပေါက်ထဲထိုး ဘယ်လိုလုပ်ဆိုပြီး သင်ပြရတာပေါ့” ဟု ဒေသခံတွေကို စည်ရုံးခဲ့ရပုံကိုပြောပြခဲ့ပါတယ်။

ဒီလို လုပ်ကိုင်ရင်း ၂၀၁၀ ခုနှစ်အရောက်မှာတော့ ရှားစောင်းလက်ပတ်နဲ့ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာ တစ်မျိုးကိုပါ ထုတ်လုပ်ဖို့ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ယခုလို ချည်ထည်တွေ ရောင်းအားကျနေချိန်မှာတော့ ရှားစောင်းလက်ပတ်နှင့် ပြုလုပ်ထားတဲ့ ဖြည့်စွက်စာတွေအပြင် အလှကုန်ပစ္စည်းတွေပါ ထုတ်လုပ်ရောင်းချနေတယ်လို့ ဆိုပါတယ်။

“အခုဆိုရင် အထည်ရောင်းအားက သုံးပုံတစ်ပုံလောက်ဘဲ ရှိတော့တယ်။ ကိုယ်ပစ္စည်းက လက်လုပ်ဆိုးဆေး လက်လုပ်ချည်တွေနဲ့ထုတ်ထားတာဆိုတော့ ဈေးလျှော့ပြီးလဲ မရောင်းနိုင်ဘူ။ အဲတော့ ရှာစောင်းလက်ပတ်ထုတ်ကုန်တွေ ထုတ်လိုက်တော့ ထိန်းနိုင်သွားတာပေါ့” ဟု ဈေးကွက်အတွင်းလည်ပတ်နေပုံကို ပြောပြပါတယ်။

သူမအနေနှင့် ရိုးရာချည်ထည်တွေကိုလည်း ဆက်လက်ထုတ်လုပ်မှာဖြစ်သလို သဘာဝ လူသုံးကုန်ပစ္စည်းတွေကိုလဲ ဆက်လက်ထုတ်လုပ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ပြောပြခဲ့ပါတယ်။

ထက်ထက်အောင်

#BETV_BusinessBee