အဓိကအကြောင်းအရာသို့ သွားမည်

ပြည်သူ့ရှေ့ဆောင်ပါတီက လူမှုစီးပွားဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက်သွားမည်ဟု ဒေါက်တာ သက်သက်ခိုင်ဆို

 

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုစီးပွားဖွံ့ဖြိုးရေးကို အဓိကဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ပါတီစတင်တည်ထောင်ရာမှာ ပါဝင်သူတစ်ဦီးဖြစ်တဲ့ ဒေါက်တာ သက်သက်ခိုင်က ဆိုပါတယ်။

နိုဝင်ဘာလ ၃၀ ရက်က ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ပထမအကြိမ် သတင်းစာရှင်းလင်းပွဲကို Melia Hotel မှာ ပြုလုပ်ခဲ့ပြီး သတင်းထောက်များအား ပါတီမူဝါဒနှင့် ပတ်သက်ပြီး သတင်းထောက်များအား ဖြေကြားရာတွင် ဒေါက်တာ သက်သက်ခိုင်က  ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

" တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဓိက သွားမှာဖြစ်ပါတယ်။ အဲကျတော့ ငြိမ်းချမ်းရေးကို လည်း မျက်ကွယ်ပြုတာမဟုတ်ဘူး။ ဖွံ့ဖြိုးတိုးတက်ရေး ရှိလို့ရှိရင် ငြိမ်းချမ်းရေးလည်း ရလာမယ်။ ငြိမ်းချမ်းရေးရှိမှလည်း ဖွံ့ဖြိုးတိုး တက်ခြင်း ရှိမယ်ဆိုတော့ ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အတွေ့အကြုံရင့်ကျတ်တဲ့ ပုဂ္ဂိုလ်တွေကို ပင့်ဖိတ် ပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး တပြိုင်နက်သွားမယ့် သဘောလေး ကျရောက်ပါတယ်။ ဒါပေ မယ့် လူမှုစီးပွားဖွံ့ဖြိုးရေးကတော့ ကျွန်မတို့အဖွဲ့အစည်းရဲ့ အားသာချက်  လို့ ပြောချင်ပါတယ်" လို့ သူမက ဆိုပါတယ်။

ယင်းပါတီအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ ဒီမိုကရေစီရေး၊ ဖယ်ဒရယ်ရေး၊ နိုင်ငံတော်အစိုးရ၊ တရားစီရင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ၊ တရားမျှတမှု၊ လွတ်လပ်မှု၊ သာတူညီမျှမှု၊ ကွဲပြားစုံလင်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု စသည့် စံတန်ဖိုး (၅)ရပ်အား ဦးထိပ်ထားကာ နိုင်ငံ၏ ကဏ္ဍ အမျိုးမျိုးနှင့် နယ်ပယ်အသီးသီးတွင် စစ်မှန်သော ပြောင်းလဲတိုးတက်မှုများ ရရှိစေရန်အတွက် ကွဲပြားစုံလင်သော လူထုလူတန်းစား အလွှာ ပေါင်းစုံနှင့်လက်တွဲ၍ ဖွဲ့စည်းတည်ဆောက်သွားမယ်လို့ သိရပါတယ်။

တိုင်းပြည်၏ စီးပွားနှင့် ပတ်သက်သည့် အခြေခံမူများအနေဖြင့် နိုင်ငံသားတိုင်း ပရိယေသနဝမ်းစာ ရှာဖွေပိုင်ခွင့်၊ ပုဂ္ဂလိကပိုင်ဆိုင် ခွင့်၊ ဈေးကွက်စီးပွားရေးစနစ်တွင် လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်ခွင့်နှင့် ပုဂ္ဂလိကကဏ္ဍ ဦီးဆောင်မှုဖြင့် ဈေးကွက်စီးပွားရေး မှန်ကန် မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာဖို့ နိုင်ငံတော်မှ ဦးဆောင်အကောင်အထည်ဖော်ရေး၊ ပြည်သူလူထုဘဝနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် မရှိမဖြစ် လိုအပ်သည့် လျှပ်စစ်မီး၊ ရေ၊ လမ်းနဲ့ အရည်အသွေး စံသတ်မှတ်စစ်ဆေးခြင်းဆိုင်ရာ  နည်းစနစ်များကို အထိ ရောက်ဆုံး အကောင်အထည်ဖော်နိုင်ရေးနဲ့ ရေရှည်တည်တံ့စေရေး၊ အခွန်အခများကို မျှတစွာ ကောက်ခံရေး၊ နိုင်ငံတော် ဘတ်ဂျက် သုံးစွဲရာတွင်လည်း အကျိုးရှိရှိ ထိထိရောက်ရောက်နဲ့ အလေအလွင့်မရှိစေရေး၊ လုပ်အားအခြေပြု စက်မှုစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး ရေး နဲ့ ရွှေ့ပြောင်းလုပ်ကိုင်မှုဆိုင်ရာ မူဝါဒများ ဖော်ထုတ်ရေး၊ အိမ်နီးချင်းနိုင်ငံများနဲ့ ကုန်သွယ်မှု သဘောတူညီချက် များမှ တဆင့် ပို့ကုန်မြှင့်တင်ရေး၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု အခြေခံ တည်ဆောက်ရေး၊ လုပ်ငန်းခွင် လက်တွေ့ ကျွမ်းကျင်မှု သင်တန်းများ တိုးမြှင့်ဆောင်ရွက်ပေးရေးတို့ ဖြစ်ပါတယ်လို့ ဒေါက်တာ သက်သက်ခိုင်က ဆိုပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် ယခုနိုဝင်ဘာလအတွင်းက စတင်ဖွဲ့စည်းခွင့် ရရှိထားသော ပါတီအသစ်တစ်ခုဖြစ်ပြီး လက်ရှိအချိန် တွင် ပါတီဝင် (၉၀၀)နီးပါးသာရှိသေးတယ်လို့ သိရပါတယ်။

BETVNews