အဓိကအကြောင်းအရာသို့ သွားမည်

နိုင်ငံခြားသားရာနှုန်းပြည့်နှင့် ဖက်စပ် ပါဝင်သည့် အာမခံလုပ်ငန်း (၁၁)ခုအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ပေးအပ်

 

ပြည်တွင်းအာမခံဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အာမခံလုပ်ငန်း (၅)ခုနှင့် ဖက်စပ်အာမခံလုပ်ငန်း (၆)ခုတို့အား လိုင်စင်ပေးလိုက်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၈ ရက်က နေပြည်တော်မှာ လိုင်စင်ပေးလိုက်တဲ့ အာမခံကုမ္ပဏီတွေမှာတော့  နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ အသက်အာမခံကုမ္ပဏီ (၅)ခု၊ ဖက်စပ် အသက်အာမခံကုမ္ပဏီ (၃)ခု နှင့် ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ (၃)ခုတို့ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပုဂ္ဂလိက ကဏ္ဍ ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်းကို ၂၀၁၃ ခုနှစ်မှစ ၍ ပထမအဆင့်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိကအသက်အာမခံကုမ္ပဏီ (၁၁) ခုနှင့် အထွေထွေအာမခံကုမ္ပဏီ (၈)ခုတို့ကို လုပ်ငန်းလုပ်ကိုင်ခွင်ပြုထားခဲ့ပါတယ်။

ယခုအခါ ဒုတိယအဆင့်အဖြစ် နိုင်ငံခြားအာမခံကုမ္ပဏီများကို မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက " ယခုလုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံခြားအာမခံကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည့် အာမခံအမျိုးအစားသစ်များ၊ အာမခံနည်းပညာများနှင့် နိုင်ငံတကာအာမခံ အတွေ့အကြုံများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် မကြာမီကာလများတွင် အများပြည်သူများအနေဖြင့် အာမခံအကာအကွယ်များ ပိုမို ရရှိပြီး တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါတယ်" လို့ လိုင်စင်ပေးအပ်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပါတယ်။

လိုင်စင်ရရှိခဲ့သည့် နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်ဆိုင်ထားသည့် အသက်အာမခံကုမ္ပဏီများမှာ AIA Myanmar Life Insurance ၊ Chubb Life Insurance ၊ Dai-Ichi Life Insurance Myanmar ၊ Manulife Myanmar Life Insurance တို့ဖြစ်ပါတယ်။

အလားတူ ဖက်စပ်အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ ကုမ္ပဏီများမှာ CB Life Insurance ၊ Capital Taiyo Life Insurance နှင့်  Grand Guardian Nippon Life Insurance တို့ဖြစ်ပြီး ဖက်စပ်အထွေထွေအာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို Aya Sompo Insurance ၊ Grand Guardian Tokio Marine General Insurance နှင့် KBZ MS General Insurance တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

ယင်းသို့ခွင့်ပြုလိုက်သည့် အာမခံလိုင်စင်အား လက်ခံရရှိပြီးနောက် ယင်းတို့၏ အာမခံဝန်ဆောင်မှုများကို ဝယ်ယူထားရှိ သူများ ရှိနေပြီဖြစ်ကြောင်း AIA Myanmarက သတင်းထုတ်ပြန်ထားသည်။

AIA ၏ ပထမဆုံးကျန်းမာရေးအာမခံပေါ်လစီကို လက်မှတ်ရေးထိုးခဲ့သူ Max Myanmar လုပ်ငန်းစု၏ ဥက္ကဌ ဦးဇော်ဇော်
AIA ၏ ပထမဆုံးကျန်းမာရေးအာမခံပေါ်လစီကို လက်မှတ်ရေးထိုးခဲ့သူ Max Myanmar လုပ်ငန်းစု၏ ဥက္ကဌ ဦးဇော်ဇော်  (Photo - AIA Myanmar)

 

 

AIA ၏ ပထမဆုံးကျန်းမာရေးအာမခံပေါ်လစီကို လက်မှတ်ရေးထိုးခဲ့သူများမှာ Max Myanmar လုပ်ငန်းစု၏ ဥက္ကဌ ဦးဇော်ဇော်၊ Strategy First University တည်ထောင်သူနှင့် ကျောင်းအုပ်ကြီး ဦးအောင်ချစ်ခင်၊ Associate Professor ဦးဇော်ဇော်အောင်၊ အဆိုတော် ထူးအယ်လင်းနှင့် သရုပ်ဆောင် ထူးခြား တို့ဖြစ်တယ်လို့ သိရပါတယ်။

AIA Myanmar ၏ CEO Mr . Nhon Ly (Luc)က " အခုအချိန်ကာလကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်း နယ်ပယ်အတွက် အမှန်တကယ်အရာရောက်ပြီး လေးနက်တဲ့ကာပါပဲ။ မြန်မာနိုင်ငံအနှံ့ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တဲ့အလျှောက် ပြည်သူများ ပိုမိုကျန်းမာအသက်ရှည်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝများ ပိုင်ဆိုင်စေဖို့ဆိုတဲ့ ပေးထားတဲ့ကတိကု ပုံဖော်ဆောင်ရွက်ရန် အတွက် AIA ရဲ့ နှစ်တစ်ရာရှိပြီဖြစ်တဲ့ အတွေ့အကြုံတွေနဲ့ ပြည်တွင်း အာမခံလုပ်ငန်း ဖွံ့ဖြိုးစေရန် ပါဝင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်" လို့ ပြောကြားထားပါတယ်။

BETVNews