အဓိကအကြောင်းအရာသို့ သွားမည်

မြန်မာ့ကြိမ်ဝါးလုပ်ငန်းရှင်များအသင်း ဂျာမနီနိုင်ငံတကာလူသုံးကုန်ပစ္စည်းပြပွဲ (အန်ဘီးရန်းတေး) ကို သွားမည်

 

အသင်းအနေနှင့် ဥရောပကုန်စည်ပြပွဲသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည် -

ရန်ကုန်၊ ဒီဇင်ဘာ ၃

ဂျာမနီနိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ဘဏ္ဍာရေးအချက်အချာမြို့လည်းဖြစ်တဲ့ ဖရန်းဖတ်မြို့မှာ နှစ်စဉ် ဖေဖော်ဝါရီလကို ရောက်တယ်ဆိုရင် နိုင်ငံတကာလူသုံးကုန်ပစ္စည်းပြပွဲတစ်ခုဖြစ်တဲ့ အန်ဘီးရန်းတေး (Ambiente) ကို ခင်းကျင်းပြသမြဲဖြစ်ပါတယ်။

အန်ဘီးရန်းတေးကုန်စည်ဈေးကွက်ပြပွဲကြီးကို ကမ္ဘာအနှံ့မှာ ကုန်စည်ပြပွဲတွေ ညီလာခံတွေနဲ့ အခမ်းအနား စီစဉ်သူတွေထဲက အကြီးဆုံးကုမ္ပဏီဖြစ်တဲ့ မက်ဆဲ ဖရန်းဖတ် (Messe Frankfurt) က ဦးစီးဦးဆောင်ပြီး ကျင်းပနေတာပါ။

ဖရန်းဖတ်မြို့အခြေစိုက် မက်ဆဲ ဖရန်းဖတ် (Messe Frankfurt) ကိုတော့ ၁၉၀၇ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာကြောင့် သက်တမ်း နှစ်ပေါင်း (၁၁၀) ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

ပထမဆုံးအကြိမ်

လူနေထိုင်မှုအိမ်ခန်းသုံးပစ္စည်း (Living)၊ ထမင်းစားခန်းသုံးပစ္စည်း (Dining)၊ လက်ဆောင်ပစ္စည်း (Giving) စတဲ့ကဏ္ဍ (၃) ခုအောက်မှာ နှစ်စဉ် ကျင်းပနေတဲ့ အန်းဘီးရန်းတေး နိုင်ငံတကာလူသုံးကုန်ပစ္စည်းပြပွဲကြီးဟာ နိုင်ငံပေါင်း (၉၀) ကျော်က ကုန်ပစ္စည်း ပြသသူပေါင်း (၄၅၀၀) ကျော်နဲ့ ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) ကျော်က ဝယ်လက်ပေါင်း (၁၃၆,၀၀၀) ကျော်တို့ လာရောက် စုဆုံကြတဲ့ ကုန်စည်ဈေးကွက်ကြီးတစ်ခု ဆိုရင်လည်း မမှားပါဘူး။ အခုတော့ အန်ဘီးရန်းတေးကို မြန်မာနိုင်ငံ ကြိမ်နဲ့ ဝါးလုပ်ငန်းရှင်များအသင်းက ပထမဆုံးအကြိမ် သွားရောက်ဖို့ စီစဉ်ထားပြီးပါပြီ။

အန်ဘီရန်းတေးက လုပ်လာတာလည်း ကြာပြီ၊ ပြချင်တယ်သူတွေကလည်း တန်းစီနေတာပဲ အခြားပွဲတွေလို မဟုတ်ဘူး၊ ပြီးတော့ Demand (ဝယ်လိုအား) လည်း များတယ် ကြည့်တဲ့သူတွေများတယ် ဝယ်တဲ့လုပ်ငန်း ရှင်တွေလည်း များတယ်၊ နောက်ပြီးတော့ ပြတဲ့ နိုင်ငံတွေလည်းများတယ်၊” လို့ မြန်မာနိုင်ငံကြိမ်နဲ့ ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဌဖြစ်သူ ဦးကျော်သူက BETV Business ကို ပြောပြလာပါတယ်။

 ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော Ambiente မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ- Messe Frankfurt)
 ၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော Ambiente မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ- Messe Frankfurt)

 

ကျွန်တော်တို့က တစ်ဦး ချင်းလျှောက်ရင် ရချင်ရမယ် မရချင်မရဘူး၊ မသေချာဘူး။ အဲဒိတော့ ကျွန်တော်တို့က အသင်းအနေ နဲ့ လျှောက်တော့ ရသွားတယ်။ အသင်းဖြစ်တဲ့အတွက် ဟိုဘက်ကလည်း Respect (လေးစားမှု) ရှိတယ်၊ တိုင်းပြည်ကိုလည်း ကိုယ်စားပြုတဲ့ သဘော သက်ရောက်တာကြောင့်လည်း ပါတယ်” ဆိုပြီး ဦးကျော်သူက ဆက်ပြီး ပြောပြပါတယ်။

အန်ဘီးရန်းတေးကုန်စည်ပြပွဲကို လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၇) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ (၅) ရက်တိုင် နိုင်ငံတကာက ကောင်းပေ့ ညွှန့်ပေ့ဖြစ်တဲ့ ဝယ်သူအကြိုက် ဒီဇိုင်းလက်ရာအစုံစုံကို စုစည်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဈေးကွက်ကို ရေရှည်ရချင်

မြန်မာကြိမ်ဝါးလုပ်ငန်းရှင်များအသင်းအနေနဲ့ အန်ဘီရန်းတေး ကုန်စည်ပြပွဲကို ဒီလိုမျိုးသွားရောက်ဖို့ စီစဉ်လိုက်တာဟာ ဥရောပအပါအဝင် ကမ္ဘာ့နိုင်ငံတွေကနေဆီကနေ နှစ်ရှည် ဖောက်သည်တွေရချင်လို့  သွားတာ ဖြစ်တယ်လို့ အသင်းရဲ့ ဥက္ကဌဖြစ်သူ ဦးကျော်သူက ဆိုပါတယ်။

ဒီပွဲက ထိုင်းတို့ စင်ကာပူတို့မှာလို ပစ္စည်းသွားရောင်းတဲ့ ပွဲမဟုတ်ဘူး၊ မြန်မာလူမျိုးတွေက ပါသွားတဲ့ ပစ္စည်းတွေ ကုန်ပြီး ပျော်ပြီး ပြန်လာတာ၊ အဲလိုမျိုးမဟုတ်ဘူး၊ ဒါက  B2B (Business to Business) ရောင်းတာ။ သူက ရေရှည်နှစ်နဲ့ ချီပြီးတော့ Customer တွေ ရဖို့ သွားတာ”

အန်းဘီးရန်းတေးဆိုတာ ကိုယ့်ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ပြပွဲမှာတင် တစ်ထိုင်တည်းရောင်းချရတာမျိုး မဟုတ်ပါဘူး။ ဥရောပနဲ့ နိုင်ငံတကာဝယ်လက်တွေကို ကိုယ့်ရဲ့ အကောင်းဆုံး တီထွင်ဆန်းသစ်မှုတွေကို ပြသပြီး ရေရှည်ခိုင်မာတဲ့ ပို့ကုန်ဈေးကွက်ရဖို့ အခြားသူတွေနဲ့ အပြိုင်အဆိုင် ဆွဲဆောင်ရတာဖြစ်ပါတယ်။

Ambiente ကို နှစ်စဉ်ဖေဖော်ဝါရီလတွင် ကျင်းပလေ့ရှိပြီး ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ပစ္စည်းပြပွဲဖြစ်သည်။(ဓာတ်ပုံ- Messe Frankfurt)
Ambiente ကို နှစ်စဉ်ဖေဖော်ဝါရီလတွင် ကျင်းပလေ့ရှိပြီး ကမ္ဘာ့အကြီးဆုံး လူသုံးကုန်ပစ္စည်းပြပွဲဖြစ်သည်။(ဓာတ်ပုံ- Messe Frankfurt)

 

 

အခု ပထဦးဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကြိမ်နဲ့ ဝါးလုပ်ငန်းရှင်များအသင်းရဲ့ ဦးဆောင်မှုအောက်ကနေ TK Interiors, Calamus Hill, Classic Home, Su Shwe Nadi Trading စတဲ့ ပြည်တွင်းက ကြိမ်နဲ့ဝါးအခြေပြု ပရိဘောဂပစ္စည်းတွေ၊ လက်မှုအနုပညာပစ္စည်းတွေနဲ့ ယွန်းထည်နဲ့ မာဘယ်ကျောက်အလှဆင်ပစ္စည်းများ၊ အိမ်တွင်း အထည်လိပ်ပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ (၄) ခုဟာ လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ဖရန်းဖတ်မြို့ကို သွားရောက်ပြီး ကမ္ဘာ့ဝယ်လက်တွေနဲ့ အနီးကပ် ထိစပ်နိုင်ဖို့ အပြိုင်ကြဲကြတော့မှာဖြစ်ပါတယ်။

Bella Interiors က အစချီခဲ့သော အန်ဘီရန်းတေး

ဒါပေမယ့် ဂျာမနီနိုင်ငံ ဖရန်းဖတ်မြို့က ကမ္ဘာ့အကြီးဆုံးနိုင်ငံတကာ လူသုံးကုန်ပစ္စည်းဈေးကွက်ပွဲကြီးကို  ကြိမ်နဲ့ ဝါးလုပ်ငန်းရှင်များအသင်းက အသင်းအဖွဲ့ တစ်ခုအနေနဲ့ ပထမဆုံးအကြိမ် ဦးဆောင် သွားရောက်မယ်ဆိုပေမယ့် ဒိအရင် သွားရောက် ပြသဖူးပြီး လာမယ့် ဖေဖော်ဝါရီလမှာလည်း ပဉ္စမအကြိမ် သွားရောက်ဖို့ စီစဉ်ထားတဲ့ ပြည်တွင်းကုမ္ပဏီတစ်ခုလည်း ရှိနေပါတယ်။

Ambiente သို့ မြန်မာမှ Bella Interiors က ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး နှစ်စဉ် ပြသနိုင်ခဲ့သည်။ (ဓာတ်ပုံ- Messe Frankfurt Myanmar)
Ambiente သို့ မြန်မာမှ Bella Interiors က ၂၀၁၆ ခုနှစ်က ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး နှစ်စဉ် ပြသနိုင်ခဲ့သည်။ (ဓာတ်ပုံ- Messe Frankfurt Myanmar)

 

 

သူကတော့ Bella Interiors Co.,Ltd ဖြစ်ပြီး ကြိမ်၊ ဝါး၊ ထန်းလက်ကရတဲ့ အရင်းအမြစ်တွေနဲ့ အိမ်သုံးအလှဆင်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ပြခဲ့တာ (၄) နှစ်ရှိပြီဆိုတော့ အရှိန်ရလာတယ်။ နိုင်ငံတကာက ဖောက်သည်တွေ ကိုယ့်ဆီက တကယ်ဝယ်ချင်တဲ့သူတွေ တိုးလာတယ်၊ Trend လည်း ပြောင်းတာလည်း ပါတယ်၊ ဖောက်သည်တွေကလည်း ကိုယ့်ကို ပိုပြီး Trust (ယုံကြည်) လာတယ်။ ချက်ချင်း Order Confirm (အမှာစာ အတည်ပြု) ပေးတယ်။ အဲဒိ Customer (ဖောက်သည်) တွေကလည်း လာမယ့် ၂၀၂၀ မှာ ပြန်လာပြီးတော့ နောက်ထပ် အမှာစာတွေပေးဖို့ ကြိုပြီး ချိတ်ထားတာမျိုးလည်း ရှိတယ်” လို့ Bella ရဲ့ Business Development ဌာန ဒါရိုက်တာဖြစ်သူ ဒေါ်ဆွေဇင်လဲ့က BETV Business ကို ပြောပြပါတယ်။

ဒါ့အပြင် အန်ဘီရန်းတေးပွဲမှာ မပြခင်နဲ့ လက်ရှိပြသနေတဲ့ ကာလတွေအတွင်း New Customer Increasing (ဝယ်လက်အသစ်တိုးတက်မှု) ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ မဆွေဇင်က ဖြည့်စွပ်ပြောဆိုပါတယ်။

ဝယ်လက်နိုင်ငံများအနေနဲ့ ဆွီဒင်၊ တူရကီ၊ မော်ရီရှပ် အပါအဝင် ဥရောပ၊ အာဖရိက အစရှိတဲ့ နိုင်ငံ (၅) နိုင်ငံ တိုးတက်ပါတယ်၊ တစ်ချို့ဆို နိုင်ငံတစ်ခုတည်းမှာတင် ဝယ်လက် (၂) ယောက် (၃) ယောက် ပြိုင်ပြီး ပို့ရတာတွေ ရှိတယ်”

ရင်းရမှာကို စိုးရွှံ့နေ

မြန်မာနိုင်ငံက လက်မှုပစ္စည်းလုပ်ငန်းတွေအနေနဲ့ ဥရောပလို ကုန်စည်ဈေးကွက်ပြပွဲကြီးတွေဆီကို သွားရောက်ပြသဖို့ဆိုတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုအတွက် စွန့်စားလုပ်ကိုင်ဖို့ စိုးရွှံ့တာတွေ ရှိနေတယ်လို့ အန်ဘီးရန်းတေးကို စီစဉ်သူ မက်ဆဲ ဖရန်းဖတ် (Messe Frankfurt) ရဲ့ မြန်မာပြည်ကိုယ်စားလှယ်ရုံး တာဝန်ရှိသူ ဒေါ်ခင်မီရာလေးက ပြောပါတယ်။

ဒီလိုပွဲမျိုးတွေက တစ်နှစ်တည်းနဲ့ ငါတို့တစ်ခါတည်း ရောင်းလို့ရမယ်ဆိုတာ မှန်းလို့မရဘူး”

 အန်ဘီရန်းတေးနိုင်ငံတကာ လူသုံးကုန်ပစ္စည်းပြပွဲမှာ ပါဝင်ပြသမယ်ဆိုရင် အခန်းနေရာအကျယ်အတွက် (၉) စတုရန်းမီတာကို အနည်းဆုံး ယူရိုငွေ (၃၀၀၀) ကျော်ရှိပါတယ်။

ကြိမ်ဝါးအသင်းဆို (၂၀) စတုရန်းမီတာ ယူထားတာ။ အဲဒိအတွက် ယူရိုငွေ (၇၀၀၀) ကျော်ပါတယ်။ အလှဆင်တာတွေ ဘာတွေ ပါမယ်ဆိုရင် ယူရို (၁၀၀၀၀) လောက်ရှိတယ်၊ ဒါတောင် Tax (အခွန်) မပါသေးဘူး” မခင်မီရာလေးက ဆိုပါတယ်။

ဒီလို ဝယ်လက်ကြီးတဲ့ ဈေးကွက်ပွဲတွေဟာ အခွင့်အလမ်းများစွာ ရှိပေမယ့် အကျိုးအမြတ်ထက် အရင်ဆုံး ရင်းနှီးကုန်ကျထားရမှာက ပိုများနေတဲ့ သဘောတော့ ရှိပါတယ်။

ပြည်တွင်းလက်မှုလုပ်ငန်းများအနေဖြင့် နိုင်ငံတကာဈေးကွက်များသို့ သွားရောက်ရာတွင် ငွေကြေး၊ နည်းပညာ၊ လုပ်ထုံးလုပ်နည်းအပြင် အစိုးရ၏ ပံ့ပိုးမှုများ လိုအပ်လျက်ရှိသည်။ (ဓာတ်ပုံ- BETV Business)
ပြည်တွင်းလက်မှုလုပ်ငန်းများအနေဖြင့် နိုင်ငံတကာဈေးကွက်များသို့ သွားရောက်ရာတွင် ငွေကြေး၊ နည်းပညာ၊ လုပ်ထုံးလုပ်နည်းအပြင် အစိုးရ၏ ပံ့ပိုးမှုများ လိုအပ်လျက်ရှိသည်။ (ဓာတ်ပုံ- BETV Business)

 

   

 

 ကြိမ်၊ ဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်သူကတော့ အခြားနိုင်ငံတွေအနေနဲ့ သူတို့အစိုးရက အန်ဘီးရန်းတေးလို ပွဲကြီးတွေကို လုပ်ငန်းရှင်တွေ သွားရောက်ပြသဖို့ ကုန်ကျစရိတ်ကို စိုက်ထုတ်ပေးတာတွေ ရှိတယ်လို့ ပြောပြလာပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက အစိုးရတွေဆိုရင် ကုန်ကျစရိတ် ဒေါ်လာ (၁၀၀၀၀) ကျရင် (၅၀၀၀) ပေးတယ်။ ကျွန်တော်တို့ဆီမှာ မရှိဘူး၊ အခြားနိုင်ငံတွေမှာကြတော့ စီးပွား-ကူးသန်းလို ဌာနမျိုးတွေက ပံ့ပိုးပေးတယ်”

ဒါကြောင့် အစိုးရအနေနဲ့ ပြည်ပကို တင်ပို့နိုင်စွမ်းရှိတဲ့ လက်မှုလုပ်ငန်းတွေကို အစိုးရဘက်က ရန်ပုံငွေတစ်ခုထားပြီး ပံ့ပိုးပေးနိုင်ရင်ကောင်းမယ်လို့ Bella Interiors က မဆွေဇင်လဲ့က ထောက်ပြပါတယ်။

သူမက “မြန်မာနိုင်ငံရဲ့ စီးပွားရေးက Transition Period (အကူးအပြောင်းကာလ) ဖြစ်နေတယ်။ ကျွန်မတို့ အသင်းရဲ့ လူကြီးပိုင်းတွေကလည်း တင်ပြကြတာပဲ၊ အဆင့်ဆင့်ဖြစ်နေတော့ ဒီဘက်အခြမ်းကို မလှည့် လာနိုင်သေးဘူးလို့ ကျွန်မတို့ သဘောပေါက်ထားခဲ့ပါတယ်” ဖြည့်စွပ်ပြောဆိုခဲ့ပါတယ်။

လုပ်ထုံး လုပ်နည်းအခက်အခဲများလည်း ရှိနေ

ဒါ့အပြင် ကြိမ်၊ ဝါးအစရှိသည့် သစ်မာမဟုတ်သော ပစ္စည်းများကိုလည်း သစ်တောထွက်ပစ္စည်းများအောက်တွင် ထားရှိခြင်းက ကြိမ်၊ ဝါးလုပ်ငန်းရှင်များအတွက် လုပ်ထုံး၊ လုပ်နည်းမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ သိရပါတယ်။

သစ်တောထွက်ပစ္စည်းလို့ မယူဆဘဲ ပရိဘောဂနဲ့ လက်မှုအနုပညာပစ္စည်း ခေါင်းစဉ်အောက်က ခွင့်ပြုရမယ်” လို့ ဦးကျော်သူက ပြောပါတယ်”

ဦးကျော်သူက ဆက်လက်ပြီး “ကျွန်တော်တို့မှာက ဒီဇိုင်းတီထွင်ဖို့တို့ ကုန်ပစ္စည်းအမယ်သစ်တွေ ထုတ်ဖို့တို့ ကုန်ကြမ်းကို ပြောင်းပြီးသုံးဖို့တို့ ကမ္ဘာနဲ့ ယှဉ်ပြီးတော့ ဈေးသက်သာအောင်လုပ်ဖို့တို့ ဒါမျိုးတွေက စဉ်းစားရတာ အများကြီးပဲ။ ခေတ်မှီအောင် လုပ်ဖို့ကိုလည်း စဉ်းစားရတယ်။ အဲဒိကြားထဲမှာမှ လုပ်ထုံးလုပ်နည်း ကို လိုက်လုပ်နေရတာက တစ်မျိုးဖြစ် နေတယ်”

ရေးသားသူ - BETV Business