အဓိကအကြောင်းအရာသို့ သွားမည်

ဝူဟန်ဗိုင်းရပ်စ်နဲ့ မြန်မာနိုင်ငံ

ရန်ကုန်၊ ဖေဖော်ဝါရီ

ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါဟာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက စတင်တွေ့ရှိခဲ့တာပါ။

အခုဆိုရင် နိုင်ငံပေါင်း (၂၇) နိုင်ငံကို ကူးစက်နေပြီး လူပေါင်း (၁၇၃၈၇)ဦး မှာ ကူးစက်ခံနေရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ (၃၆၁) ဦးသေဆုံးပြီး ယနေ့မှာ တရုတ်နိုင်ငံရဲ့ ပြင်ပမှာ သေဆုံးတာဆိုရင် ဖိလစ်ပိုင် နိုင်ငံမှာလည်း တစ်ဦးသေဆုံးနေတယ်လို့ သိရှိရပါတယ်။ ရောဂါဖြစ်ပွားသူအများစုဟာ တရုတ်နိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တဲ့သူတွေက အများဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာတော့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထား သလို တရုတ်နိုင်ငံ ဝူဟန်မြို့က ကျောင်းသားတွေကိုလည်း ပြန်ခေါ်ဆောင်တာမျိုးတွေ ပြုလုပ်ထားပါတယ်။

"ဝူဟန်မှာ ၁၄ ရက်အတွင်း နေခဲ့ဖူးတယ်။ နောက်ပြီးတော့လည်း အဲဒီမှာ ရောဂါလက္ခဏာရှိတဲ့သူတွေနဲ့ ထိတွေ့ ဖူးတဲ့သူတွေဆိုလို့ရှိရင် သံသယရှိတဲ့သူတွေဖြစ်သွားတယ်။ အဲလိုလူနာမျိုးတွေ တွေ့လို့ရှိရင်တော့ ဆရာမတို့ ဆေးရုံကို ပို့မှာဖြစ်ပါတယ်။ ဒီဟာက ဗိုင်းရပ်ဖြစ်တဲ့အတွက် ဗိုင်းရပ်စ်သတ်တဲ့ဆေးကတော့ မသိသေးဘူးပေါ့လေ။ ဒါပေမယ့် ရောဂါဖြစ်ရင်ဖြစ်တဲ့ လက္ခဏာပေါ်မှာလိုက်ပြီးတော့ ကုတဲ့ဆေးဝါးတွေကိုတော့ ကြိုတင်ပြီးတော့ ဖြည့်ဆည်းထားပါတယ်" လို့  ရန်ကုန်မြို့က ဝေဘာဂီအထူးကုဆေးရုံရဲ့ ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာ အေးအေးအောင်က ဆေးရုံမှာ ပြင်ဆင်ထားတာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက်ပျံ့နှံ့မှုဟာ တရုတ်နိုင်ငံပြင်ပ (၂၆)နိုင်ငံကို ရောက်ရှိခဲ့ကာ ကမ္ဘာတစ်ဝှမ်းကို ပျံ့နှံ့နေတာ ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (OHW)ဇန်နဝါရီလ ၃၀ ရက်မှာ ကျန်းမာရေးအရေးပေါ်အ‌‌ခြေအနေအဖြစ်  ထုတ် ပြန်ခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်နဲ့ စည်းကမ်းတွေနဲ့ အညီ မြန်မာနိုင်ငံ က လည်း လိုက်နာဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ " 2020 Novel Coronaviurus " ကြောင့် ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဗဟိုကော်မတီကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

Coronavirus
ရန်ကုန်မြို့အတွင်း Mask တပ်ဆင်၍ သွားလာနေသူတစ်ဦးအား တွေ့ရစဉ် 

မြန်မာနိုင်ငံမှာ ကူးစက်ခံရတာမရှိသေးပေမယ့် မန္တလေးမြို့၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ရှမ်းပြည်နယ်၊တောင် ကြီးမြို့၊ ကျိုင်းတုံမြို့နဲ့  ရန်ကုန်မြို့တို့မှာ သံသယလူနာတွေ့ရှိထားပြီး စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအဖြစ် သံသယရှိတဲ့ တရုတ်နိုင်ငံသားတစ်ဦးကိုလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကို ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်က ပို့ဆောင်ခဲ့ကာ စောင့်ကြည့် မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရောဂါတွေ့ရှိခြင်း မရှိတာကြောင့် ဆေးရုံကနေ ဆင်းခွင့်ပြု ခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာတော်သင်သွားရောက်နေတဲ့ မြန်မာကျောင်းသား (၆၃)ယောက်အနက် (၅၉) ယောက်ကို အထူးလေယာဥ်နဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

 မန္တလေးတိုင်းဒေသကြီး ချမ်းမြေ့သာစည်မြို့နယ်က ကန်တော်နဒီဆေးရုံမှာ ပို့ဆောင်ထားပြီး ရောဂါကူးစက်ထားခြင်းရှိမရှိ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ အစိုးရ တရားဝင်ထုတ်ပြန်ချက်တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေတာ မရှိသေးပဲ သံသယဖြစ်ဖွယ် လူနာတွေကိုသာ တွေ့ရှိရပြီး အားလုံးကို (၁၄)ရက်တာ စောင့်ကြည့်ထားတာ တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဟာ တရုတ်နိုင်ငံတွင်းသာမက တခြားနိုင်ငံတွေမှာပါ လျင်လျင်မြန်မြန် ကူးစက်ပျံနှံနေတဲ့အတွက် မြန်မာနိုင်ငံက ပြည်သူတွေအနေနဲလည်း စီုးရိမ်မှုတွေ ရှိနေကြတာပါ။

"ကျွန်တော်စိုးရိမ်တယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာက ရောဂါကူးတာ အရမ်မြန်တယ်လေ။ ဘာလို့လဲဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ လူတွေက ဂရုမစိုက်တာများတယ်။ နောက်ပြီးကျလို့ရှိရင် ဒီဘတ်စ်ကားစီးလို့ရှိရင်လည်း ဟိုအရင်တုန်းကဖြစ်ခဲ့တဲ့ H1N1 တုန်းကလည်း မက်တွေဘာတွေ မတပ်တဲ့သူရှိတယ်။  အဲတာကြောင့် စိုးရိမ်တယ်ခမျ လို့ မင်္ဂလာဒုံမြို့နယ်က ကိုသိန်းနိုင် ကပြောပါတယ်။

Coronavirus
ရန်ကုန်မြို့အတွင်း Mask တပ်ဆင်၍ သွားလာနေသူအချို့အား တွေ့ရစဉ် 

တချို့ကတော့ စိုးရိမ်တာထက်ကို ဖြစ်မှာကို ပိုပြီးကြောက်နေကြတာတွေလည်း ရှိပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ ကိုထွန်းထွန်းနိုင်ကတော့ "ကြားတာကတော့ ဝင်တာနဲ့ တစ်ခါတည်းသေတယ် ဘာညာ အဲလိုပြောတာ။ စိုးရိမ်မှုကတော့ အများကြီးပေါ့။ စိုးရိမ်တာထက်ကို အဲဒါ ဖြစ်မှာကို   ပိုကြောက်ရတာပေါ့” လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေကြပြီး ကမ္ဘာ့နိုင်ငံအများစုကတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်ဝင်ပေါက်တွေ ခရီးသွားလာခွင့်တွေကို ကန့်သတ်တာတွေ ပြုလုပ်လို့လာနေပါတယ်၊

မြန်မာနိုင်ငံအနေနဲ့လည်း ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ခရီးသွားဆိုက်ရောက်ဗီဇာကို ယာယီရပ်ဆိုင်းတာတွေလည်း ပြုလုပ်ထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း လေကြောင်းလိုင်းရပ်ဆိုင်းထားတာမျိုးတွေ ပြုလုပ်ထားသလို ပြင်ပခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ထားတာကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားဝင်ရောက်မှု ကဏ္ဍမှာ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်းရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးသက်လွင်တိုးက ဆိုပါတယ်။

" သိရသလောက်ကတော့ မနှစ်က ၄ သိန်းလောက် ဝင်ခဲ့တဲ့အချိန်မှာ အခု ဒီတစ်လတည်းမှာ ဘယ်လောက်ကျ မယ်ဆိုတာတော့ လဝကကတော့ စာရင်းတွေရှိပါတယ်။ ဒါပေမယ့် ခန့်မှန်းလို့တော့ရပါတယ်။ လေယာဥ်တစ်စီးကို တစ်ရာပတ်လည်လောက် ပါတဲ့လေယာဥ်က တစ်နေ့ကို လေးငါးစီးလောက်ဝင်တာလေ ရန်ကုန်နဲ့ မန္တလေးကို။ အဲဒီတော့ ရက်နဲ့ပဲတွက်လိုက်တယ်ထားဦး။ ဒါအနည်းဆုံးတော့ သောင်းဂဏန်း သိန်းဂဏန်းနဲ့တော့  သွားမယ် ထင်ပါတယ်” လို့ ဦးသက်လွင်တိုးက ပြောပြပါတယ်။

airport
ရန်ကုန်လေဆိပ်တွင် ခရီးသည်များအား စစ်ဆေးစောင့်ကြည့်မှုများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ - Yangon Aerodrome)

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဟာ လေကနေတဆင့် ကူးစက်တာဖြစ်ပြီး ရောဂါဖြစ်ပွားချိန်မှာ လက္ခဏာ ချက်ချင်းပြသခြင်းမရှိဘဲ (၅)ရက်ကနေ (၁၄) ရက်ကြာမှာ သိရှိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကို မတွေ့ရှိရသေးပဲ သံသယဖြစ်ဖွယ်လူနာတွေကို ရန်ကုန်ဝေဘာဂီဆေးရုံ၊ မန္တလေးမြို့က ကန်တော်နဒီဆေးရုံနဲ့ နေပြည်တော် ကုတင်(၅၅၀) အထူးကုဆေးရုံတွေမှာ   စောင့်ကြည့်စနစ်နဲ့ (၁၄) ရက်တာ စောင့်ကြည့်နေတာ တွေ့ရပါတယ်။

နိုင်ငံတကာဆေးသိပ္ပံပညာရှင်တွေကတော့ ဒီရောဂါဟာ အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ကူးစက်မှု မြန်ဆန်တယ်လို့ ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံမှာဆိုရင် မြန်မာ၊ အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမောနိုင်ငံတွေကလွဲရင် ကျန်တဲ့ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ထိုင်းနိုင်ငံမှာ (၁၉)ဦီး၊ စင်္ကာပူ မှာ (၁၈)ဦး ၊ဗီယက်နမ်(၆)ဦး ၊ မလေးရှား (၈)ဦး ၊ကမ္ဘောဒီးယား (၁)ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကူးစက်ခံရသူတစ်ဦးနဲ့ သေဆုံးသူ (၁)ဦး ရှိနေပါတယ်။

ရေးသားသူ - မိစုစုမာ