အဓိကအကြောင်းအရာသို့ သွားမည်

ပြည်တွင်းမှာ အ‌ခြေခံစားသောက်ကုန်တွေ လုံလောက်ရဲ့လား .....

 

ရန်ကုန်၊ မတ် ၂၀

COVID-19 ကူးစက်မှုနှုန်းက နိုင်ငံတကာမှာလည်းဆက်တိုက်ဆိုသလိုပြန့်နှံ့ကူးစက်နေပြီး တချို့နိုင်ငံတွေဆိုအိမ်တွင်း အိမ်ပြင် မထွက်ဖို့ ဆော်သြနေကြသလို စားသောက်ကုန်တွေကို အလုအယက်စုဆောင်းနေကြတာတွေလည်း ရှိခဲ့ပါ တယ်။ ဒီလိုအချက်တွေကြောင့် မြန်မာနိုင်ငံမှာ အခြေခံစားသုံးကုန်တွေကို ဝယ်ယူစုဆောင်းမှုတွေ ပြုလုပ်နေတာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ပြန့်ပွားမှုတွေ မဖြစ်သေးမယ့် အကယ်၍ဆိုသော်ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ အခြေခံစား သောက်ကုန်တွေကို ဝယ်ယူကြတာပါ။ ဒါနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရကလည်း အခြေခံကုန်စည်တွေအပေါ် စိုး ရိမ်မှု မရှိကြဖို့ ထုတ်ပြန်ခဲ့သလို UMFCCI လို လုပ်ငန်းရှင်အသင်းတွေကလည်း မစိုးရိမ်ကြဖို့ တိုက်တွန်းထားပါတယ်။

 

RICE

ဆန်လို အခြေခံကုန်စည်တွေ ပြတ်လပ်နိုင်လား

ဆန်ဈေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းဆန်စပါးတည်ငြိမ်စေရေးနဲ့ ပြည်တွင်းဆန်ဖူလုံစေရေးအတွက် ဆောင်ရွက်လျက် ရှိနေပြီး ဈေးနှုန်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးပေးနေတဲ့အတွက် စိုးရိမ်ရမယ့် အခြေအနေ မဟုတ် ပါကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးတဲ့ ဆန်နဲ့ ပြည်ပကို တင်ပို့တဲ့ ဆန်ဆိုပြီး နှစ်မျိုးရှိတာမို့ ပြည်ပတင်ပို့ရောင်းချတဲ့ ဆန်ကို ပြည်တွင်းမှာ စားသုံးမှုနည်းပါးပါတယ်။ ဘာကြောင့်ဆို အကျိုးအကြေ (၂၅) ရာခိုင်နှုန်းပါတဲ့ ဧည့်မထ၊ ငစိန် လို ဆန်များကို ပြည်ပကို တင်ပို့ရောင်းချနေတာပါ။ ပြည်တွင်းမှာ စားသုံးတဲ့ဆန်တွေက ပေါ်ဆန်းမွှေးလိုတန်းမြင့် ဆန်တွေ ဖြစ်ပြီး ဒီဆန်တွေက ပြည်တွင်းစားသုံးမူအတွက် ဖူလုံမှုရှိတယ်လို့  ဆန်လုပ်ငန်းရှင်တွေက ပြောထားပါ တယ်။

ဒီနှစ် နွေစပါးကလည်း တန်းနိမ့်ဆန်တွေထက် တန်းမြင့်ဆန်တွေ ပိုစိုက်ပျိုးထားကြသလို အထွက်နှုန်းကလည်း ကောင်းတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်က အတွင်းရေးမှူး ဦးသန်းဦးက ပြောထားပါတယ်။

ပြည်ပကို ဆန်တင်ပို့နေတဲ့ တန်းနိမ့်ဆန်တွေဟာ အထွက်နှုန်းနည်းမယ် ယူဆထားကြတာ ဖြစ်ပြီး တန်းမြင့်ဆန်တွေ ကတော့ စားသုံးမှု အတွက် ဖူလုံမှုရှိသလို လိုအပ်သလောက် ဈေးကွက်မှာ ချရောင်းပေးနိုင်တဲ့အနေအထားမှာရှိတယ် လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းဆန်စားသုံးမှုမှာ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကောက်ယူရရှိသည့် တစ်နှစ်လျှင် တန်ချိန် (၈)သန်းခန့် စား သုံးလျက်ရှိပြီး စိုက်ပျိုးထုက်လုပ် ကြိက်ခွဲပြီးဆန်မှာ တစ်နှစ်လျှင် ပျမ်းမျတန်ချိန် (၁၂) သန်းခန့် ရှိတယ်လို့  စစ်တမ်း တွေမှာ ဖော်ပြထားပါတယ်။ ပြည်ပဆန်တင်ပို့မှုမှာ တစ်နှစ်လျှင် ဆန်တန်ချိန် (၁ ဒဿ ၅) သန်း ဝန်းကျင်သာ ရှိတဲ့ အတွက် အချက်အလက်တွေအရ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။

အစိုးရထုတ်ပြန်ချက်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ထုတ်ပြန်ချက်တွေအရကော  ဒေတာအချက်အလက်တွေ အရပါ ပြည်တွင်းမှာ ဆန်နဲ့ ပတ်သက်ပြီး ဖူလုံမှုရှိနေတဲ့အနေအထား ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဆန် ဝယ်ယူမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုတဲ့အခြေအနေမှာ ရှိနေပါတယ်။

 

Oil

စားသုံးဆီနှင့် ပတ်သက်ပြီး စိုးရိမ်ရန် မလို

မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ စားသောက်ကုန်တခုမှာ အပါအဝင် ဖြစ်တဲ့ စားသုံးဆီနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်မှုတွေ မရှိကြဖို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကလည်း တိုက်တွန်းထားပါတယ်။ ပြည်တွင်းဆီ ဖူလုံ ရေးအတွက် ဆီစက်များ ပုံမှန်လည်ပတ်နိုင်ရေး၊ ကုန်ကြမ်းပစ္စည်းများ မပြတ်လပ်စေရေး ကြိုတင်သိုလှောင်ထားရှိ ရေးနဲ့ ပြည်ပမှစားသုံးဆီတင်သွင်းမှုနဲ့ ပတ်သက်ပြီးလည်း ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါ တယ်။

မြန်မာနိုင်ငံကို မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတွေကနေ စားသုံးဆီလစဉ် တန်ချိန် (၆၅၀၀၀) ခန့်  ပုံမှန်တင်သွင်း လျက်ရှိနေသလို မတ်လအတွင်းမှာလည်း တန်ချိန် (၄၁၀၀၀)အထိ တင်သွင်းခဲ့ပြီး ဖြစ်သလို တန်ချိန် (၄၀၀၀၀) ကျော် လည်း ထပ်မံ ဝင်ရောက်လာဖို့ ရှိနေပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းက အများပြည်သူစိုးရိမ်မှုတွေကြောင့် ဆီတွေ ပိုမို ဝယ်ယူနေကြတာရှိသလို အရင်က မဝယ်ဖူးတဲ့သူတွေလည်း ဝယ်ယူနေတာတွေ ရှိတယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့်တော့ တစ်ရက်ကို စားဆီတန်ချိန် (၁၀၀၀)ကနေ တန်ချိန် (၁၅၀၀)အထိသာ ရှိပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တန်ချိန် (၄၅၀၀) ကနေ (၅၀၀၀)ကြားဝယ်ယူမှုတိုးလာခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ရန် မလိုပဲ “ကြိုက်သလောက် လာဝယ် ရောင်းပေးနိုင်ဖို့ ကြိုးစားနေတယ်။ ဒီမှာ ဆီလည်း မပြတ်ပါဘူး။စူပါမားကပ်တွေမှာလည်း လိုက်ကြည့်မပြတ်ပါဘူး” လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်ကြူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာ အရန်စားဆီသိုလှောင်ဖို့လည်း ရည်ရွယ်ထားပြီး ရန်ကုန်မှာရှိတဲ့ ဆီလှောင်ကန်တွေဟာတန်ချိန် (၇၀၀၀၀)ကျော် ဆန့်တယ်လို့ အသင်းက ထုတ်ပြောထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မတ်လကနေ ဧပြီလ သင်္ကြန် မတိုင်ခင်အထိ တန်ချိန် (၈၈၀၀၀) ကျော်ရှိနေမှာ ဖြစ်သလို နောက်ထပ်စားဆီတွေ တင်သွင်းဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

စားသုံးဆီဈေးဟာ ယခင်က  တပိသာကို ကျပ်(၂၁၅၀) ရှိခဲ့ပေမယ့် အမေရိကန်ဒေါ်လာလဲလှယ်မှုနှုန်းထား  ကျဆင်း တာကြောင့် အနိမ့်ဆုံးကျပ် (၁၆၅၀)အထိရောက်ရှိခဲ့ရာကနေ လက်ရှိမှာတော့ကျပ်(၁၈၀၀)အထိရောက်ရှိလာပေမယ့် ဈေးနှုန်းတွေ မြင့်တက်သွားတဲ့ အနေအထားတော့ မဟုတ်ဘူးလို့လည်း ဆီလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဆီစားသုံးမှုဟာ တစ်နှစ်ကို ပျမ်းမျှ (၁ ဒသမ ၁)သန်းခန့်ရှိပြီး ပြည်တွင်းဆီစားသုံးမှုရဲ့ (၈၀) ရာခိုင်နှုန်း ဟာ ပြည်ပကနေ တင်သွင်းနေရတာဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှုက ပြည်တွင်းစားသုံးမှုရဲ့ (၂၀) ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ပေးနေတယ်လို့ ဆိုပါတယ်။

 

Retail

လက်လီဈေးကွက်တည်ငြိမ်စေရေး ဆောင်ရွက်နေတယ်လို့ပြော

ပြီးခဲ့ရက်ပိုင်းအတွင်း ကမ္ဘာ့ကျန်းမာရေးက COVID-19 ကို ကူးစက်မြန်ရောဂါအဖြစ် ထုတ်ပြန်ချက်ကြောင့် မြန်မာ နိုင်ငံက ပြည်သူတွေ စိုးရိမ်စိက်နဲ့ ကုန်စည်စုဆောင်းကြတာ ရှိပါတယ်။အထူးသဖြင့် ရန်ကုန်မြို့က Super Market တွေမှာ ဝယ်ယူမူတွေ များပြားခဲ့သလို ရပ်ကွက်အတွင်းက ဆိုင်တွေမှာလည်း ဝယ်ယူတာတွေ ဖြစ်ပွားခဲ့ပါတယ်။

“ဒီလိုဖြစ်တာတွေနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တွေက Action ပြန်ယူတာတွေ ရှိလာတယ်။ သတင်းထုတ်ပြန်ချက်တွေ လုပ်လာတယ်။ အဲနောက်ပိုင်းမှာတော့ ပြန်ပြီး တည်ငြိမ်လာတယ်” လို့ မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသူရိန်ငြိမ်းက ပြောပါတယ်။

လက်လီအသင်းအနေနဲ့ ရောင်းအားကောင်းသည့် ကုန်စည်များ၊ရောင်းအားမကောင်းသည့် ကုန်စည်များကို အပြန် အလှန်သတင်းဖလှယ်သည့် ပုံစံများဖြင့် လုပ်ငန်းရှင်များအကြားဆောင်ရွက်လျက်ရှိနေတယ်လို့ ဆိုပါတယ်။ အစိုးရ အနေနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ တိုက်တွန်းထားသလို ပြည်တွင်းလက်လီလုပ်ငန်းတွေမှာလည်း ကုန်စည်တွေ မပြတ်လပ်ဖို့နဲ့ ဈေးနှုန်းအတက်အကျအခြေအနေတွေကို ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

အခြေခံစားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ဆီလို ကုန်စည်တွေ အလုံအလောက်ရှိလာဖို့နဲ့ ထိုက်သင့်တဲ့ ဈေးကို ချိန်ညှိ နိုင်ဖို့ လုပ်နေတာရှိတဲ့အပြင် ပြည်ပက ထုတ်ကုန်တွေ လျော့ကျခဲ့ရင်တောင် ပြည်တွင်းမှာ စားသောက်ကုန်တွေ    ထုတ်လုပ်နိုင်ဖို့ အခွင့်အရေးအဖြစ်လည်း ရှုမြင်နေကြတယ်လို့ ပြောပါတယ်။

“ထိက်လန့်သင့်တာထက် ပိုပြီး မထိပ်လန့်ဘူးဆိုရင် ချက်ချင်း Shortage ဖြစ်စရာ မရှိဘူး” လို့လည်း ဦးသူရိန်ငြိမ်း က ပြောပါတယ်။

မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များအသင်းအနေနဲ့ နိုင်ငံတော်အစိုးရနဲ့သာမက ကုန်သည်စက်မှုအသင်းချုပ်နဲ့ အတူ အခြေခံကုန်စည်များ အလုံအလောက်ရှိနိင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေသလို အများပြည်သူနေ့စဉ် စားသုံးနေရသည့် အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့်ဆေးပစ္စည်းစတဲ့ကုန်ပစ္စည်းများကို ဈေးကွက်အ တွင်းတွင် ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းဝယ်နိုင်ရန်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

UMFCCI

ဘာတွေ စိုးရိမ်ရလဲ...

COVID-19 ရောဂါဟာ နိုင်ငံတကာမှာ ကူးစက်ပြန့်နှံနေပြီး မြန်မာနိုင်ငံမှာတော့ ကူးစက်ခြင်း မရှိသေးပေမယ့် စီးပွား ရေးအရ အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ CMP လို လုပ်ငန်းတွေမှာ တရုတ်နိုင်ငံလိုနေရာကနေ မှာယူနေရတဲ့ ကုန်ကြမ်းတွေ ပြတ်တောက်မှုရှိလာတာကြောင့် စက်ရုံတွေ (၁၃) ရုံလောက် ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် အလုပ်သမားဦးရေ (၁၅၀၀၀) လောက် အလုပ်လက်မဲ့ဖြစ်ခဲ့ရပေမယ့် တခြားစက်ရုံအသစ်တွေ ဝင်ရောက်လာမှုကြောင့် ပြန်လည်ခန့်ထားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ သို့ပေမယ့် ကမ္ဘာမှာ COVID-19 ကူးစက်မှု အချိန်ကြာမြင့်လေလေ ဒီထက်ပိုပြီး စက်ရုံတွေ ပိတ်လို့ စိုးရိမ်ရမယ့်အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ CMP လို  လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူ အလုပ်သမားဦးရေ(၅)သိန်းကျော် ရှိနေပြီး ဆက်စပ် သူတွေပါ ထည့်ပေါင်းရင်(၁ ဒသမ ၅)သန်းခန့် ရှိတယ်။ဒီလို လုပ်သားအင်းအားများပြားတဲ့ CMP လုပ်ငန်းတွေကို အစိုးရအနေနဲ့ အထောက်အပံ့တွေ အကူအညီတွေပေးဖို့ တောင်းဆိုထားကြပါတယ်။

မြန်မာနိုင်ငံကို လေကြောင်းလိုင်း၊ နယ်စပ်တွေကနေ ဝင်ရောက်လာမယ့် လမ်းကြောင်းတချို့ကို ပိတ်ထားတာ ရှိနေ တဲ့အတွက် ခရီးသွားလုပ်ငန်းအပေါ် ပိုအကျိုးသက်ရောက်မှု ရှိလာနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ တရုတ်၊ ထိုင်း၊ ကိုရီယား၊ ဂျပန်နိုင်ငံက အများဆုံးလာရောက်လေ့ရှိကြပြီး ဥရောပနိုင်ငံတွေကလည်းလာရောက်လည်ပတ်တာ များပါတယ်။ ဒီနိုင်ငံတွေမှာ COVID-19 ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတာကြောင့် ခရီးသွားခွင့်တွေကန့်သတ်နေရတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဒီအချက်တွေဟာ မြန်မာခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ်ရိုက်ခတ်မှု ရှိလာပါတယ်။ မြန်မာနိုင်ငံကလည်း တရုတ်၊ ကိုရီးယား၊ အီတလီ၊ အီရန်၊ ပြင်သစ်၊ စပိန်၊ ဂျာမဏီနဲ့ အမေရိကန်နိုင်ငံတွေက ခရီးသွားတွေ မြန်မာကို လာရင် စောင့်ကြည့်ခံရမယ့်စာရင်းထဲထည့်မယ် ဆိုတဲ့အတွက်လည်း လာရောက်တာ နည်းပါးသွားပါတယ်။

ဒီအတွက် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ ဝန်ထမ်းလစာပေးဖို့ နဲ့ ဆက်လက်ရပ်တည်ဖို့တွေအတွက် အခက်အခဲ ရှိလာတယ်လို့ ဆိုကြပါတယ်။ နိုင်ငံတကာမှာလည်း လေကြောင်းလိုင်းတွေ ပြေးဆွဲတာ ရပ်ဆိုင်းလာကြတဲ့အတွက် ကမ္ဘာ့ခရီးသွားကဏ္ဍ ကျဆင်းမှုနဲ့ အတူ မြန်မာနိုင်ငံလည်း ထိခိုက်ခံစားနေရတဲ့ အခြေအနေတခုမှာ ရှိလာပါတယ်။

ဒါကြောင့် နိုင်ငံတကာနဲ့ ဆက်စပ်နေ ချိတ်ဆက်နေတဲ့လုပ်ငန်းတွေပါ အကျိုးဆက်ကို စတင်ခံစားနေရသလို ပြည်တွင်းအသေးစားကုန်ထုက်ထုတ်လုပ်ငန်းတွေလည်း အကျိုးသက်ရောက်မှုရှိလို့ လာနေတာပါ။

ခရီးသွားလုပ်ငန်းတွေ စုစုပေါင်း (၁၁၀၀) လောက် ရှိပြီး စီးပွားရေးတွေ ထိခိုက်နေတာကြောင့် ကျပ်ဘီလီယံ (၅၀)လောက်လိုတယ် လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးနောင်းနောင်းဟန်က ဆိုပါတယ်။

ကနဦးမှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ပင်ခဲ့တာကြောင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်းရာကျော် နစ်နာဆုံးရူံးခဲ့ရသလို ပြည်တွင်း စိုက်ပျိုးကုန်တွေအနေနဲ့လည်း အကျိုးသက်ရောက်မှု  ကြီးထွားခဲ့ပါ တယ်။ သို့သော် နောက်ပိုင်းကာလတွေမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာနေတာ တွေ့ရတယ်။

အစိုးရက ဘာတွေ လုပ်ပေးနေလဲ

စီးပွားရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေ မနစ်နာစေဖို့ တက်နိုင်သမျ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်ပေါ်လာစေ ဖို့အလုပ်ရုံတွေ ဆက်လက်လည်ပတ်နိုင်ဖို့ နိုင်ငံစီးပွားရေး လည်ပတ်မှုကို အနည်းဆုံး ထိခိုက်နိုင်စေဖို့ ရည်ရွယ်ပြီး စီမံ ပေးသွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ တစ်ရပ် ဖွဲ့စည်းခဲ့သလို စီးပွားရေးအရ ထိခိုက်မှု အများဆုံး ရှိနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ဒီအတွက် နိုင်ငံတော်လည်ပတ်ရန်ပုံငွေမှ ကျပ်ဘီလီယံ (၅၀) နဲ့ လူမှုဖူလုံရေး ရန်ပုံငွေ ကျပ်ဘီလီယံ (၅၀) တို့ကို COVID-19 Fund အဖြစ် ကနဦးမတည်ငွေထားရှိမယ်လို့ ထုတ်ပြန်ခဲ့သလို ဒီရန်ပုံငွေနဲ့ မြန်မာနိုင်ငံသားများပိုင် လုပ်ငန်းတွေကို အတိုးနှုန်း (၁)ရာခိုင်နှုန်းနဲ့ တစ်နှစ်တာ ထုတ်ချေးပေးသွားမယ် လို့ ဆိုပါတယ်။

ဒါအပြင် သုံးလတစ်ကြိမ်ပေးဆောင်ရမယ့် ဝင်ငွေခွန် နဲ့ လစဉ်ပေးဆောင်ရမယ့် ကုန်သွယ်လုပ်ငန်းခွန်တွေကို  ပေး သွင်းရမယ့် ရက်တွေကို  နောက်ဆုက်ပေးသွားမယ် လို့ ဆိုထားသလို ယခင်ကောက်ခံနေတဲ့ ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်းကိုလည်း ၂၀၁၉-၂၀ ဘဏ္ဍရေးနှစ်မှာ ကင်းလွက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။

ဒီအချက်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုခဲ့ကြသလို အစိုးရအပေါ်တိုက်တွန်းဆောင်ရွက်မှုရဲ့ ရလဒ်တခု အဖြစ် ကုန်သည်စက်မှုအသင်းချုပ်ကလည်း ပြောပါတယ်။

အစိုးရအနေနဲ့ အခုလို CMP လုပ်ငန်းတွေ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ နဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို ထောက်ပံခြင်းအားဖြင့် အဆိုပါလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအပေါ် အကျိုး သက်ရောက်စေမှာ ဖြစ်ပြီး အလုပ်လက်မဲ့ မဖြစ်စေပဲ စီးပွားရေးကို ကျားကန်ပေးနိုင်ဖို့ ရည်ရွယ်ထားတာပါ။

 

Goverment

စီးပွားရေးအပေါ် ထိခိုက်မှုကို ကျားကန်နိုင်ပါမလား

COVID-19 ကြောင့် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့လည်း စီးပွားရေးအကျိုးသက်ရောက်မှုတွေရှိနေတယ် လို့ ICAEW က ပြောထားပါတယ်။ ဒီလိုစီးပွားရေး ထိခိုက်မှုဟာ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ပထမ (၆)လ မှာတော့ အကျိုးသက်ရောက်မှု ကြီးမားမှာ ဖြစ်ပြီး ဒုတိယ(၆)လအတွင်းပြန်လည် နာလန်ထူလာလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။

အာဆီယံနိုင်ငံများရဲ့ ဒေသတွင်းဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်မှာ (၄ ဒဿမ ၅) ရာခိုင်နှုန်းရှိနေရာမှ ၂၀၂၀ ခုနှစ်တွင် (၄ ဒဿမ ၂) ရာခိုင်နှုန်း သို့ ကျဆင်းသွားခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်နောက်ပိုင်း တိုးတက်မှုအနည်းဆုံး နှစ် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

ထိုအတူ မြန်မာနိုင်ငံမှာလည်း CMP လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ နဲ့ အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ထိခိုက်မှု အများဆုံး ဖြစ်နိုင်တဲ့ကဏ္ဍတွေ ဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။ ဒီအတွက် အစိုးရက အရေးပေါ် ရန်ပုံငွေ အဖြစ် ကျပ်ဘီလီယံ(၁၀၀) ထားရှိတာ တွေ့ရသလို လုပ်ငန်းရှင်တွေရဲ့ ကျေနပ်မှုတွေ ကို တွေမြင်ရပါတယ်။ ဒါကြောင့် စီးပွားရေးကဏ္ဍအပေါ် အစိုးရက အလေးပေးဆောင်ရွက်လာပြီ လို့ ဆိုကြသလို လက်ရှိအစိုးရသက်တမ်းကာလအတွင်း လုပ်ငန်းရှင်တွေ ကျေနပ်ကြတဲ့အခိုက်အတန့် ဖြစ်လို့ လာနေပါတယ်။

အတိုးသက်သာမှုတွေပေးတာ၊ အခွန်သက်သာခွင့်တွေ၊ ပေးဆောင်ရမှာနောက်ဆုတ်ပေးတာတွေရှိလာတဲ့အတွက် လုပ်ငန်းရှင်အချို့ အသက်ရှုချောင်လာတာ မှန်ပေမယ့် ပြောဆိုပြီးနောက် Action plan ကို ခပ်မြန်မြန်လုပ်ဆောင်ပေး ဖို့ တောင်းဆိုနေကြပါတယ်။

အခြေခံစားသောက်ကုန်အများစုကို ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်တဲ့အတွက် လုံလောက်နိုင်တဲ့ အနေ အထားမှာ ရှိပေမယ့် ပြည်ပက တင်သွင်းနေရတဲ့ ကုန်စည်တွေမှာတော့ ဝယ်ယူမှုအခြေအနေပေါ်မူတည်ပြီးအပြောင်း အလဲရှိသွားနိုင်တဲ့အခြေအနေရှိနေပါတယ်။

ရေတိုအစီအစဉ်အနေနဲ့ဆိုရင် မြန်မာနိုင်ငံဟာ လုံလောက်ပြီး ခံနိုင်တဲ့အနေအထားမှာရှိနေပြီး ရေရှည်ဆိုရင်တော့ အစိုးရက လက်ရှိထက် ပိုကျားကန်ပေးနိုင်ဖို့ လိုပါတယ်။ COVID-19ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက် ရောက်မှုအပေါ် ကုစားရေးကော်မတီ အနေနဲ့ ရေရှည်အစီအစဉ်တွေကိုချမှတ်နိုင်ဖို့ ပိုလိုအပ်လာတဲ့သဘောပါ။

COVID-19 ကူးစက်ပြန့်နှံ့မှုနှုန်းဟာ မူလဖြစ်ပွားရာ တရုတ်နိုင်ငံမှာ လျော့ကျလာနေပေမယ့် ဥရောပမှာ ကူးစက်မှု နှုန်းပိုမြင့်တက်လာနေပါတယ်။ ဒီအကျိုးဆက်အရ နိုင်ငံတွေဟာ သွားလာမှုတွေ ကန့်သက်တာတွေ ပြုလုပ်လာ ပါတယ်။ ဒီလိုအချက်တွေက CMP လို လုပ်ငန်းတွေအတွက် ရိုတ်ခတ်မှု ရှိလာသလို ခရီးသွားလုပ်ငန်းတွေ အပေါ်မှာ ပါ အကျိုးသက်ရောက်မှု ရှိနေပါတယ်။ ကနဦးက တရုတ်နိုင်ငံက ကုန်ကြမ်းပြတ်တောက်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတာကနေ လက်ရှိအခြေအနေမှာတော့ ဥရောပကို တင်ပို့မယ့်ဈေးကွက်ကိုပါ ထိခိုက်မှု ရှိလာနေပြီ ဖြစ်ပါတယ်။

ဒီလို တဆင့်ပြီး တဆင့် အကျိုးသက်ရောက်မှုတွေ ရှိလာတာဟာ ပို့ကုန်ကို အားပြုဖို့ ပြင်ဆင်လာတဲ့ မြန်မာအတွက် ထိုးနှတ်ချက် တခု ဖြစ်လာမှာပါ။ COVID-19 အခြေအနေက  မြန်မာအပေါ် စီးပွားရေးအကျိုးသက်ရောက်မှု ဒဏ် ပိုဖြစ်လာနေပါတယ်။ ရေရှည်အတွက် အများပြည်သူ စိုးရိမ်ကြောင့်ကြမှု မရှိစေဖို့အတွက် အစိုးရရဲ့ ထုတ်ပြန်ချက် တွေ၊ အကာအကွယ်ပေးမှုတွေဟာ လက်ရှိ အခြေအနေနဲ့ ရပ်မသွားပဲ အမြဲတစေဆော်သြပေးမှသာ လူတွေ အခြေ အနေကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံဟာ ကာလတိုတခုအနေနဲ့  စီးပွားရေးကိုကျားကန်ထားနိုင်တဲ့အခြေအနေ၊ အခြေခံစား သောက်ကုန်တွေဟာ  လုံလောက်နေတဲ့အနေအထားတခုမှာ ရှိနေတယ်လို့ ဆိုချင်ပါတယ်။

ရေးသားသူ - ဆလိုင်းထွန်းထွန်း