အဓိကအကြောင်းအရာသို့ သွားမည်

ပြည်ပတင်သွင်းရတဲ့ အသင့်စားဆန်ပြုတ်နေရာမှာ ပြည်တွင်းထုတ်ကုန်ကို အစားထိုးဖို့ ကြိုးစားနေသူ ဒေါ်ကြူကြူစန်း

ပြည်ပတင်သွင်းရတဲ့ အသင့်စားဆန်ပြုတ်နေရာမှာ ပြည်တွင်းထုတ်ကုန်ကို အစားထိုးဖို့ ကြိုးစားနေသူ ဒေါ်ကြူကြူစန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၈


ဆန်ပြုတ်စားတာ အသက်ရှည်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့အတူ မျိုးရိုးစဉ်ဆက် စားသုံးလာတဲ့ ဆန်ပြုတ် ကို ခေတ်မီနည်းစနစ်နဲ့ ပြင်ဆင်ထုပ်ပိုးပြီး အသင့်စား စားသောက်ကုန်အဖြစ် ဈေးကွက်ထဲဖြန့်ချီနေတဲ့ သူကတော့ ဒေါ်ကြူကြူစန်းပဲ ဖြစ်ပါတယ်။


ဆန်ပြုတ်ကို အသင့်စားအထုတ်တွေအဖြစ် ပြောင်းလဲထုတ်လုပ်ပြီး ဈေးကွက်ဖြန့်ချီဖို့  စီစဉ် အားထုတ်မှုက မြန်မာနိုင်ငံမှာတော့ သိပ်မလွယ်ကူလှတဲ့အိမ်မက်တခုပါ။
အစားအသောက်ချက်ပြုတ်ရမှာ လက်ရာကောင်းတယ်လို့ နာမည်ရတဲ့ မော်လမြိုင်မှာ မွေးဖွားသူလည်း ဖြစ်၊ မိဘတွေကိုယ်တိုင်ကလည်း မုန့်လုပ်ငန်းကို လုပ်ကိုင်ခဲ့တာကြောင့် ဒီစားသောက်ကုန်လုပ်ငန်းဟာ သူမအတွက် မစိမ်းလှပါဘူး။


“ငယ်ငယ်ထဲက အိမ်မှာက ကိတ်မုန့်၊ ကွတ်ကီး‌တွေ ထုတ်တဲ့လုပ်ငန်းလုပ်တယ်။ ဆယ်တန်းအောင်ပြီးတဲ့ အချိန်ထိပေါ့။ အိမ်မှာလည်း မုန့်တိုက်ဖွင့်ထားတယ်” လို့ သူမ ငယ်ဘဝအခြေအနေကို ပြောပြခဲ့ပါတယ်။


သူမတို့ မိသားစုက ထူးထူးခြားခြားဆိုသလိုပါဘဲ ဆန်ပြုတ်ကို သရေစာအဖြစ်စားသုံးလေ့ရှိပါတယ်။ ဒီလို စားသုံးနိုင်ဖို့အတွက် အလွယ်တကူချက်ပြုတ်နိုင်အောင်လဲ ကြိုတင်ပြင်ဆင်ထားလေ့ ရှိပါတယ်။


“အိမ်မှာက ဆန်ပြုတ်ကို အချိန်တိုင်းသောက်တက်ကြတယ်။ မနက်စာရော၊ အစာပြေအနေနဲ့ရောပေါ့၊ အဲတော့ အချိန်မရွေးစားနိုင်အောင် ကြက်သားကိုပေါင်းပြီး အမြဲအခြောက်ခံထားတယ်၊ အချိန်မရွေး အသင့်စားနိုင်အောင် လုပ်ထားတာပေါ့။ ပုလင်းတွေနဲ့ ထည့်ပြီးတော့ သိမ်းထားတာပေါ့” လို့ အိမ်မှာ အဆင်သင့်ပြင်ဆင်ထားပုံကို ပြောပြပါတယ်။


အိမ်ထောင်ကျပြီး ရန်ကုန်မြို့ကို ပြောင်းရွှေ့လာချိန်မှာလဲ သူမရဲ့သားသမီးများကို အမြဲကျွေးနိုင်အောင် ပြုလုပ်ထားလေ့ရှိပါတယ်။
၂၀၁၂ ခုနှစ်အရောက် မော်လမြိုင်မြို့က မိဘတွေပါ ရန်ကုန်သို့ ပြောင်းရွှေ့လာချိန်မှာတော့  မိသားစု လုပ်ငန်းအဖြစ် ဟန်နီအမျိုးသမီးဝတ်ဘော်လီဆိုင်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။


“အကုန်လုံးပြောင်းပြီး လုပ်ငန်းပါပြောင်းလာကြတဲ့အချိန်ကြတော့ ကလေးတွေထိန်းရင်းမိသားစုလုပ်ငန်း ကို ဝိုင်းကူပေးခဲ့တယ်။ အဲလိုနေရင်တတိယသမီးလေး (၃)နှစ်ကျော်လာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်မှဖြစ်မယ်။ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး စတွေးမိလာတယ်” လို့ လုပ်ငန်းစတင်ရန် စိတ်ကူးရရှိလာ ချိန်ကို ပြောပြခဲ့ပါတယ်။

 

သမီးငယ်ကို ဟိန်စားသောက်ကုန်မှ ထုတ်လုပ်သော ဆန်ပြုတ်ကျွေးနေစဉ်
သမီးငယ်ကို ဟိန်စားသောက်ကုန်မှ ထုတ်လုပ်သော ဆန်ပြုတ်ကျွေးနေစဉ်


အိမ်တွင်း စားသုံးလေ့ရှိတဲ့ မိရိုးဖလာဆန်ပြုတ်ချက်နည်းကို အသုံးချပြီး ဈေးကွက်ထုတ်ကုန်တစ်ခု အဖြစ်ဖန်တီးနိုင်တာကတော့ သူမရဲ့စွန့်ဦးတီထွင်စိတ်ပါပဲ။
လုပ်ငန်း (၃)ခုလောက်ကို ရွေးချယ်ပြီး ဈေးကွက်ပြိုင်ဆိုင်မှု နည်းပါးသေးသည့် မိမိကျွမ်းကျင်ပိုင်နိုင်ဆုံး ဖြစ်တဲ့ ဆန်ပြုတ်ကို ရွေးချယ်ထုတ်လုပ်ခဲ့တယ်လို့ သူမက ပြောပြပါတယ်။
 မြန်မာနိုင်ငံဈေးကွက်မှာကလည်း အိမ်နီးချင်းနိုင်ငံတွေက ဆန်ပြုတ်ထုတ်ကုန်တွေသာ ကျယ်ကျယ်ပြန့် ပြန့်ရှိနေတာမို့ မြန်မာပြည်တွင်းထုတ်ကုန်တခု ဖြစ်လာမယ့် ဆန်ပြုတ်ထုတ်ကုန်လုပ်ငန်းကို စတင်ခဲ့ပါ တော့တယ်။


“ဆန်ပြုတ်က မြန်မာနိုင်ငံမှာထုတ်တာ သိပ်မရှိသေးဘူး။ တစ်ခု၊ နှစ်ခုလောက်ပဲ ရှိသေးတော့ ဈေးကွက် ယှဉ်ပြိုင်ရတာ သက်သာမယ်။ ကိုယ်ကလည်း ကျွမ်းကျင်ပြီးသားဆိုတော့ သိပ်လိုက်စရာမလိုတော့ဘူး၊ အဲလိုတွေးပြီး သင်တန်းတွေတက်ပြီး လေ့လာခဲ့တယ်” လို့ လုပ်ငန်းစတင်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။


သူမအနေနှင့် ဈေးကွက်ရှာဖွေရာမှာတော့ မိမိတို့ရဲ့မိသားစု ဟန်နီ အမျိုးသမီးဝတ်ဘော်လီဆိုင်မှာ စတင် ရောင်းခဲ့ပါတယ်။
အခုရောင်းချရင်း သူမရဲ့ထုတ်ကုန်ကို လူတွေရဲ့အားပေးနှစ်သက်မှုကို ရရှိလာချိန်မှာတော့ ဈေးကွက်ကို ချဲ့ထွင်ခဲ့တာပါ။

 

ဟိန်းဆန်ပြုတ်တွင် ပါဝင်သော ပစ္စည်းများ
ဟိန်းဆန်ပြုတ်တွင် ပါဝင်သော ပစ္စည်းများ


“ဆိုင်မှာ လာဝယ်တဲ့သူတွေကို လက်ဆောင်ပေးတယ်၊ ကျွေးတယ်ပေါ့။အဲမှာလူတွေကလုပ်ရောင်းပါလား ဆိုပြီး ပြောလာတဲ့အချိန်မှာစရောင်းဖို့ ပွဲတွေမှာပြတယ်။ စူပါမားကတ်ကြီးတွေမှာတင်တယ်ပေါ့" လို့ သူမက ဆိုပါတယ်။


လက်ရှိအချိန်မှာတော့ သူမရဲ့ ထုတ်ကုန်ကို  ရန်ကုန်တစ်မြို့လုံးရှိ ဆိုင်တိုင်းတွင် အလွယ်တကူရရှိနိုင် အောင် ကြိုးစားနေပြီး ကြက်သားဆန်ပြုတ်အပြင် ငါးဆန်ပြုတ်နဲ့ တခြားအသားဆန်ပြုတ်များပါ ထုတ် လုပ်နိုင်အောင် စီစဉ်နေပါတယ်။


မြန်မာပြည်သူတွေဟာ ပြည်တွင်းထုတ်ကုန်ကို ယုံကြည်မှုအားနည်းတာကို တွေ့ရှိပေမယ့် မြန်မာ့ထုတ် ကုန်တွေရဲ့ အရည်အသွေးကောင်းမွန်တာကို သက်သေပြပြီး ကျော်ဖြတ်သွားဖို့ ရှိတယ်လို့လည်း ဒေါ်စန်း စန်းကြူက ဆိုထားပါတယ်။


နောက်တဆင့်အဖြစ် ကြက်သားဆန်ပြုတ်ကို ကြိုချက်စရာမလိုပဲ အသင့်စားသုံးနိုင်တဲ့အထိ နည်းပညာနဲ့ အဆင်မြင့်သွားမယ်လို့ ဆိုထားပါတယ်။
မြန်မာဆန်ပြုတ်ဟာလည်း အရည်အသွေး၊ အရသာနဲ့စံချိန်စံညွှန်းအရကော အကောင်းဆုံး Made in Myanmar ထုတ်ကုန် ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ပြောပြခဲ့ပါတယ်။


ရေးသားသူ - ထက်ထက်အောင်
BETV Business, Business Bee, Haine food Product