အဓိကအကြောင်းအရာသို့ သွားမည်

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍက ရင်းနှီးမြှုပ်နှံသူများအပေါ် ဆွဲဆောင်နိုင်စွမ်းရှိသည့် ကဏ္ဍများဖြစ်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ပြော

Category

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍက ရင်းနှီးမြှုပ်နှံသူများအပေါ် ဆွဲဆောင်နိုင်စွမ်းရှိသည့် ကဏ္ဍများဖြစ်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ပြော ++++++++++++++++++

 

မြန်မာနိုင်ငံရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတို့ဟာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူအပေါ် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ ကဏ္ဍတွေ ဖြစ်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ဇန်နဝါရီလ (၂၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုအသင်း(MOGSS)ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ Video Massage ပေးပို့အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး MOGSS အနေနဲ့ အနာဂတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို လိုက်လျောညီထွေမှုရှိအောင် ပြင်ဆင်ဆောင်ရွက်ထားဖို့ လိုအပ်တယ်လို့ အသိပေးပြောကြားခဲ့ပါတယ်။

 

လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ ကုန်းတွင်းနဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ တွင်းသစ်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က အကျိုးတူပူးပေါင်း ဆောင်ရွက်နေတဲ့ A-6, A-3,M-9, နဲ့ M-9 ကမ်းလွန်စီမံကိန်းတွေဟာ ရေနံဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိနေတယ်လို့ ဝန်ကြီးဦးဝင်းခိုင်က ဆိုပါတယ်။နောင်မှာလည်း ကုန်းတွင်းနဲ့ ကမ်းလွန်ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းသစ်တွေ အကောင်အထည်ပေါ်လာမှာဖြစ်တာကြောင့် လုပ်ငန်းအခွင့်အလမ်းတွေ ပိုမိုပွင့်လင်းလာမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အနာဂတ်ကာလမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းဟာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့ အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပြီး နည်းပညာသစ်တွေရဲ့ ပြိုင်ဆိုင်မှု၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေကိုလည်း ကြုံတွေ့လာရမှာ ဖြစ်တယ်လို့ လုပ်ငန်းရှင်တွေကို သတိပေ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ တစ်နိုင်ငံလုံးရဲ့ အိမ်ထောင်စု ၅၈ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားနိုင်ပြီး ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံးရဲ့ (၅၅) ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်တွင် (၇၅) ရာခိုင်နှုန်းနဲ့ ၂၀၃၀ တွင် (၁၀၀)ရာခိုင်နှုန်း နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးက ဝန်ကြီးဌာနရဲ့ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေနဲ့ စက်တပ်ဆင်အင်အား ၈၁၁၈ မဂ္ဂါဝပ်အထိရှိပြီး ရေအားက (၄၀) ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင်က (၁၄) ရာခိုင်နှုန်း၊ ပြည်တွင်းထုတ် သဘာဝဓာတ်ငွေ့က (၃၄) ရာခိုင်နှုန်းနဲ့ LNG က (၁၁) ရာခိုင်နှုန်းခန့် ပါဝင်နေတာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုက (၅၄) ရာခိုင်နှုန်းနဲ့ သန့်ရှင်းတဲ့ စွမ်းအင်အသုံးပြုမှုက (၄၅) ရာခိုင်နှုန်းခန့်ရှိတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

 

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

သတင်းထောက် - ရဲထွဋ်လင်း

ဆက်စပ် အကြောင်းအရာများ (Tags)