အဓိကအကြောင်းအရာသို့ သွားမည်

ဒေါ်လာ (၁ ဒသမ ၃) ဘီလီယံအသုံးပြုမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ကနဦးလုပ်ငန်းများအဖြစ် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက လမ်းမနှင့် ဆိပ်ကမ်းနှစ်ခုကို ဆက်သွယ်မည့် ပေါင်းကူးတံတားတစ်စင်း စတင်တည်ဆောက်မည်

ဒေါ်လာ (၁ ဒသမ ၃) ဘီလီယံအသုံးပြုမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း၏ ကနဦးလုပ်ငန်းများအဖြစ် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုက လမ်းမနှင့် ဆိပ်ကမ်းနှစ်ခုကို ဆက်သွယ်မည့် ပေါင်းကူးတံတားတစ်စင်း စတင်တည်ဆောက်မည်++++++++++++++++++++++++

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဆက်သွယ်မယ့် (၁၅) ကီလိုမီတာအရှည်ရှိတဲ့ လမ်းမနဲ့ ရမ်းဗြဲကျွန်းဆိပ်ကမ်းနဲ့ မဒေးကျွန်းဆိပ်ကမ်းတို့ကို ဆက်သွယ်မယ့် ပေါင်းကူးတံတားတစ်စင်းကို စတင်ဆောက်လုပ်သွားမယ်လို့ တရုတ်အစိုးရလက်အောက်ခံ CITIC ကုမ္ပဏီအုပ်စုက ကြေညာထားပါတယ်။

 

ထိုစီမံကိန်းတွေကို ဆောင်ရွက်ဖို့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနဲ့ စီမံကိန်းဆောင်ရွက်ခွင့်ရှိတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီတို့က လုပ်ငန်းဆောင်ရွက်မှုသဘောတူစာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်း(စီမံကိန်း) တည်ဆောက်ဖို့ ပုံဖော်မှု၊ ဒီဇိုင်း၊ တည်ဆောက်မှု၊ ငွေကြေးထည့်ဝင်မှု၊ လုပ်ငန်းလည်ပတ်မှု၊ ထိန်းသိမ်းမှုနဲ့ လွှဲပြောင်းမှုဆိုင်ရာတို့ကို အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ CITIC ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 

CITIC ကုမ္ပဏီအုပ်စုအနေနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းကုမ္ပဏီရဲ့ ဦးဆောင်အစုရှယ်ယာရှင်ဖြစ်တာကြောင့် အဆိုပါကုမ္ပဏီကိုယ်စား စီမံကိန်းတွေကို ဆောင်ရွက်သွားဖို့ ခွင့်ပြုချက်ရရှိပြီးဖြစ်တယ်လို့ ကြေညာထားပါတယ်။

 

အဆိုပါစီမံကိန်းလုပ်ငန်းများအတွက် CITIC ကုမ္ပဏီအုပ်စုက ပတ်ဝန်းကျင်သက်ရောက်မှုအကဲဖြတ်ခြင်း(EIA)လုပ်ငန်းစဉ်ဆိုင်ရာ နယ်ပယ်အတိုင်းအတာသတ်မှတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အစီရင်ခံစာပြုစုခြင်း စတာတွေ ဆောင်ရွက်ဖို့ စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို ဖိတ်ခေါ်ထားပြီး ဖေဖော်ဝါရီလ (၈)ရက်နေ့ထက် နောက်မကျပဲ လျှောက်ထားကျဖို့ အသိပေးထားပါတယ်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို မူဘောင်သဘောတူညီချက်စာချုပ်ကို CITIC ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့အကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှာ ချုပ်ဆိုခဲ့ကြပါတယ်။ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက်အရ အဆင့် (၄) ဆင့်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမအဆင့်အဖြစ် သင်္ဘောကျောက်ချရပ်နားစခန်း၊ ဆိပ်ခံတံတား (၂)ခုကို တည်ဆောက်ဖို့ လျာထားတယ်လို့ သိရပါတယ်။

 

အဆိုပါရေနက်ဆိပ်ကမ်းစီမံကိန်းကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၃) ဘီလီယံနဲ့ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး အစုရှယ်ယာပိုင်ဆိုင်မှုအဖြစ် CITIC ကုမ္ပဏီက အစုရှယ်ယာ (၇၀) ရာခိုင်နှုန်းနဲ့ မြန်မာအစိုးရက (၃၀) ရာခိုင်နှုန်းပိုင်ဆိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာဘက်က ပိုင်ဆိုင်တဲ့ ရှယ်ယာထဲက (၁၅) ရာခိုင်နှုန်းကိုတော့ စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ပေးတဲ့ ကုမ္ပဏီက အဆိုပါရှယ်ယာဝေစုကို ပိုင်ဆိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဆန်းပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းဆိုင်ရာ အစုရှယ်ယာတွေနဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ရှီတို့ လက်မှတ်ရေးထိုးခဲ့ကြပြီး တရုတ်နိုင်ငံက ဆောင်ရွက်နေတဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (OBOR) စီမံကိန်းရဲ့ အဓိကကျတဲ့ စီမံကိန်းဖြစ်ပြီး အဆိုပါ အထူးစီးပွားရေးဇုန်အတွင်းမှာ ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နဲ့ အိမ်ရာစီမံကိန်း တို့ ပါဝင်တယ်လို့ သိရပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုရန်)

သတင်းထောက် - ရဲထွဋ်လင်း

ဆက်စပ် အကြောင်းအရာများ (Tags)