အဓိကအကြောင်းအရာသို့ သွားမည်

ငွေကြေးဖောင်းပွမှုပေါ် မူတည်ပြီး အတိုးနှုန်းပြောင်းလဲမှုတွေ လုပ်သွားမယ်လို့ ဗဟိုဘဏ်ဒုဥက္ကဌပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

အတန်အသင့် မြင့်မားတဲ့ ငွေကြေးဖောင်းပွမှုအခြေအနေပေါ် မူတည်ပြီး အတိုးနှုန်းပြောင်းလဲမှုတွေကို ပြုလုပ်သွားမယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့မှာ ၂၀၁၈ ခုနှစ်၊ ဧပြီမှ စက်တင်ဘာအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်အစီရင်ခံစာနဲ့ ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့အပေါ် ရှင်းလင်းဆွေးနွေးရာတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ချေးငွေကုန်ကျစရိတ်ကို လျော့ချခြင်းဖြင့် ကုန်ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ စီးပွားရေးလုပ်ငန်းများ လည်ပတ်မှု ပိုမိုအားကောင်းလာစေနိုင်ရန်နဲ့ ပြည်တွင်းဝယ်လိုအား ပိုမိုအားကောင်းလာစေရန် စဉ်းစားပြီးတော့ တစ်ခြားတစ်ဖက်မှာ လက်တလော အတန်အသင့် မြင့်မားတဲ့ ငွေကြေး ဖောင်းပွမှုအပေါ် ထည့်သွင်းစဉ်းစားပြီးတော့ သင့်လျော်တဲ့အချိန်မှာ အတိုးနှုန်းပြုပြင်မှုကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဗဟိုဘဏ်ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အတိုးနှုန်း (၁၀)ရာခိုင်နှုန်း သတ်မှတ်ထားပြီး အပ်ငွေအပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်ကို (၈)ရာခိုင်နှုန်း၊ အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း တစ်နှစ်ကို (၁၃)ရာခိုင်နှုန်း၊ အာမခံမဲ့ ချေးငွေပေါ် အများဆုံး အတိုးနှုန်း တစ်နှစ်လျင် (၁၈) ရာခိုင်နှုန်း သတ်မှတ်ထားပါတယ်။

A

အတိုးနှုန်းလျှော့ချဖို့ ဘဏ်လုပ်ငန်းကဏ္ဍရဲ့ ငွေကြေးအရင်းအနှီး ပမာဏအလိုက်၊ ကဏ္ဍအလိုက် ဦးစားပေးချေးငွေ ထုတ်ချေးမှု အပေါ် သုံးသပ်ရာမှာ ရင့်ကျက်မှုကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်လို့ ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောကြားထားပါတယ်။

“အတိုးနှုန်းလျှော့ချခြင်းဖြင့် ချေးငွေကုန်ကျစရိတ် လျော့ကျပြီး ရင်းနှီးမြှုပ်နှံငွေများစွာ ပါဝင်ဆောင်ရွက်လာနိုင်မယ်လို့ မျှော်လင့်ကြပါတယ်” လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ အကြံပြုချက်တွေထဲမှာလည်း ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့ ဇိမ်ခံပစ္စည်းများ တင်သွင်းမှုကို ထိန်းသိမ်းဖို့၊  ပို့ကုန်က ရငွေအပေါ် သွင်းကုန် ခွင့်ပြုတဲ့စနစ်၊ သွင်းကုန်ကောက်ခံတဲ့ အခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းများ ပြုလုပ်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေ စီးထွက်မှုကို ထိန်းသိမ်းနိုင်မှာဖြစ်လို့ ငွေကြေးဖောင်းပွမှုကို အထိုက်အလျောက် ထိန်းသိမ်းနိုင်မယ်လို့ ပါရှိပါတယ်။

၂၀၁၈ ခုနှစ် စက်တင်ဘာအတွင်း နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းက (၈ ဒသမ ၅၉) ရာခိုင်နှုန်းနဲ့ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းက (၅ ဒသမ ၉၄) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း၊ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၄ ဒသမ ၆၆) ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၂၀၁၂ ခုနှစ် ဈေးနှုန်းများကို အခြေခံပြီး တွက်ချက်တဲ့ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (၅ ဒသမ ၁၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းက (၁ ဒသမ ၂၈) ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ဒုတိယဥက္ကဌ ဦးစိုးမင်းက ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်စေခဲ့တာက လောင်စာဆီ၊ စက်သုံးဆီဈေးနှုန်းမြင့်တက်ခြင်း၊ ရေကြီးရေလျှံသဘာဝဘေး အန္တာရာယ်ကြောင့် ကုန်စည်စီးဆင်းမှုခက်ခဲခဲ့ပြီး ဈေးနှုန်းများ မြင့်တက်လာခြင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုးကျဆင်းခဲ့ခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ရေးသားသူ - Mg R’ NoE