အဓိကအကြောင်းအရာသို့ သွားမည်

မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၅၆.၅ သန်း ချေးပေးရန် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခွင့်ပြု

- အဆိုပါချေးငွေသည် မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရာတွင် ဖြေရှင်းရန်နှင့် စီးပွားရေးသက်ရောက်မှုများကို ကုစားရန် အထောက်အပံ့ဖြစ်သည်။

- ချေးငွေသည် G -20 နှင့် ပါရစ်ကလပ် (the Paris Club) တို့မှ ထောက်ပံ့သော ကြွေးမှုဖြေလျှော့မှုအစီအစဉ်အား ထပ်မံ၍ အရှိန်မြှင့်စေလိမ့်မည် ဖြစ်သည်။

ဝါရှင်တန်၊ ဇွန် (၂၆)

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အမှုဆောင်ဘုတ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါအား တိုက်ဖျက်ရာ၌ ဖြေရှင်းရန် အရေးပေါ် ငွေကြေးကူညီမှုအစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၃၅၆.၅ သန်းအား ချေးပေးရန် သဘောတူညီလိုက်သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားစွာ ထိခိုက်မှုများဖြစ်ပေါ်နေပြီး ကမ္ဘာလုံးဆိုင်ရာ စိုးရွှံ့ထိတ်လန့်မှုများက ပို့ကုန် ကျဆင်းခြင်း၊ ငွေလွှဲခြင်းနှင့် ခရီးသွားလုပ်ငန်းများအပေါ် သက်ရောက်မှုများ ရှိနေသည်။

သတ်မှတ်ထားသည့် နေရာများ၌ အသွားအလာကန့်သတ်ထားမှုများကလည်း ပြည်တွင်း စီးပွားရေးဆောင်ရွက်မှုတို့ကို ကန့်သတ်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု IMF က ဆိုသည်။

ADV

ထို့ကြောင့် IMF အဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ အရေးပေါ် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ယခုကဲ့သို့ ထောက်ပံ့မှုတစ်ရပ် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရုံးစိုက်ရာ ဝါရှင်တန်မြို့မှ ဇွန်လ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာသို့ ထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၅၆ ဒသမ ၅ သန်းသည် IMF ၏ လျင်မြန်သော ချေးငွေ (အကြွေး) ချထားပေးရေးအစီအစဉ် (The Rapid Credit Facility) နှင့် လျင်မြန်သော ဘဏ္ဍာရေးထောက်ပံ့ရေး အစီအစဉ် (The Rapid Financing Instrument) မှ ပေးအပ်ခြင်းဖြစ်သည်။

၎င်းထောက်ပံ့မှုသည် မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးသက်ရောက်မှုများအား ပြန်လည် ကုစားရေးအစီအစဉ်-CERP ကို အားပေးကူညီလိမ့်မည်ဟု IMF ထံမှ သိရှိရသည်။

၎င်းအပြင် IMF ၏ မြန်မာအပေါ် အရေးပေါ် ထောက်ပံ့မှုသည် G-20 နှင့် ပါရစ်ကလပ် (the Paris Club) တို့မှ  ပံ့ပိုးသော ကြွေးမှုဖြေလျှော့မှုအစီအစဉ်အား ထပ်မံ၍ အရှိန်မြှင့်စေလိမ့်မည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)အနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအား အနီးကပ် စောင့်ကြည့်နေပြီး လိုအပ်ပါက အကြံဉာဏ်များ ပေးသွားရန် အဆင်သင့်ရှိနေသည်ဟု ပြောသည်။
မြန်မာအစိုးရအနေဖြင့် IMF ၏ (RCF နှင့် RFI) အစီအစဉ်အောက်မှ ၁၀၀ ရာခိုင်နှုန်း ကိုတာ (Quota) အရေးတကြီး ရယူလိုမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကို ချေးယူရန် စိတ်ဝင်စားခဲ့သည်။