အဓိကအကြောင်းအရာသို့ သွားမည်

မြိတ်မြို့တွင် ထင်းအစားထိုးလောင်စာအဖြစ် ဂတ်စ်သုံးစွဲမှု သိသိသာသာမြင့်တက်

မြိတ်၊ ဇွန် ၁၇

မြိတ်မြို့မှာ ထင်းလောင်စာ အစား ဂက်(စ်) မီးဖိုတွေကို အရင်က ထက် အခု နောက်ပိုင်းမှာ သုံးစွဲသူတွေ ပိုများလာ နေတယ်လို့ မြိတ်မြို့က ဂက်(စ်)မီးဖို အရောင်းဆိုင်တွေက ပြောပါတယ်။

အရင်က မြိတ်မြို့မှာ ဒီရေတော ထင်းလောင်စာမီးသွေးတွေကို အများဆုံး အသုံးပြုခဲ့တာဖြစ်ပြီး၊ လက်ရှိမှာ အစိုးရက ဒီရေတောတွေ ပြုန်းတီးမှုများပြားလာတာကြောင့် သုံးစွဲခွင့်ကို ကန့်သတ်လိုက်ရာကနေ အခုလို ဂက်(စ်) မီးဖိုတွေကို အသုံးပြုမှု များလာတာလည်း ဖြစ်ပါတယ်။

အရုဏ်ဦး ဂက်(စ်)မီးဖိုအရောင်းဆိုင်မှ ကိုဝင်းမင်းသိန်းက "အဓိက မြိတ်မှာသုံးတဲ့ ဂတ်(စ်)က ယိုးဒယား Gas တွေ များတယ်။ မြန်မာပြည်က ထွက်တဲ့ ဂတ်(စ်)က အနံ့ရှိလို့ မသုံးရဲဘူး။ အရင်တုန်းက ဂတ်(စ်)သုံးတာ နည်းတာပေါ့။ ထင်းတို့ မီးသွေးတို့ အသုံးများတယ်။ လူတွေက မသုံးရဲတာလည်းပါတယ်။ ထပေါက်မှာတို့ အန္တရာယ်ရှိမှာကြောက်တယ်။ အတက်နိုင်ဆုံးတော့ အန္တရာယ်ကင်းအောင် သုံးစွဲနည်းတွေတော့ သင်ပေးလိုက်တယ်။ နောက်ပိုင်း တဖြေးဖြေးနဲ့ လူသုံးပိုများလာတာပေါ့။ အရင်တုန်းက ရာခိုင်နှုန်းက (၂၀)လာက်ပဲရှိတယ်။ အခုတော့ (၅၀) လောက်ဖြစ်လာပြီ။ သုံးရတာ မီးအားကလည်း ပိုများတယ်။ ထင်းလိုမျိုး အပူချိန်စောင့်နေစရာမလိုဘူး။ ကိုယ်လိုချင်သလို လုပ်လို့ရတဲ့အတွက် လူပိုကြိုက်လာတာပေါ့နော်" ဟု ဆိုပါတယ်။

ဂက်(စ်)အရည်အရောင်း/အဝယ်ဈေးကွက်မှာ ထိုင်းနိုင်ငံက တိုက်ရိုက်တင်သွင်းရောင်းချနေတာ ဖြစ်ပြီး၊ ဂက်(စ်)မီးဖိုဘူး အရွယ်အစားအလိုက် ဈေးကွက်ထဲမှာ (၁)သောင်းကျော်ကနေ (၂)သိန်းကျော် နီးပါးအထိ ရှိတယ်လို့ သိရပါတယ်။

ADV

ထင်းအစားထိုး ဂတ်စ်သုံးစွဲမှုနှင့်ပတ်သက်ပြီး  တင့်လွင်နှင့်သားများ ဂက်(စ်)မီးဖိုအရောင်းဆိုင်မှ ကိုချစ်လွင်စိုး " ထင်းသုံးစွဲတာကြတော့ အခုလိုမျိုး အလုပ်တခုလုပ်မယ်ဆိုရင် မီးမွေးရမယ်။ အချိန်ပေးရမယ်။ ထင်းက တစ်သောင်းသုံးမယ်ဆိုရင် ဂတ်စ်က တစ်သောင်းသုံးထောင်လောက်ကုန်မယ်။ ဒါပေမယ့် အချိန်ကုန်သက်သာတာပေါ့။ ထင်းကတော့ တခုခုတည်ချင်ရင် မီးအရင်မွေးရမယ်။ ဂတ်စ်ကတော့ အဲ့ဒီလို မဟုတ်ဘူး။ တခါတည်းဖွင့်လိုက်တာနဲ့ မီးတခါတည်း တန်းရတာပေါ့။ အဲဒီမှာ ကွာသွားတာပေါ့။ အချိန်မကုန်တော့ဘူးပေါ့။ လုပ်ငန်းပိုင်းတွေမှာ တွင်ကျယ်သွားတယ်" လို့ ဆိုပါတယ်။

Covid-19 ကူးစက်ရောဂါကာလမှာ လူသုံးကုန်ပစ္စည်းတချို့ အရောင်း/အဝယ် ရပ်တန့်ခဲ့ပေမယ့် ဂက်(စ်) မီးဖို အရောင်း/အဝယ် ဈေးကွက်မှာတော့ ထိခိုက်မှုမရှိတဲ့အပြင် ပုံမှန်အတိုင်း ရောင်းချနေရကာ အရောင်းဆိုင် အရေအတွက်လည်း (၃)ဆလောက်ထိ တိုးလာတယ်လို့ ဂက်(စ်) မီးဖိုလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြည့်၀ ဂတ်(စ်)မီးဖိုအရောင်းဆိုင်မှ မနှင်းဝေစိုး " တနေ့ထက်တနေ့ ဂတ်စ်အရောင်းအဝယ်တွေ ပိုပြီးတော့ များပြားလာပါတယ်။ သုံးစွဲတာလည်း ပိုမိုများပြားလာပါတယ်။ COVID ကာလမှာ ဂတ်စ်အရောင်းအဝယ်နဲ့ ပတ်သက်ပြီး ထိခိုက်တာလည်း မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေက အိမ်မှာလည်းပဲ ချက်စားနေတဲ့ အတွက်ကြောင့် ရောင်းအားလည်းပဲ မကျသွားပါဘူး" လို့ ဆိုပါတယ်။

လက်ရှိမှာ ထင်းလောင်စာများကို ဝယ်ယူရခက်ခဲတဲ့အပြင် ဂက်(စ်) မီးဖိုတွေကို ပြည်သူတွေ ပြောင်းလွှဲအသုံးပြုတတ်စေဖို့အတွက် ဂက်(စ်)ရောင်းချတဲ့ ဆိုင်အများစုက သုံးစွဲမှုနည်းပညာပိုင်းနဲ့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုတွေ ပေးလာတာကြောင့် အခုလို သုံးစွဲသူတွေ များလာတာရဲ့ အကြောင်းအရင်းတစ်ချက်အနေနဲ့ ပါဝင်နေတယ်လို့ သိရပါတယ်။