အဓိကအကြောင်းအရာသို့ သွားမည်

မြိတ်ဒေသထွက် ဇီဝစိုးငှက်သိုက်ပေါင်း ကုန်ချောအဖြစ် ထုတ်လုပ်ရန် နည်းပညာပိုင်းအကူအညီ လိုအပ်နေ

မြိတ်၊ ဇွန် ၁၉

မြိတ်ဒေသမှာ အိမ်တွင်းတစ်ပိုင်တစ်နိုင် ထုတ်လုပ်နေတဲ့ ဇီဝစိုးငှက်သိုက်ပေါင်းကို ကုန်ချောအဖြစ် ပြောင်းလဲပြီး  ပြည်တွင်း၊ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် နည်းပညာပိုင်း  လိုအပ်အကူအညီလိုအပ်နေတယ်လို့ သဘာဝငှက်သိုက်ထုတ်လုပ်သူများထံက သိရသည်။

မြန်မာနိုင်ငံမှာ တနင်္သာရီတိုင်းအတွင်းသာ အများဆုံးထွက်ရှိနေတဲ့ သဘာ၀ဇီဝစိုးငှက်သိုက်က မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တို့က မြို့နယ်တို့မှာပဲ ထွက်ရှိနေတာ ဖြစ်ပါတယ်။

မြိတ်မြို့နယ်၊ ထားဝယ်စုရပ်ကွက် My Birds Net ငှက်သိုက်ရောင်းဝယ်သူ ဦးဟန်မင်းစိုးက “ဒီ တစ်ပိုင်တစ်နိုင် ထုပ်လုပ်နေတဲ့ သဘာ၀ငှက်သိုက်ပေါင်းဘူးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ အစိုးရဆီမှာ နည်းပညာပိုင်းကို အကူအညီ တောင်းခံဖို့ စီစဉ်နေပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ သဘာဝအတိုင်း ထုတ်လုပ်နေတဲ့ ငှက်သိုက်ပေါင်းရည်ကို ယခုနှစ်အတွင်း မြိတ်မြို့မှာ ဒေသခံစားသုံးသူတွေအတွက် ရည်ရွယ်ပြီး အများဆုံး ထုတ်လုပ်ရောင်းချလာနေတယ်လို့ သိရပါတယ်။

“မြိတ်မှာက ငှက်သိုက် ကုန်ကြမ်းတွေက အများကြီး ထွက်ရှိနေပါတယ်။ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူတွေလည်း များလာတယ်။ ကုန်ကြမ်းမှ ကုန်ချောအဆင့်အထိ ပြောင်းလဲထုတ်လုပ်လိုက်မယ်ဆိုရင် ပြည်ပက တင်သွင်းနေရတဲ့ ငှက်သိုက်ဘူးတွေကို ဈေးကွက်ထိုးဖောက်နိုင်မှာဖြစ်တယ်”လို့ ဦးဟန်မင်းစိုးက ထပ်လောင်း ရှင်းပြပါတယ်။

Bird Nest

လက်ရှိမှာ ငှက်သိုက်ဘူးတွေကို ရေစိမ်၊ အပေါင်းခံ၊ လက်ဖြင့် အမွေးနှုတ်သန့်စင်ပြီး ထုတ်လုပ်နေခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ပံ့ပိုးကူညီပေးလာမယ်ဆိုရင် ထိုင်းနိုင်ငံနည်းတူ ခေတ်မှီစက်ကြီးတွေနဲ့ ထုတ်လုပ်နိုင်ပြီး တာရှည်ထားခံခြင်း၊ အရည်သွေးကောင်းတဲ့ ငှက်သိုက်ဘူးတွေကို မြန်မာနိုင်ငံအနှံ့အပြားနဲ့ တရုတ်နိုင်ငံအထိ တင်ပို့နိုင်လိမ့်မယ်လို့ လုပ်ငန်းရှင်တွေက မျှော်လင့်ထားပါတယ်။

“ကျွန်မတို့ အခုလက်ရှိ ထုတ်နေတာက သဘာဝအတိုင်း ပေါင်းခံပြီး ထုတ်လုပ်တာ ဖြစ်တယ်။ Chemical လုံး၀ ပါဝင်ခြင်း မရှိပါဘူး။ ရေခဲသေတ္တာထဲမှာ အအေးခံပြီး ရောင်းရတာဖြစ်လို့ တစ်ပတ်လောက်ပဲ ခံပါတယ်။ တကယ်လို့ အစိုးရက နည်းပညာပိုင်းတွေ အကူအညီတွေရရင် မြိတ်မှာ စက်ရုံတွေ ဆောက်၊ တာရှည်ထားခံတဲ့ နည်းပညာပိုင်းတွေရရင် ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ သဘာဝငှက်သိုက်ဘူး တစ်ပိုင်းတစ်နိုင်ထုတ်လုပ်သူ ဒေါ်ယုမော်က ပြောပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ ဇီဝဇိုးငှက်ကို အိမ်တွင် မွေးမြူပြီး ငှက်သိုက်ထုတ်လုပ်ဖို့ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဌာနနဲ့ စာချုပ် ချုပ်ဆိုထားတဲ့ အိမ်အရေအတွက် (၃၇၁)လုံး အထိသာ ရှိတယ်လို့ သစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ရေးသားသူ - ကိုဇော်ဇော်(မြိတ်)