အဓိကအကြောင်းအရာသို့ သွားမည်

လာမည့် ဖေဖော်ဝါရီလအတွင်း မတ်ပဲ ပြည်ပဝယ်လိုအားအမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပြည်တွင်းမှ  မတ်ပဲတန်ချိန် (၂) သိန်းခွဲကို မတ်လ ၃၁ နေ့နောက်ဆုံးထားကာ အိန္ဒိယနိုင်ငံဆိပ်ကမ်းအရောက် တင်သွင်းရမည်ဟု အိန္ဒိယအစိုးရမှ ဆုံးဖြတ်လိုက်သဖြင့် လာမည့်ဖေဖော်ဝါရီလအတွင်း ဝယ်လိုအားအမြင့်ဆုံးအခြေအနေကို ရောက်ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

လက်ရှိ အိန္ဒိယအစိုးရမှ  ကုမ္ပဏီ (၁၇၀၀)ကျော်အား မတ်ပဲတင်သွင်းခွင့်ပါမစ်ကို (၂၀)ရက်က ထုတ်ပေးခဲ့သဖြင့် လိုင်စင်ရကုမ္ပဏီ များအနေဖြင့် တွန်းတွန်းတိုက်တိုက်ဝယ်ယူလာနိုင်သည့် အခြေအနေရှိတယ်လို့ ဦးမင်းကိုဦးက ဆိုပါတယ်။

“ဒီလ ၂၀ ရက်မှာ လိုင်စင်စချပေးတယ်။ အခုရက်မှ စဝယ်တယ်။ ဒီလကုန်လောက်မှာစတင်မယ်။ ဖေဖော်ဝါရီမှာ အားအကောင်းဆုံး ဖြစ်မှာပါ” လို့ ဦးမင်းကိုဦးက ပြောပါတယ်။

ADV

 

မတ်ပဲ တင်သွင်းခွင့်ရရှိသွားတဲ့ ကုမ္ပဏီတွေထဲမှ တစ်ခုလျှင် တန်ချိန်  (၁၂၉) တန် တင်သွင်းခွင့်ရမှာဖြစ်ပြီး သူတို့ စတင်ဝယ်နေတဲ့ အချိန်မှာတော့ မတ်ပဲတစ်တန်ကို အမေရိကန်ဒေါ်လာ (၈၀၀) တစ်ပတ်လည်အထိ ပေါက်ဈေးရနေတယ်လို့ ဦးမင်းကိုဦးက ဆက်လက် ပြောကြားခဲ့ပါတယ်။

“အခုရက်တွေမှာ ပြည်တွင်းဈေးက (၁၁)သိန်း (၅)သောင်း၊ (၆)သောင်းဝန်းကျင် ဖြစ်နေတယ်။ ဒီနေ့ကျတော့ ပြန်အေးသွားပြီး (၁၁) သိန်း (၄)သောင်းလောက်ပဲ ရှိတော့တယ်။ ဝယ်ယူမှုကတော့ ကုမ္ပဏီ (၁၇၀၀)ကျော်လုံးက တွန်းတွန်းတိုက်တိုက် ဝယ်လာမယ်လို့ သုံးသပ်လို့ရတယ်” လို့ ဦးမင်းကိုဦးက ဆိုပါတယ်။

ယခင်လပိုင်းက ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် (၁၁) သိန်း (၃)သောင်းဝန်းကျင်သာ ဈေးရှိခဲ့ရာမှ လက်ရှိမတ်ပဲ တစ်တန်ကို (၁၁) သိန်း (၆)သောင်းအထိ ဈေးရနေတယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ရေးသားသူ - Mg R’ NoE