အဓိကအကြောင်းအရာသို့ သွားမည်

ကုမ္ပဏီတွေအနေနဲ့ အကျိုးအမြတ်ပိုင်ဆိုင်သူတွေကို ဖော်ပြတာ ကောင်းလား

ရန်ကုန် ၊ မတ် ၈

ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်တွေကို ဘယ်သူတွေ ရနေလဲဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံမှာတော့ ခက်ခဲတဲ့ လုပ်ငန်းစဉ်တခုလို့ တောင်ဆိုရမှာပါ။ အကယ်၍ သိရှိနေရင်တောင် တရားဝင်ဖွင့်ပြဖို့က မလွယ်ကူတဲ့ အခြေအနေမျိုးတွေ ရှိနေခဲ့တာပါ။

ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့  ပထမဆုံးအကြိမ် အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များဖော်ထုက်မှု (Beneficial Ownership) ကို သယံဇာတတူးဖော်တဲ့လုပ်ငန်းတွေနဲ့ နိုင်ငံပိုင်လုပ်ငန်းဆီကနေ ရယူထုတ်ပြန်ထားနိုင်ခဲ့တယ်လို့ Myanmar Extractive Industries Transparency Initative (M-EITI) က ဆိုပါတယ်။

အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလတ်များဖော်ထုတ်မှု (Beneficial Wenership) ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ နောက်ကွယ် က အကျိုးအမြတ်ရရှိနေသူတွေ၊ နိုင်ငံရေးအရ သြဇာရှိသူတွေကို ပွင့်လင်းမြင်သာမှု ရှိရှိ တင်ပြခိုင်းတဲ့ Extractive Industries Transparency Initative (EITI) ရဲ့ လုပ်ငန်းစဉ် တခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကုမ္ပဏီတွေအနေနဲ့ ၎င်းတို့ လုပ်ငန်းတွေကနေတဆင့် အကျိုးအမြတ်ရရှိမှုကို ထုတ်ဖော်တာ ပထမဆုံးအကြိမ် ပါ။ ဒါကြောင့် အချက်အလက် တင်ပြမှုတွေမှာ မှားယွင်းတာ နောက်ကျတာ၊ မပြည့်စုံတာတွေ ရှိခဲ့ပေမယ့် ထိုက်သင့်တဲ့ ရလဒ် ကောင်းတခုကို ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

 

DICA

 

Beneficial Ownership ဆိုတာ ဘာလဲ

မြန်မာလို အလွယ်ပြောရရင် ဒီကုမ္ပဏီရဲ့ မူရင်းပိုင်ရှင်က ဘယ်သူလဲ ၊ နောက်ကွယ်က မိခင်ကုမ္ပဏီက ဘာလဲဆိုတဲ့ပိုင်ဆိုင်သူ အစစ်အမှန်ကို ဖော်ပြချက်တခုပါ။ ဒီလုပ်ငန်းစဉ်ဟာ Extractive Industries Transparency Initative (EITI) ရဲ့ လုပ်ငန်းစဉ် တခုမှာ အပါအဝင်ဖြစ်ပြီး  စံနှုန်းသတ်မှတ်ချက်တခုမှာ အပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အစိုးရကလည်း သယံဇာတတူးဖော် ထုတ်လုပ်မှုကဏ္ဍမှ ကုမ္ပဏီတွေနဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများရဲ့ အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများနဲ့ သက်ဆိုင်တဲ့ အချက်အ လက်တွေကို EITI စံနှုန်း လိုအပ်ချက်(၂ ဒသမ ၅)နဲ့ အညီ ထုက်ပြန်ကြေညာဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် သယံဇာတတူးဖော်တဲ့လုပ်ငန်းတွေကို EITI စံနှုန်းနဲ့အညီ မြန်မာနိုင်ငံ EITI အစီရင်ခံစာမှာ ပါဝင်တဲ့ သယံဇာတတူး ဖော်ထုတ်လုပ်ရေးကဏ္ဍမှာရှိတဲ့ ကုမ္ပဏီ (၁၅၈) ခု၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (၅)ခုတို့ကို ကောက်ယူခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာနရဲ့ Website မှာ အများပြည်သူသိရှိစေဖို့ ထုတ်ပြန်မှာပါ။

သယံဇာတတူးဖော်ရေး လုပ်ငန်းကဏ္ဍတွေဖြစ်တဲ့  ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ(၈၃)ခု၊ သတ္တုတူးဖော်ရေး ကုမ္ပဏီ(၃၀)ခု၊ရေနံနှင့် သဘာဝဓါတ်ငွေ့ (၃၁)ခု၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ပို့ဆောင်ရေး (၄)ခု၊ ပုလဲလုပ်ငန်း (၁၀)ခု၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း (၅)ခု၊ စုစုပေါင်း ကုမ္ပဏီလုပ်ငန်း (၁၆၃)ခုကို ကုမ္ပဏီတွေရဲ့အကျိုးအမြတ် (Beneficial Ownership) ဘယ်သူတွေရနေလဲလို့ မေးမြန်းရာမှာ ကုမ္ပဏီ (၁၂၁)ခုကသာ ဖြေဆိုပြီး ကျန် (၄၂)ခုက မဖြေဆိုကြဘူးလို့ M-ETIT က ပြော ပါတယ်။

Beneficial Wenership ဆိုတဲ့ အချက်အလတ်တွေကို အတိအကျဖော်ပြပြီးရင်တော့ အမည်မဖော်လိုတဲ့နောက်ကွယ်က ကုမ္ပဏီ တွေ အလွဲသုံးစားလုပ်နေတာမျိုးတွေကို ဖော်ထုက်နိုင်ဖို့လည်း ရည်ရွယ်ရင်းဖြစ်သလို ကုမ္ပဏီတွေအနေနဲ့ အခုလိုဖော်ထုတ်ခြင်း အားဖြင့်  ကုမ္ပဏီအကြောင်းကို လူပိုသိပြီး ယုံကြည်စိတ်ချမှုရှိစေဖို့အတွက် ဖြစ်ပါတယ်လို့လည်း စစ်တမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

စစ်တမ်းဖြေဆိုမှုတွေမှာ အချက်အလက် မပြည့်စုံတာများနေ

ဒီစစ်တမ်းဟာ မြန်မာနိုင်ငံရဲ့ သယံဇာတကဏ္ဍမှာ လုပ်ဆောင် ရင်းနှီးမြှုပ်နှံနေကြတဲ့ကုမ္ပဏီတွေကို အဓိကကောက်ခံထားတာ ဖြစ်ပြီး မြန်မာနိုင်ငံ EITI အစီရင်ခံစာမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကို ကောက်ယူထားတာပါ။

ကျောက်စိမ်းနဲ့ ကျောက်မျက်ကုမ္ပဏီ (၈၃)ခု အနက် ဖြည့်သွင်းတဲ့ကုမ္ပဏီ (၆၈)ခသာ ရှိပြီး သတ္တုကုမ္ပဏီ (၃၀)မှာ ဖြည်သွင်းတဲ့ ကုမ္ပဏီ(၂၀)၊ ရေနံ နဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (၃၁)ခုအနက် (၁၉)ခု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး လုပ်ငန်း (၄)ခု အနက် (၁)ခုသာ ဖြေဆိုထားတာမျိုးတွေ့ရပါတယ်။

ထူးခြားချက်က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကိုပါ တောင်းခံတင်ပြထားတာတွေ့ရပေမယ့် ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍာဆိုင်ရာလုပ်ငန်း (၃၅)ခုအနက် ရေနံနဲ့ သဘာဝဓါက်ငွေ့လုပ်ငန်း (၁၂)ခုနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း (၃)တို့က ဖြည့်သွင်းထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဖြည့်သွင်းထားတဲ့ ကုမ္ပဏီ (၁၀)ခုဆိုရင်လည်း အမှားအနည်းငယ် (သို့) ချန်လှပ်ထားတာတွေလည်း ရှိနေပြီး တခြားကုမ္ပဏီ (၃၁) ခုကတော့ အချက်အလက်ဖြည့်သွင်းတာ လိုအပ်နေတာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။ သို့ပေမယ့်လည်း အချက် အလက် ဖြည့်သွင်းတဲ့ ကုမ္ပဏီတွေထဲမှာ Beneficial Wenership ဆိုတဲ့ အချက်ကို နားလည်တဲ့ အဖွဲ့အစည်း (၅၅) ရာခိုင်နှုန်း လောက်ရှိတယ်လို့ ဆိုပါတယ်။ ပြီးတော့မဖြေဆိုကြတဲ့ ကုမ္ပဏီ (၄၂)ခုကိုလည်း ဘာကြောင့် မသွင်းရတာလဲဆိုတာကို ထပ်ဆင့် စုံစမ်းပြုလုပ်သွားဖို့ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။

ကုမ္ပဏီကြီးတချို့လည်း ဖြေဆိုခြင်းမရှိ

သယံဇာတတူးဖော်တဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ကောက်ခံတဲ့ အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များထုတ်ဖော်မှု (Beneficial Ownership) ကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက အချိန်မီ မတင်ပြနိုင်ခဲ့ ဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး သတ္တုတွင်းလုပ်ငန်းဦးစီးဌာနက ဒုတိယညွန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဦးကျော်သက်က အချိန်မီ မတင်ပြနိုင် သွားတဲ့အခြေအနေတခုဖြစ်တာကြောင့်လို့ဆိုပြီး မကြာမီအချက်အလက်တွေကို MEITI က ဖော်ပြသွားမှာပါ။

နောက်တပ်မတော်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ မြန်မာစီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MEHL) ကတော့ အချက်အလက်ကို တင်ပြခဲ့ပြီး မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) တို့ကတော့ အချက်အလက်ကြေညာတဲ့ပုံစံကို မတင်ပြခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

သယံဇာတ တူးဖော်ထုက်လုပ်ရေးကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ပါရမီ၊ရွှေတောင်၊ MAX (Myanmar)၊ Andaman Transportation စတဲ့လုပ်ငန်းတွေဟာ  အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလတ်များထုက်ဖော်မှု (Beneficial Ownership)  ထုတ်ဖော်ဖို့ စာရင်းမဖြည့်သွင်းထားကြဘူးလို့ ဖော်ပြထားပါတယ်။

သို့ပေမယ့် KBZ group က ဦးအောင်ကိုဝင်း မိသားစုတွေပိုင်ဆိုင်တဲ့ နီလာရိုးမကျောက်မျက်ကုမ္ပဏီ၊ ဦးမိုးမြင့်ရဲ့ MPRL E&P PTE Ltd၊ ဦးတေဇရဲ့ ထူးအပြည်ပြည်ဆိုင်ရာစက်မှုလုပ်ငန်းစုကုမ္ပဏီ၊ ဦးနေဝင်းထွန်းရဲ့ Ruby Dragon Jade & GEMS စတဲ့ လုပ်ငန်းတွေကတော့ အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော်ထားကြတာတွေ့ရပါတယ်။

Company

အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှု   

  အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များထုက်ဖော်မှု (Beneficial Ownership)ကောက်ခံမှုကို ဖြေဆိုကြတဲ့ကုမ္ပဏီ (၁၂၁)ခု အနက် (၁၀၃)ခုဟာ မြန်မာနိုင်ငံမှာ ကုမ္ပဏီမှတ်ပုံတင်ထားကြတာဖြစ်ပြီး စင်ကာပူမှာ (၄)ခု၊ ဘာမြူဒါမှာ (၂)ခုနဲ့ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ ဂျာစီ၊ ဂျပန်၊ တောင်ကိုရီးယား၊ ကေမန်ကျွန်းစု၊ နယ်သာလန်၊ ပနားမား၊ စဥ့်မာတင်၊ ထိုင်းနဲ့ ဗြိတိသျှ ဗာဂျင်ကျွန်းများမှာ (၁) စီ ကုမ္ပဏီမှတ်ပုံတင်ထားကြပါတယ်။

ကုမ္ပဏီ (၁၀) ခုကတော့ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အများပိုင်ကုမ္ပဏီတွေဖြစ်ပြီး ကျန်(၁၁၁)ခု မှာ ကုမ္ပဏီ (၉၅)ခုဟာ အနည်းဆုံး အကျိုးအမြတ်ပိုင်ဆိုင်ရရှိသူ တစ်ဦး ရှိကြတယ်လို့ ဖော်ပြထားပြီး အကျိုးအမြတ်ပိုင်ဆိုင်မှုဟာ ကုမ္ပဏီပေါ်မူတည်ပြီး (၁)ဦး ကနေ (၈)ဦးအထိ ရှိတယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီကုမ္ပဏီတွေကနေ အကျိုးအမြတ်ရရှိသူ ပေါင်း (၂၇၀)ဦး ရှိပြီး (၉၇) ရာခိုင်နှုန်းဟာ လူပုဂ္ဂိုလ်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီစစ်တမ်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ဦးစီးဆောင်ရွက်ပေးနေတဲ့ EITI လုပ်ငန်းစဉ် တခုဖြစ်ကာ ဌာန Website မှာ ဝင်ကြည့်လို့ ရပါတယ်။ ကောက်ယူထားတဲ့ကုမ္ပဏီတွေဟာမြန်မာနိုင်ငံရဲ့စတုတ္ထအကြိမ်မြောက် EITI အစီရင်ခံစာမှာ ပါဝင်တဲ့ကုမ္ပဏီတွေကို ကောက်ခံမှုပြုလုပ်ထားတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးကောက်ခံတာဖြစ်

"မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်ထဲမှာတခုအပါအဝင်ဖြစ်တဲ့ Beneficial Ownership (BO) လုပ်ငန်းစဉ်ဟာ ကျွန်တော်တို့အတွက် အတွေ့အကြုံအသစ်၊ လုပ်ငန်းစဉ်အသစ်ဖြစ်တယ်" လို့  မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး ဦးစိုးဝင်းက ပြောပါတယ်။ 

Extractive Industries Transparency Initative (EITI) လုပ်ငန်းစဉ်တခုမှာ အပါအဝင်ဖြစ်တဲ့ ကုမ္ပဏီတွေရဲ့ အကျိုးအမြတ်ဖော်ထုတ်တာဟာ  လွယ်ကူတဲ့လမ်းစဉ်တော့ မဖြစ်ခဲ့ဘူးလို့ ကောက်ယူသူတွေက ဝန်ခံထားပါတယ်။ဒီအချက်အလတ်တွေကို ကောက်ခံဖို့အတွက် DICA၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း၊သတ္တုတွင်းလုပ်ငန်း ပါဝင်တဲ့ အစီုးရဌာနဆိုင်ရာတွေ၊ M-EITI အဖွဲ့အစည်းနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ အပါအဝင် မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ သုံးပွင့်ဆိုင် ညိနှိုင်းပြီးဆောင်ရွှက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုကောက်ခံရာမှာ တချို့လုပ်ငန်းတွေ အနေနဲ့ ဘာကြောင့်ကောက်ခံရတယ်၊ဘာအကျိုးအမြတ်ရှိမယ် ဆိုတာကို မသိကြတာတွေ ရှိတယ်လို့လည်း သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ က ပြောပါတယ်။

ကုမ္ပဏီတွေ အနေနဲ့ကလည်း အကြောင်းအရင်း မည်မည်ရရမရှိပဲ ဒီလိုအချက်အလတ်တွေ ပေးဖို့ ဝန်လေးနေကြတာတွေ ရှိပေမယ့် EITI လုပ်ငန်းစဉ် ဆောင်ရွက်တဲ့ အာဆီယံဒေသတွင်း နိုင်ငံတွေထဲမှာ ပထမဆုံး ကောက်ခံနိုင်တဲ့ နိုင်ငံတခု ဖြစ်လာပါတယ်။ မြန်မာနိုင်ငံ အနေနဲ့လည်း ပထမဆုံးအကြိမ်ကောက်ခံတာ ဖြစ်ပြီး ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ အချက်အလတ်တွေ ပေးဖို့ အတွက် အဆင်မပြေတာတွေ ရှိနေပါတယ်။

ဒီလို အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလတ်များထုက်ဖော်မှု (Beneficial Ownership) ကောက်ခံဖို့အတွက် မြန်မာနိုင် ငံဟာ ၂၀၁၄ခုနှစ်တွင် တွင်းထွက်သယံဇာတတူးဖော်ထုက်လုပ်ခြင်း လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဆိုင်ရာအဖွဲ့ လောင်းနိုင်ငံ ဖြစ်လာခဲ့ပြီး စံချိန်ပြည့်အဖွဲ့ဝင်နိုင်ငံ အဆင့်သို့ ရောက်ရှိနိုင်ရေးအတွက် အကျိုးအမြတ်ပိုင်ဆိုင်မှု အချက်အလက် များ အားလုံးကို ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဖော်တင်ပြဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီအမိန့် ထုက်ပြန်ချက်အရ ကုမ္ပဏီတွေဟာ အချက်အလတ်တွေ ထုတ်ဖော်ထားကြတာ တွေ့ရပြီး ကုမ္ပဏီ (၄၂)ခုလောက်က မဖြည့်သွင်းကြတာ တွေ့ရပါတယ်။ တချို့ ကုမ္ပဏီတွေ အနေနဲ့ကလည်း တင်သွင်းဖို့ နောက်ကျတာ၊ အချက်အလက် ဖြည့်ပေ မယ့် ဘောင်မဝင်တာတွေနဲ့ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ မသိရှိရတာတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။         

ထုတ်ဖော်ပြီးရင် အကျိုးနဲ့ ပြစ်ဒဏ် ရှိသင့်        

မြန်မာနိုင်ငံသတ္တုတွင်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ ကတော့ ဒီလို အချက်အလတ်တွေ ထုက်ပြန်တဲ့ကုမ္ပဏီတွေ ရှိသလို မထုတ်ပြန်တဲ့ ကုမ္ပဏီတွေ ရှိတဲ့ အတွက်  တင်သွင်းသူတွေအတွက် အကျိုးအမြတ်ပေးတာ၊ မတင်သွင်းရင် ပြစ်ဒဏ် ရှိသင့်တယ် လို့ ဆိုပါတယ်။

ပွင့်လင်းမြင်သာစွာနဲ့ အချက်အလတ်တွေ ထုတ်ဖော်တဲ့ကုမ္ပဏီတွေဟာ EITI လုပ်ငန်းစဉ်ထဲ ပါဝင်တာတွေ ရှိတဲ့အတွက် ဒီလို အချက်အလက် တင်ပြသူတွေကိုသာ လုပ်ကိုင်ခွင့်ပေးတာမျိုးတွေ ဖြစ်သင့်တယ် လို့ ဆိုပါတယ်။ လက်ရှိ အကျိုးအမြတ်ပိုင်ဆိုင် မှုဆိုင်ရာ အချက်အလတ်များထုက်ဖော်မှု(Beneficial Ownership)ထုတ်ဖော်ထားခိုင်းပေမယ့် ဘာတွေလုပ်ဆောင်မယ်ဘာတွေ ရရှိခံစားခွင့်ရှိမယ်ဆိုတဲ့ အချက်တွေ အတိအကျဖော်ပြထားတာမရှိသေးဘူးလို့ ဆိုပါတယ်။     

“ဥပဒေအရ Legal Review လုပ်ပြီးတော့ ကန့်သက်ချက်တွေ ထည့်ရမယ်။ အပြစ်ပေးမှုတွေ ထည့်ရမယ်။ ဘာလို့လဲ ဆိုတော့ ဥပဒေမူဘောင်နဲ့  မလုပ်ဘူးဆိုရင် ကျွန်မတို့က ဘယ်အရာမှထိန်းချုပ်လို့ မရဘူး” လို့  မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန် ယူမှုတာဝန်ခံမှုအရပ်ဖက်အဖွဲ့အစည်းမှ ဒေါ်မိုးမိုးထွန်းက ပြောပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ ဒီလိုတွေဖော်ပြပေးထားပေမယ့် စီးပွားရေးအရ အကျိုးအမြတ်မရရှိရရင် ရေရှည်မှာ ဆက်လုပ်ဆောင်ဖို့ မလွယ်တဲ့ အခြေအနေတွေမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ကုမ္ပဏီလုပ်ငန်း အများစုဟာ အကျိုးအမြတ် ရရှိမှုတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်တာအားနည်းတဲ့နိုင်ငံတခုဖြစ်တဲ့အတွက် ထုတ်ဖော်လာတဲ့ကုမ္ပဏီတွေကို အကျိုးခံစားခွင့်ပေးဖို့ လိုပါတယ်။

လုပ်ငန်းကုမ္ပဏီကြီးတွေအနေနဲ့ နိုင်ငံတကာမှာ EITI လုပ်ငန်းစဉ် စံနှုန်းနဲ့အညီ လုပ်ဆောင်ထားတာ တင်ပြဝင့်ကြွားလို့ လွယ်ပေမယ့် ကုမ္ပဏီငယ်တွေ အတွက်ကတော့ ဒီလိုအကျိုးအမြတ်တွေ မရှိပါဘူး။ ဒါကြောင့် အချက်အလက်တွေ ဖော်ပြတဲ့ ကုမ္ပဏီတွေကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးတာမျိုးတွေ ဖြစ်သင့်ပါတယ်။ ဒါမှသာ ကျန်ရှိနေတဲ့ ကုမ္ပဏီတွေကလည်း ပွင့်လင်းမြင်သာမှု ရှိစွာ လုပ်ဆောင်လာကြမှာ ဖြစ်ပါတယ်။

BO

နောက်တဆင့် ဘာတွေလုပ်ကြမလဲ  

လက်ရှိ ကောက်ခံထားတဲ့   အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များထုတ်ဖော်မှု (Beneficial Ownership) ကိုပဲ ၂၀၂၀ ခုနှစ်အတွင်းမှာ ပြန်လည်ကောက်ခံဖို့ ရှိနေတာ တွေ့ရပါတယ်။ ဒီတကြိမ်မှာတော့ သယံဇာတတူးဖော်တဲ့ကုမ္ပဏီတွေ အားလုံး ပါလာကြဖို့ မျော်လင့်ထားကြပါတယ်။

ဒီကုမ္ပဏီတွေဟာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေသာ ဖြစ်ပြီး ကျန်မပါရှိသေး တဲ့ သယံဇာတကုမ္ပဏီတွေ အများအပြား ကျန်ရှိနေပါသေးတယ်။ ဒီလိုကုမ္ပဏီတွေကိုလည်း စနစ်တကျပါဝင်လာအောင် ဆောင် ရွက်ထားဖို့ လိုပါတယ်။

နောက်ပိုင်းကာလတွေမှာ သယံဇာတကုမ္ပဏီတွေ သာမကပဲ မြန်မာနိုင်ငံမှာရှိတဲ့ကုမ္ပဏီတွေ အားလုံးကိုလည်း အကျိုးအမြတ် ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များထုက်ဖော်မှု (Beneficial Ownership) ကို ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရ ပါတယ်။ နောက်ပိုင်းကောက်ခံမယ့်ပုံစံမှာ အစုရှယ်ယာတွေကို ကိန်းကဏန်းအတိအကျနဲ့ ဖော်ပြဖို့ လုပ်ဆောင်မယ်လို့ ဆိုပြီး လိုအပ်တဲ့ အချက်အလက်တွေကို စနစ်တကျ ဖြည့်သွင်းနိုင်ဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။             

နိုင်ငံတခုမှာရှိတဲ့လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ EITI စံနှုန်းတွေ လိုက်နာဆောင်ရွက်သင့်တာ မှန်ပေမယ့်လည်း တဖက်ကလုပ်ငန်း တွေရဲ့ အကျိုးကိုလည်း ရေရှည်စဉ်းစားပေးရမယ့် အပိုင်းတွေ လိုပါတယ်။ဒါမှသာ ဒီလိုကောက်ခံမှုဟာ ရေရှည်ရပ်တည်လို့ ရနိုင် မှာ ဖြစ်ပါတယ်။ ဒီလိုကောက်ခံမူဟာ ပွင့်လင်းမြင်သာမှု ရှိစွာ လုပ်ကိုင်ကြောင်း ဖော်ပြတာ မှန်ပေမယ့် တကယ်တမ်း မဖော်ပြပဲ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ အများအပြားရှိနေတာပါ။ ဒါတွေကို ဒီလမ်းကြောင်းပေါ် ဆွဲတင်နိုင်ဖို့အတွက်က ညွန်ကြားချက် တွေနဲ့တင် မလုံလောက်သေးပဲ လိုအပ်တဲ့ အကျိုးခံစားခွင့်နဲ့ ပြစ်ဒဏ်ကိုလည်း ဖော်ပြနိုင်ဖို့လိုတယ်လို့ ဆိုပါရစေ။

ရေးသားသူ - ဆလိုင်းထွန်းထွန်း