အဓိကအကြောင်းအရာသို့ သွားမည်

ကန်ဒေါ်လာ (၂ဒသမ၅) ဘီလီယံတန် လျှပ်စစ်ဓါတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ ရေးထိုး

 

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ (၂ဒသမ၅) ဘီလီယံ ရင်းနှီးမြှုပ်နှံမည့်  မီးလင်းချိုင် LNG သုံး လျှပ်စစ်ဓါတ် အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း Supreme Trading ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အထက်ပါ နားလည်မှု စာချွန်လွှာဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ စာချုပ်စာတမ်း (၃၃) ခုမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ရွှေသောင်ယံမြို့နယ်ခွဲ ၊ မီးလင်းချိုင်ဒေသတွင် တည်ဆောက်မယ့် LNG သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အရှိန်အဟုန်မြှင့်တင်ရန် နားလည်မှု စာချွန်လွှာ (Letter of Intent for the Acceleration of Mee Lin Gyaing Integrated LNG to Power Project) အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ရင်းနှီးမြုပ်နှံသူ ကုမ္ပဏီများကြား လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီ ၁၇ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလင်းချိုင်  LNG သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာအမေရိကန်ဒေါ်လာ (၂ဒသမ၅) ဘီလီယံခန့် ရင်းနှီးမြုပ်နှံမည့် အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုဖြစ်တဲ့ အပြင် လျှပ်စစ်ဓာတ်အား (၁၃၉ဝ) မဂ္ဂါဝပ် ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ADV

 

အဆိုပါ စီမံကိန်းမှာ LNG သုံးဓာတ်အားပေး စက်ရုံ ၊ LNG သဘာဝဓာတ်ငွေ့ရည်တင်ချဆိပ်ကမ်း ၊ (၂၃ဝ) ကေဗွီ မဟာ ဓာတ်အားလိုင်း အရှည်မိုင် (၈ဝ)ကျော် နှင့်  (၅ဝဝ)  ကေဗွီ မဟာဓာတ်အားလိုင်း အရှည်မိုင် (၁၃ဝ) ကျော် ပါဝင် တည်ဆောက် မည်ဖြစ်ပြီး  မဂ္ဂဝါပ်(၈၀၀)ခန့်ကို ရန်ကုန်ကို ပေးပို့ရန် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

၂ဝ၂၃ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား စတင်ထုတ်လွှတ်ပြီး  ဧရာဝတီတိုင်းဒေသကြီးအတွက် လိုအပ်သော လျှပ်စစ် ဓာတ်အားကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်မယ်လို့ သိရပါတယ်။

စီမံကိန်းဝင် နိုင်ငံတကာကုမ္ပဏီကြီးများဖြစ်တဲ့ Yunnan Provincial Energy Investment Group Co., Ltd ကိုယ်စား ဥက္ကဌဖြစ်သူ Mr. Xie Yihua ၊ Union Resources and Engineering Co., Ltd ကိုယ်စား အမှုဆောင်အရာရှိချုပ် Mr. Feng Ke ၊ Zhefu Holding Group Co., Ltd ကိုယ်စား Chief Risk Control Officer ဖြစ်သည့် Mr. Li Jie နှင့် မြန်မာတိုင်းရင်းသားပိုင် Supreme Trading Co., Ltd ကိုယ်စားအမှု ဆောင် အရာရှိချုပ် ဦးဇော်နိုင်သိန်းတို့မှ နားလည်မှု စာချွန်လွှာအား အသီးသီး လက်မှတ်ရေးထိုးခဲ့ကြကာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး မှ အသိ အမှတ်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။

ရေးသားသူ - ဆလိုင်းထွန်းထွန်း