အဓိကအကြောင်းအရာသို့ သွားမည်

ကမ္ဘောဇဘဏ်က လစဉ်ပေးဆပ်ရမည့် အတိုးနှင့်အရင်း (၆)လအထိ ဆိုင်းငံ့ပေးခြင်းအပါအဝင် အခြားချေးငွေဆိုင်ရာ ခံစားခွင့်များပါဝင်သည့် COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို စတင်

ရန်ကုန်၊ ဇွန် ၁၂

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက် ချေးငွေလစဉ်ပေးဆပ်ရမယ့် အတိုးနဲ့အရင်းကို (၆)လအထိ ဆိုင်းငံ့ပေးခြင်းအပါအဝင် လက်ရှိ စာရင်းပိုချေးငွေ (Overdraft Loan)နဲ့ ကာလသတ်မှတ်ချေးငွေ (Term Loan) တွေကို (၆)လအထိ သက်တမ်းထပ်တိုးခြင်းနဲ့ ဆိုင်းငံ့ပေးထားတဲ့ (၆)လစာအတွက် အတိုး၊အရင်းပေါင်းကို အချိုးကျပြန်လည်ပေးဆပ်စေတဲ့ အစီအစဉ်ဖြစ်တဲ့ COVID-19 Credit Assistance Program for SMEs ကို စတင်သွားမယ်လို့ ကမ္ဘောဇဘဏ်က ထုတ်ပြန်ကြေငြာထားပါတယ်။

အဆိုပါ ငွေကြေးထောက်ပံ့မှုပုံစံတွေကို ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနမှာ ပုံမှန် ကာလသတ်မှတ်ချေးငွေ၊ စာရင်းပိုချေးငွေ သို့မဟုတ် JICA SME နှစ်ဆင့်ချေးငွေ ရယူထားသူတွေ လျှောက်ထားနိုင်ပြီး ပေးဆပ်ရမယ့် ချေးငွေကို အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ထားလို့ SME လုပ်ငန်းတွေအတွက် အဆင်ပြေပြေနဲ့ ငွေကြေးလည်ပတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံတော်အစိုးရရဲ့ စီးပွားရေး ရည်မှန်းချက်ပန်းတိုင်များနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီ ကမ္ဘောဇဘဏ်ကနေ COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး SME customer တွေ ငွေကြေးလည်ပတ်မှု ပြန်လည် ကောင်းမွန်လာအောင် ကူညီပံ့ပိုးပေးသွားပါမယ်။ လက်ရှိ လုပ်ငန်းထဲက လည်ပတ်ငွေတွေကို ချေးငွေပြန်ဆပ်ရမယ့်အစား လုပ်ငန်းလည်ပတ်ဖို့ သုံးနိုင်တဲ့အတွက် SMEs တွေအနေနဲ့ အခုလို အကျပ်အတည်းဖြစ်နေတဲ့ ကာလမှာ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ ပြန်လည် ကုစားနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာမှာပါ”လို့ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောပါတယ်။

လျှောက်ထားသူတွေအနေနဲ့ KBZ SME ချေးငွေဝန်ဆောင်မှုတွေကို အနည်းဆုံး (၂) နှစ်ရယူထားပြီးသူ၊ ကမ္ဘောဇဘဏ်ကို အဓိက အသုံးပြုနေပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မပျက်မကွက် ငွေပြန်လည်ပေးသွင်းခဲ့သူတွေ ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ ဝန်ဆောင်မှုတွေကို ယခုမှ ရယူသုံးစွဲမယ့်သူဆိုရင် လျှောက်ထားသူရဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်နဲ့ လုပ်ငန်းပုံစံကို စစ်ဆေးအကဲဖြတ်သွားမှာဖြစ်ပြီး COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းစဉ်တွေကို အထောက်အပံ့ဖြစ်စေတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ SME လုပ်ငန်းတွေကို အထူး ဦးစားပေး ခွင့်ပြုသွားမှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။

ဒါပေမယ့် လျောက်ထားသူ အားလုံးက လိုအပ်တဲ့ ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ အရေးပေါ် စီးပွားရေးကုစားမှု အစီအစဉ်တစ်ခုကိုလည်း တင်ပြဖို့ လိုတယ်လို့ အသိပေးထားပါတယ်။

COVID-19 Credit Assistance Program for SMEs အစီအစဉ်နဲ့ ပတ်သက်ပြီး SME လုပ်ငန်းရှင်တွေအနေနဲ့ နီးစပ်ရာဘဏ်ခွဲများနဲ့ ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနက သက်ဆိုင်ရာ Relationship Manager တွေကို တိုက်ရိုက်ဆက်သွယ်ခြင်း၊ SME Banking စီးပွားရေးဘဏ်လုပ်ငန်းဌာန ဖုန်းနံပါတ် - ၀၁ ၃၇၃၇၈၅၊ ၀၁ ၃၇၂၉၇၉၊ ၀၁ ၃၇၂၉၇၇၊ ၀၁ ၃၇၇၇၁၆ (သို့မဟုတ်) [email protected] အီးမေးလ်လိပ်စာက တစ်ဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။