အဓိကအကြောင်းအရာသို့ သွားမည်

ကမ္ဘာ့ဘဏ်က မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း(၂၀၀) ချေးမည်

ရန်ကုန်၊ ဇွန် ၂၇

COVID-19 ကြောင့် ထိခိုက်ရသည့် တောင်သူလယ်သမားများအား ပံ့ပိုးပေးနိုင်မည့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးရေးစီမံကိန်းအား အကောင် အထည်ဖော်ရန် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအသင်း (IDA) မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း (၂၀၀)ကို ချေးပေးဖို့ ကမ္ဘာ့ဘဏ်၏အမှုဆောင်ဒါရိုက်တာဘုတ်အဖွဲ့က အတည်ပြုပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍရှိ တောင်သူလယ်သမားများ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြင့်ရေးနှင့် သီးနှံအမျိုးအစားနှင့် စိုက်ပျိုးနိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်မှုကောင်းမွန်စေရေးတို့အတွက် စီမံကိန်းအား အကောင်အထည်ဖော်ခြင်းဖြစ်ပြီး မြေယာအနည်းငယ်သာပိုင်ဆိုင်လုပ်ကိုင်နိုင်သည့် လယ်သမားများ၊ အမျိုးသမီးများနှင့် အခြားသော အားနည်းသည့် အုပ်စုများအားလုံးပါဝင်နိုင်ရေးကို အထူးအလေးပေးကာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က " ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နောက်ထပ် ၃ လမှ ၆ လအထိ ဝင်ငွေများ ဆက်လက်ကျဆင်းနေမည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် မိသားစုများအကြား ဆင်းရဲနွမ်းပါးသည့် လူဦးရေ နှစ်သန်းမှ လေးသန်းအထိ တိုးပွားလာပါလိမ့်မယ်။ အခုစီမံကိန်းဖြင့် ကမ္ဘာ့ဘဏ်က အစိုးရအတွက် စိုက်ပျိုးမွေးမြူရေး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို အကာအကွယ်ပေးနိုင်မည့် အဓိကလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးနှင့် စားနပ်ရိက္ခာကဏ္ဍကို လက်ရှိအကြပ်အတည်းမှ အပြည့်အဝ ပြန်လည်ထူထောင်နိုင်စေရန် ကူညီပေးရာ အထောက်ကူပြုနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်" လို့ ဆိုပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံတွင် သားငါးဈေးများနှင့် တိရိစ္ဆာန်အသားထုတ်လုပ်ရေးစက်ရုံများ ယာယီပိတ်ခြင်း၊ သွားလာမှုကန့်သတ်ခြင်း၊ ကုန်စည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးစနစ်ရပ်တန့်သွားခြင်း၊ နယ်စပ်ဖြတ်ကျော်ခွင့်များ တင်းကျပ်လိုက်ခြင်းအပါအဝင် COVID-19 ကူးစက်မှုတားဆီးကာကွယ်ရေး နည်းလမ်းများချမှတ်ကျင့်သုံးလိုက်ရသည့် အတွက် အခြားတစ်ဖက်တွင် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး မွေးမြူရေးစနစ်များ အတားအဆီး ဖြစ်စေခဲ့ရာ ကုန်စည်ထောက်ပံ့ကွင်းဆက် အဟန့်အတား ဖြစ်ခြင်းကြောင့် ဈေး ကွက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး မွေးမြူရေးသမားများ၊ စီးပွားရေးလုပ်ငန်းငယ်များ နှင့် အသားထုတ်လုပ်သူများအတွက် တိရိစ္ဆာန်အစားအစာစရိတ်များ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုအတည်ပြုလိုက်သည့် စီမံကိန်းသည် မြန်မာနိုင်ငံ အစိုးရ၏ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများ လျော့ပါးသက်သာစေရန်နှင့် နိုင်ငံ၏ စီးပွားရေးပြန်လည်ထောင် မှုကို အထောက်အကူပြုစေမည့် COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးစီမံကိန်း (COVID-19 Economic Relief Plan - CERP) ကို အထောက်အကူပြုစေရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

စိုက်ပျိုးမွေးမြူရေးသွင်းအားစုများ၏ အရည်အသွေးနှင့် အသုံးချမှုကို တိုးတက်စေခြင်း၊ ဆင်းရဲသော အိမ်ထောင်စုများ အထူးသဖြင့် ကပ်ဘေးကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်အကိုင် ဆုံးရှုံးပြီး နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် လုပ်အားခရရှိစေရန် အလုပ်အကိုင်များ ဖန်တီးပေးခြင်းဖြင့် လယ်သမားများအတွက် ဝင်ငွေရရှိစေရေးကို အထောက်အကူပြုရန် ရည်ရွယ်ချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

ADV

နိုင်ငံပြန်လည်ထူထောင်သည့်ကာလသို့ ရှေးရှုရာတွင် ယခုစီမံကိန်းသည် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးထိပါးနိုင်သည့် အန္တရာယ်များအား အသိပညာပေးနိုင်ရန် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုစိုက်ပျိုးမွေးမြူရေးပညာပေးလုပ်ငန်းများ တိုးချဲ့ဖော်ထုတ်ဆောင်ရွက်နိုင်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာ အခြေပြုစိုက်ပျိုးမွေးမြူရေးနည်းပညာ အားကောင်းစေရန်၊ စိုက်ပျိုးမွေးမြူရေးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာနှင့် ငွေပေးငွေယူကိစ္စရပ်များ ဆောင်ရွက်ရာတွင် အွန်လိုင်းအသုံးပြုကာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဖော်ထုတ်မြှင့်တင်နိုင်ရန်၊ စိုက် ပျိုးမွေးမြူရေးထုတ်ကုန်အမျိုးအစားကွဲပြားစုံလင်စေခြင်း၊ စိုက်ပျိုုးမွေးမြူရေးသုတေသနနှင့် ဖွံ့ဖြိုးရေးစနစ်များ တိုးမြှင့်စေခြင်းဖြင့် လယ်သမားများအား ဈေးကွက်ချိတ်ဆက်နိုင်စေရန် စသည့်တို့တွင် အဓိကအကူအညီပေး သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရ၏ မဟာဗျူဟာကျကျ ဦးစားပေးလုပ်ငန်းများးကို ကာလလတ်မှသည် ရေရှည်ထောက်ပံ့ခြင်းဖြင့် အုပ်ချုပ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ယှဉ်ပြိုင်နိုင်မှုများ ပိုမိုတိုးတက်ကောင်းမွန်စေ ရန်နှင့် ရာသီဥတုဒဏ်နှင့် သဘာ၀ ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် ခိုင်မာသော နည်းပညာများနှင့် အလေ့အထကောင်းများ သုံးစွဲလာနိုင်စေရန် ထောက်ပံ့ပေးသွားမှာဖြစ်ပြီး စီမံကိန်း၏ အကျိုးခံစားရသူ အရေအတွက်မှာ (၅၆၀၀၀၀)ခန့်ရှိမည်ဖြစ်ရာ အမျိုးသမီးအရေအတွက် (၂၂၀၀၀၀)ခန့် ပါဝင်မယ်လို့ ဆိုပါတယ်။