အဓိကအကြောင်းအရာသို့ သွားမည်

ကိုယ်ပိုင်လုပ်ငန်းနှင့်ဝန်ထမ်းဘဝကို တစ်ပြိုင်နက် ဖြတ်ကျော်ရင်း အောင်မြင်အောင်ကြိုးစားသူ ကိုမြတ်သူဟိန်း

ကိုယ်ပိုင်လုပ်ငန်းနှင့်ဝန်ထမ်းဘဝကို တစ်ပြိုင်နက် ဖြတ်ကျော်ရင်း အောင်မြင်အောင်ကြိုးစားသူ ကိုမြတ်သူဟိန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅


ယခုအချိန်က ကျန်းမာရေးအတွက် အားကစားကို ဦးစားပေးလာကြချိန်ဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး ကိုယ် ကာယလေ့ကျင့်ခန်းတွေ လုပ်နိုင်အောင် ပန်းခြံတွေမှာ နိုင်ငံတော် အစိုးရအနေနှင့် ပြုလုပ်ပေးထားတာတွေလဲ ရှိနေပါပြီ။


ဒီလိုပါဘဲ နည်းစနစ်တကျ စက်ကိရိယာတွေနဲ့ လေ့ကျင့်ချင်သူတွေအတွက် အသေးစား GYM တွေကလည်း နေရာ တိုင်းလိုလိုမှာ မြင်တွေ့နေကြ မြင်ကွင်းတစ်ခု ဖြစ်လာနေပါတယ်။
ဒီအထဲက X GYM Fitness ကတော့ အခုလို အားကစားလိုက်စားမှုတွေ မများခင် ၂၀၁၃ ခုနှစ်ထဲက စတင်ဖွင့်လှစ် ခဲ့တာပါ။


ဒီအထဲက X GYM Fitness ကို စတင်အကောင်အထည်ဖော်ခဲ့သူ ကိုမြတ်သူဟိန်း အကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။

သူက ပြည်ပနိုင်ငံမှာ ပညာသင်ကြားပြီး မြန်မာနိုင်ငံကို ပြန်ရောက်ချိန် ဝန်ထမ်းဘဝ လုပ်ကိုင်ရင်း ကိုယ်ပိုင် လုပ်ငန်းဖြစ်တဲ့ X GYM Fitness ကို သူငယ်ချင်း (၃) ယောက်နှင့်အတူ စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။


“ကျွန်တော် စင်ကာပူမှာ ကျောင်းပြီးတော့ ဟိုမှာအလုပ်သင် (၆) လလုပ်တယ်။ ပြီးတော့ မြန်မာနိုင်ငံ ပြန်လာပြီး ကုမ္ပဏီတစ်ခုမှာ လက်ထောက် မန်နေဂျာအဖြစ် အလုပ်လုပ်ခဲ့တယ်။ နောက်တော့မှ ဧရာဝတီဘဏ်မှာ မန်နေဂျာ အနေနဲ့ ဝင်လုပ်ခဲ့တယ်။ အဲမှာ အလုပ်ဝင်ပြီး တစ်လလောက် အကြာမှာ X GYM Fitness စလုပ်ဖို့ ဖြစ်လာတာ” လို့ GYM လုပ်ငန်း စတင်ဖြစ်ခဲ့ပုံကို ပြောပြပါတယ်။


သူတို့ရဲ့ X GYM Fitness က ကိုယ်တိုင် စဖွင့်ခဲ့တဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး၊ ဖွင့်လှစ်ပြီးသားရှိတဲ့ GYM ကို ငှားရမ်းလက်လွဲယူပြီး ပြန်လည်အသစ်ဖြစ်အောင် စတင်ခဲ့တဲ့လုပ်ငန်း ဖြစ်ပါတယ်။


လုပ်ငန်းစတင်ချိန်မှာ ရှေ့လူရဲ့ အားနည်းချက်တွေကို ပြန်လည်ပြုပြင်ရင်း ပိုမိုကောင်မွန်တဲ့ဝန်ဆောင်မှုဖြစ်အောင် လူငယ်အမြင်နှင့် ပြောင်းလဲခဲ့တယ်လို့ ဆိုပါတယ်။

 

X Gym Fitness အတွင်းရှိ လေ့ကျင့်ရေးခန်းမ
X Gym Fitness အတွင်းရှိ လေ့ကျင့်ရေးခန်းမ


“ GYM မှာကလည်း တစ်ဝက်လောက်က ကိုယ်သူငယ်ချင်းတွေဖြစ်နေတော့ ငါတို့ဆက်ဖွင့်မယ် မင်းတို့ဆက်ကစား မလာ ဆိုပြီးမေးတယ်။ ပြီးတော့လိုအပ်ချက်တွေကို ပြုပြင်တယ်။

နာမည်လေးနည်းနည်းပြန်ရလာတယ်။ နောက် ပိုင်းကြတော့ အပြီးပြန်ဝယ်ပြီး ပိုကောင်းတဲ့စက်တွေဝယ်ထည့်ပြီး ကိုယ်ပိုင်လုပ်ငန်းအဖြစ် ရပ်တည်နိုင်သွားတယ်” လို့  သူ၏ X GYM Fitness အကြောင်းကို ပြောပြပါတယ်။


ဒီလို လုပ်ကိုင်ရင်း ၂၀၁၆ ခုနှစ်အရောက်မှာတော့ X GYM Fitness လုပ်ငန်းအပြင် Shine Myo Ma Car Wash & Spa ကိုလည်း ထပ်မံဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။


“Car Spa လဲ ဒီလိုပါဘဲ၊ ကားသွားဆေးရင်နဲ့ အဆင်မပြေတာလေးတွေ တွေ့ရတယ်။ သူတို့အားနည်းချက်တွေကို ကိုယ်က ပြန်ပြင်ရင်း ဒီလုပ်ငန်းပါ ထက်ပြီး တိုးချဲ့ ဖြစ်ခဲ့တယ်” လို့ နောက်ထပ်လုပ်ငန်းတစ်ခု ဖြစ်ပေါ်လာပုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။


ဝန်ထမ်းဘဝနှင့် ကိုယ်ပိုင်လုပ်ငန်းနှစ်ခုကို အချိန်တွေ ခွဲဝေအသုံးချရင်း အောင်မြင်အောင် ကြိုးစားလာခဲ့တာဖြစ် ပါတယ်။

 

X Gym Fitness အတွင်းရှိ လေ့ကျင့်ရေးခန်းမ
X Gym Fitness အတွင်းရှိ လေ့ကျင့်ရေးခန်းမ

 


ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး၊ ကိုမြတ်သူဟိန်းက အားကစားကိုလည်း ဝါသနာပါသူတစ်ဦးဖြစ်တာ ကြောင့် အပြေးပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ရင်း ကိုယ်ပိုင်အားလပ်ချိန်တွေကို ကုန်ဆုံးစေခဲ့တာ ဖြစ်ပါတယ်။


“အလုပ်နှစ်ခု လုပ်ရင်နဲ့ဆိုတော့ အချိန်တွေက မရတော့ဘူး။ အဲတော့ ခန္ဓာကိုယ်က ပျက်လာတယ်။ အားကစား တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုပြီးရွေးတော့ ပြေးရတာကို သဘောကျပြီး အပြေးပြိုင်ပွဲတွေ ဝင်ခဲ့တယ်။ အခုဆို ပြည်တွင်းက အပြေးပြိုင်ပွဲတွေအပြင် နိုင်ငံတကာက သုံးမျိုးပေါင်း ပြိုင်းအပွဲတွေပါ ဝင်ပြိုင်ဖြစ်လာတယ်” ဟု ကိုယ်ပိုင်အချိန်တွေကို အားကစားနှင့် အချိန်ကုန်လွန်စေခဲ့ကြောင်းကိုလဲ ပြောပြခဲ့ပါတယ်။


လက်ရှိအချိန်မှာတော့ X GYM Fitness ကို ဆိုင်ခွဲ (၃)ခုအထိ ဖွင့်လှစ်ထားနိုင်နေပြီဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ် ကိုင်တာ (၆) နှစ်ကျော်ခဲ့ပြီဖြစ်တာကြောင့် အနည်းထိုင်နေပြီဖြစ်တဲ့ သူ့လုပ်ငန်းအတွက် နောက်ထပ်အားကစားနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကိုပါတွဲဖက်လုပ်ကိုင်သွားဖို့ စိတ်ကူးတွေရှိနေကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ် ရှင်။


ရေးသားသူ - ထက်ထက်အောင်


Business Bees, X GYM Fitness,BETV Business