အဓိကအကြောင်းအရာသို့ သွားမည်

ကိုရိုနာကြောင့် ‌‌ခြောက်ကပ်လာသော ရန်ကုန်

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ တဖြည်းဖြည်းနဲ့ လူသူကင်းမဲ့ကာ ခြောက်ကပ်လို့ လာနေပါတယ်။

အဲလို ဖြစ်လာတဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတဲ့သူ (၁၀) ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်မှာ တွေ့တဲ့သူ (၇) ယောက်ရှိနေတာပါတယ်။

ဒါကြောင့် အစိုးရက ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့၊ မလိုအပ်ဘဲ အပြင်မထွက်စေဖို့နဲ့ လူစုလူဝေးမလုပ်ကြဖို့ ထုတ်ပြန်လိုက်ပါတယ်။

လူစုလူဝေးများတဲ့တာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို ပိုမိုအားပေးရာရောက်တယ်လို့ ဆရာဝန်တွေက ဆိုပါ တယ်။

“အခုချိန်မှာ ကျွန်မတို့နိုင်ငံက ကူးစက်ခံနေရတဲ့ နိုင်ငံတွေထဲမှာ ပါလာပြီ။ ကူးစက်ခံနေရတဲ့ နိုင်ငံတွေထဲမှာပါလာ ပြီဖြစ်တဲ့အတွက် အကောင်းဆုံးက အပြင်ကို မသွားကြဖို့နဲ့ လူစုလူဝေးကို အတတ်နိုင်ဆုံးရှောင်ကြဖို့ပေါ့နော်” လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနက ဒေါက်တာမို့မို့သိင်္ဂီက ပြောပါတယ်။

 

02

 

 သို့ပေမယ့်လည်း အခြေခံလူတန်းစားများစွာရှိနေတဲ့ မြန်မာနိုင်ငံမှာ အခုလိုအစိုးရက ထုတ်ပြန်ထားတဲ့ လူစု လူဝေးတွေကို ရှောင်ဖို့ကတော့ လိုက်နာဖို့ အားနည်းနေပါသေးတယ်။

ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တချို့သောစက်ရုံအလုပ်ရုံတွေ၊ ကုမ္ပဏီတွေရဲ့  လုပ်ငန်းများဟာ ရပ်တန့်သွားပြီး လုပ်ငန်းအများစုဟာ အချိန်လျော့ချတာ၊ လူလျော့တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

သို့သော်လည်း နေ့စဥ်အလုပ်သွားနေကြရတဲ့လူတန်းစားတွေအဖို့ကတော့ လူစုလူဝေးတွေကို မရှောင်နိုင်ကြပါဘူး။

အများစုက မရှောင်နိုင်သလို အခုချိန်မှာ ရန်ကုန်မြို့မှာ အပြင်ထွက်သွားလာတဲ့သူ လျော့နည်းလို့လာနေပြီး ပြည်သူတချို့ကလည်း အသွားအလာထိန်းချုပ်မှုတွေကို ကိုယ်တိုင် စတင်လုပ်ဆောင်လို့ လာနေပါတယ်။

“ဒီလိုမျိုး ရောဂါရှိတဲ့သူတွေနဲ့ ထိတွေ့ထားတဲ့သူတွေက ရပ်ကွက်ထဲကို ရောက်ချင်ရောက်နေမှာ။ ကျွန်တော်တို့ အနေနဲ့ကတော့ ကြိုတင်ကာကွယ်မှုအနေနဲ့ကတော့ အရေးကြီးတဲ့ကိစ္စမရှိရင် အပြင်မထွက်ကြဖို့ ကျွန်တော်တို့ မိသားစုကို အဲလိုပဲထိန်းချုပ်ပါတယ်” လို့ မြေနီကုန်းမှာနေထိုင်တဲ့ ဦးတင်ဆင့်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုဟာ ဘယ်အချိန်မှာ ဘယ်လိုအခြေအနေဖြစ်လာမယ်ဆိုတာ ကြိုတင်မသိနိုင်တာကြောင့် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ကလည်း အရေးကြီးပါတယ်။

အစိုးရနဲ့အဖွဲ့အစည်းတွေကလည်း ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

လူစည်ကားရာနေရာတွေနဲ့ ကားမှတ်တိုင်အချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လက်ဆေးတဲ့ ဘေစင်တွေကို ပြုလုပ်လို့ထားပါတယ်။

 

Watch

 

နောက်ပြီး ပညာပေး လက်ကမ်းစာစောင်တွေ ဝေငှတာတွေကို ပြုလုပ်ကြပြီး အဖွဲ့အစည်းတချို့နဲ့ ပရဟိတအဖွဲ့ အများစုက နှာခေါင်းစည်းနဲ့ လက်သန့်ဆေးရည် ဝေငှတာကိုလည်း ပြုလုပ်ကြပါတယ်။

လက်ကို မကြာခဏ ဆေးကြောပေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆရာဝန်တွေက ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

“လက်ကို ခဏခဏဆေးမယ်ဆိုလို့ရှိရင် ဗိုင်းရပ်စ်ရဲ့သဘောတရားက သေဆုံးနိုင်တဲ့အတွက်ကြောင့်မို့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီးတော့ လက်ကို ခဏခဏဆေးဖို့။ ဆပ်ပြာနဲ့ ရေနဲ့ မရှိဘူးဆိုရင် အကောင်းဆုံးကတော့ ALCohol ၆၀ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်တွေ သုံးဖို့ပေါ့နော်” လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ဒေါက်တာ မို့မို့သိင်္ဂီက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ ကမ္ဘာ့နိုင်ငံတွေမှာ ကူးစက်နေသလို သေဆုံးမှုနှုန်းတွေလည်း မြင့်တက်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွေကို ထားရှိဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းနှင့်ပြည်နယ်တွေမှာ နေရာတွေ ကြိုတင်ပြင်ဆင်ထားလို့လာနေပါတယ်။

 

 

ရောဂါဖြစ်ပွားတဲ့သူတွေ တွေ့ရှိခဲ့တဲ့နေရာအချို့ကိုလည်း Lock Down ပြုလုပ်ကာ ဝင်ထွက်သွားလာခွင့်တွေ တား မြစ်ထားလိုက်ပါတယ်။

ဒါ့အပြင် အဲဒီလူနာနဲ့ ထိတွေ့ခဲ့တဲ့သူတွေကိုလည်း အပြင်မထွက်စေဘဲ အိမ်မှာနေကြဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

လူစုလူဝေးဖြစ်ပေါ်စေမယ့် ပွဲလမ်းသဘင်တွေကို တားမြစ်ထားပြီး စည်းကမ်းချိုးဖောက်မှုတွေ ဖြစ်ပေါ်ခဲ့ရင် အရေး ယူမှုတွေ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ရောဂါလက္ခဏာတွေ့ရှိပါက သက်ဆိုင်ရာတွေကို အကြောင်းကြားဖို့နဲ့ ထိန်ချန်ထားခဲ့ပါက ကူးစက်ဥပဒေနဲ့ အရေး ယူနိုင်တယ်လို့လည်း အစိုးရက ကြေညာထားပါတယ်။

ရေးသားသူ - မိစုစုမာ