အဓိကအကြောင်းအရာသို့ သွားမည်

ကိုဗစ်-၁၉ က မြန်မာ့စီးပွားရေးအ‌ခြေအနေအပေါ် ပြင်းထန်သည့် ထိုးနှက်ချက်ဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

ရန်ကုန်၊ ဇွန် ၂၆

ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါဟာ မြန်မာနိုင်ငံ၏ စီးပွားရေးအ‌ခြေအနေအပေါ်  ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ရပ်ဖြစ်တယ်လို့ ကမ္ဘာဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာခြင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယေယူယျခန့်မှန်းအခြေအနေများအရ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းသည် (၆ ဒသမ ၈) ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် (၀ ဒသမ ၅) ရာခိုင်နှုန်းသို့ ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

ကပ်ရောဂါဆက်လက်ဖြစ်ပွားနေပါက စီးပွားရေးသည် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် (၂ ဒသမ ၅) ရာခိုင်နှုန်းအထိ ကျုံးသွားနိုင်ပြီး  ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှသာ ပြန်လည်နလံထူလာမှာဖြစ်သော်လည်း ထိခိုက်နိုင်ဖွယ်အန္တရာယ်များ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံအစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှုများဖြစ်သော ကိုဗစ်-၁၉ ရန်ပုံငွေ (COVID-19 Fund) ထူထောင်ခြင်းနှင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးစီမံချက် (COVID-19  Economic Relief Plan - CERP) များအား လေ့လာသုံးသပ်ထားပြီး ယင်းတို့တွင် အခွန် သက်သာခွင့်ပေးခြင်း၊ ကုန်သွယ်ရေးနှင့် ရင်နှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စေမည့် မူဝါဒများအပါအဝင် စီးပွား ရေးကုစားပေးနိုင်ရန်နှင့် ကြံ့ကြံ့ခံနိုင်သော ပြန်လည်ထူထောင်မှုဖြစ်စေရန် အထောက်အကူပေးမည့်နည်းလမ်းများ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ADV

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ၊ ကမ္ဘော့ဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က " အခု အချိန်မှာ မြန်မာ့စီးပွားရေးကာလလတ် မျှော်မှန်းချက်များက အကောင်းဘက်ဦးတည်နေပေမယ့် ကြိုတင်မခန့်မှန်း နိုင်တဲ့ ကပ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့ အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ခိုင်မာအားကောင်းတဲ့ မူဝါဒလုပ်ဆောင်မှုများ အရေးတကြီး လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့ အသုံးစရိတ် မျှော်မှန်းချက်တွေကိုလိုအပ်သလို ပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းငယ် အများအပြားသို့ တိုးချဲ့အထောက်အပံ့ပေးခြင်းနဲ့ နွမ်းပါးတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် CERP ကိုပိုမိုထိရောက် အောင်မြင်စေနိုင်ပါလိမ့်မယ်" လို့ ဆိုပါတယ်။

စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အောင်မြင်မှုများ ရရှိလျက် ရှိသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသော အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု ခန့်မှန်းထားပါသေးတယ်။

ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယေဘူယျခန့်မှန်းအခြေအနေ (Baseline Scenario)အရ ကမ္ဘာ့စီးပွားရေးပြန်လည် ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်းသည် ၂၀၂၀-၂၁ ဘဏ္ဍနှစ်တွင် (၇ ဒသမ ၂) ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆင်းရဲနွမ်းပါးမှုနှုန်းသည် ရေတိုကာလတွင် မြင့်တက်လာနိုင်ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ် တိုင်သည်အထိ ကိုဗစ်မတိုင် ခင်ကာလ အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ဦးမည်မဟုတ်ကြောင်းနှင့် ဆိုးရွားသွားနိုင်သည့် ခန့်မှန်းအခြေ အနေ (Downside Scenario) တွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် အနည်းဆုံး ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တိုင်အောင် ကိုဗစ် မတိုင်ခင်ကာလက အဆင့်အထက်တွင် ဆက်လက်တည်ရှိနေနိုင်တယ်လို့လည်း ဆိုပါတယ်။