အဓိကအကြောင်းအရာသို့ သွားမည်

ခုံးကျော်တံတားအောက်က စစ်တုရင်ကစားပွဲ

ရန်ကုန်၊ မတ် ၁၆

အရင်က ကိုဖြိုးမောင်ဟာ ရပ်ကွက်တွေထဲက လက်ဘက်ရည်ဆိုင်တွေမှာ စစ်တုရင်ထိုးခဲ့ပေမယ့် အခုဆိုရင် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့ပါပြီ။

အဲဒါကတော့ မြေနီကုန်း ခုံးကျော်တံတားအောက်မှာ ဖွင့်လှစ်လိုက်တဲ့ စစ်တုရင်ကလပ်တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။

အဲဒီကလပ်ကြောင့်လည်း သူဟာ သူ့ရဲ့ လက်ရည်တူ ကစားဖော်တွေနဲ့ ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပါတယ်။

 

01

သူ့လိုပဲ စစ်တုရင်ကစားသမားတွေ အများအပြားဟာ ခုံးကျော်တံတားအောက်က စစ်တုရင်ကလပ်ကို လာရောက် ကစားနေကြသလို လမ်းသွားလမ်းလာအများစုကလည်း ဝင်ရောက် ကစားနေကြတာကိုလည်း တွေ့နေရပါတယ်။

အရင်တုန်းက ခုံးကျော်တံတားအောက်တွေမှာ အပန်းဖြေအနားယူသူ၊ ဘောလုံးကန်နေကြတဲ့သူတွေနဲ့ စည်ကားနေသလို တဖြေးဖြေးနဲ့အားကစား ပြုလုပ်လာကြတဲ့သူတွေလည်း တိုးလို့လာနေပါတယ်။

အခုလို မြေနီကုန်း ခုံးကျော်တံတားအောက်မှာ စစ်တုရင်ကလပ်ဖွင့်တာကိုလည်း အများစုက ကြိုဆိုလို့နေပါတယ်။

စစ်တုရင်ကလပ်ကို ခုံးကျော်တံတားအောက်မှာ ဖွင့်လှစ်ရတဲ့အကြောင်းကိုလည်း စမ်းချောင်းမြို့နယ်ရဲ့ အားကစား နှင့် ကျန်းမာရေးဦးစီးဌာနက ဒုဦးစီးမှူးဖြစ်တဲ့ ဒေါ်မယ်ရီစန်းက “ဒီနေရာက လမ်းသွားလမ်းလာလည်းများတော့ လူစိတ်ဝင်စားမှုပိုများမယ်။ အဓိကကတော့ စစ်တုရင်ကစားတဲ့သူတွေ များများပေါ်ပေါက်စေချင်တဲ့ရည်ရွယ်ချက် နဲ့ အခုလိုလုပ်တာပါ” လို့ ပြောပါတယ်။

02

ဒီစစ်တုရင်ကလပ်ကနေအဖွဲ့ဝင်တွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲတွေကိုလည်း ပြုလုပ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

မြေနီကုန်း ခုံးကျော်တံတားအောက်က စစ်တုရင်ကလပ်မှာ ကစားတဲ့သူနည်းပါးနေပြီဖြစ်တဲ့  မြန်မာ့စစ်တုရင်ကို လည်း လာရောက်လေ့လာကစားလို့ရတယ်လို့ သိရပါတယ်။

အခုလို ခုံးကျော်တံတားအောက်မှာ ကစားပွဲတွေ တိုးလာတဲ့နေရာရှိပေမယ့်လည်း တချို့သော ခုံကျော်တံတားတွေ မှာတော့ ကစားပွဲတွေကတော့ ပျောက်ကွယ်လုနီးပါး ရှိလို့နေပါတယ်။

ခုတစ်ဖန် ဒီလိုကစားပွဲတွေ ရှိလာတာကို မြောက်ဥက္ကလာမှာနေထိုင်တဲ့ ကိုမျိုးမြင့်သန်းကတော့ “ဒီလိုမျိုးလုပ်ပေး တာကောင်းတယ်။ ကျွန်တော်တို့ဆိုရင် ရပ်ကွက်တွေက လက်ဖက်ရည်ဆိုင်တွေမှာပဲ လိုက်ကစားနေရတာ။ ဒီလို မျိုးကို တခြားနေရာမှာ ကျွန်တော်မတွေ့ဘူး။ ဒီမှာပဲတွေ့ဖူးတာ” လို့ စစ်တုရင်ကစားရင်း ပြောပါတယ်။

 

03

မြေနီကုန်း ခုံးကျာ်တံတားအောက်မှာဆိုရင် ဘောလုံးကစားတဲ့သူတွေ၊ မြန်မာ့ရိုးရာ ခြင်းလုံးကစားတဲ့သူတွေနဲ့ အခုဆိုရင် စစ်တုရင်ကစားနေကြတဲ့သူတွေ တိုးပွားလို့လာနေပြီး ကျောင်းပိတ်ရက်နဲ့ ရုံးဆင်းချိန်တွေမှာတော့ စည်ကားလို့နေပါတယ်။

ခုံးကျော်တံတားတွေအောက်မှာ ကစားပွဲတွေကိုလည်း အခုဆိုရင် တဖြည်းဖြည်းနဲ့ ဖန်တီးလို့ လာနေကြပါတယ်။

ဒါကြောင့် ခုံးကျော်တံတားအောက်တွေဟာ ပြည်သူတွေ အပန်းဖြေအနားယူဖို့အတွက် နေရာတစ်ခု ဖြစ်ခဲ့သည်သာမက အခုဆိုရင် ကစားဖို့အတွက်နေရာတစ်ခုတဖွယ် ဖြစ်ပေါ်လို့လာနေပါတယ်။

 

7

အခုလို ဖြစ်ပေါ်လာတာကလည်း ကောင်းမွန်တဲ့ အပြောင်းအလဲတစ်ခုလို့ အများစုက ပြောဆိုနေကြပါတယ်။

“ကလေးတွေက ရပ်ကွက်တွေမှာ လျှောက်ဆော့နေတော့ အန္တရာယ်များတယ်လေ။ နောက်ပြီး ရန်ကုန်မှာက ဆော့ဖို့အတွက်နေရာမရှိသလောက်ပဲလေ။ အခုလို ခုံးကျော်တံတားအောက်မှာဆိုတော့ အန္တရာယ်ကင်းတာပေါ့” လို့ ကလေးမိဘတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်အေးက ပြောပါတယ်။

ဒါကြောင့်မို့ အပန်းဖြေအနားယူဖို့အတွက်နဲ့ အခုလိုတွေ ကစားဖို့အတွက် နေရာတွေကို ထပ်မံဖော်ဆောင် ပေးဖို့ကလည်း လိုအပ်ချက်တစ်ခု ဖြစ်လို့နေပါတယ်။

ရေးသားသူ - မိစုစုမာ