အဓိကအကြောင်းအရာသို့ သွားမည်

ကေပီအမ် က အာလီဘာဘာ၏ fliggy.com ကို မြန်မာပြည်ဈေးကွက်အတွက် ပူးပေါင်း

ရန်ကုန်၊ ဖေဖော်ဝါရီ  ၄

မြန်မာပြည်သို့ လာရောက်လည်ပတ်သော တရုတ်ခရီးသွားဧည့်သည်များ  နှစ်စဉ်တိုးတက်နေသောကြောင့် အွန်လိုင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်း fliggy.com ကို ပြည်တွင်းဈေးကွက်တွင် ထည့်သွင်းဝန်ဆောင်မှုပေးရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ ကေပီအမ်-KIWIPAY MYANMAR ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွဋ်ဦးယွန်းက BETV Business သို့ ပြောပါတယ်။

ကနဦးအဆင့်တွင် ဟိုတယ်ဘွတ်ကင်လုပ်ငန်းကို ဦးစားပေးလုပ်ကိုင်မည်ဟု KPM က ဆိုပါတယ်။

fliggy.com ကနေ မြန်မာပြည်ကို လာရောက်တဲ့ တရုတ်ခရီးသွားဧည့်သည်တွေ ပြည်တွင်းက ဟိုတယ်တွေကို တိုက်ရိုက်ဘွတ်ကင်တင်နိုင်မှာဖြစ်ပါတယ်” လို့  ၎င်းက ပြောပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ ဧည့်သည်ပေါင်း  (၇) သိန်းခွဲခန့် လာရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် တရုတ်ဧည့်သည် (၄) သိန်းခွဲကျော် ပိုမိုမြင့်တက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း လူမျိုးရေး ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ ဥရောပနိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှု (၄၀) ရာခိုင်နှုန်းမှ (၅၀) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ တယ်လို့ ခရီးသွားလုပ်ငန်းစစ်တမ်းများနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ဆိုထားပါတယ်။

ဈေးကွက်တွင် ဟိုတယ်ဘွတ်ကင်တင်နိုင်သော အွန်လိုင်းပလက်ဖောင်းအချို့ရှိသော်လည်း ၎င်းပလက်ဖောင်းများကို အနောက်ဥရောပနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများကသာ အသုံးပြုကြပြီး တရုတ်နိုင်ငံသားများအတွက် တိုက်ရိုက်ဘွတ်ကင်တင်နိုင်သော ပလက်ဖောင်းမရှိဟု ဦးထွဋ်ဦးယွန်းက ရှင်းပြသည်။

Fliggy
fliggy.com သည် Alibaba ၏ လက်အောက်ခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်သည်။ (ဓာတ်ပုံ-fliggy.com)

မြန်မာနှင့် ဟောင်ကောင် ဖက်စပ်ထူထောင်

ဟောင်ကောင်အခြေစိုက် KIWIPAY အနေဖြင့် အာဆီယံနိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများ တွင် တရုတ်ဧည့်သည်များအတွက် fliggy.com နှင့် ပေါင်းဖက်ကာ ဝန်ဆောင်မှုပေးနေပြီး မြန်မာပြည်ဈေးကွက်  အတွက် E-Commerce နှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် APEXAND INTERNATIONAL နှင့် အကျိုးတူ ပူးပေါင်းထားပါတယ်။

KIWIPAY MYANMAR တည်ထောင်ခြင်းအတွက် နှစ်ဦးသဘောတူစာချုပ်ကို ယခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့က ရန်ကုန်မြို့တွင် ကုမ္ပဏီနှစ်ခုက လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က ပြည်တွင်းမိတ်ဘက်ဖြစ်တဲ့ APEXAND INTERNATIONAL ကို နည်းပညာ ထောက်ပံ့ပေးတာတင်မဟုတ်ဘဲ အတွေ့အကြုံတွေကို မျှဝေဖို့ပါ သဘောတူ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်” လို့  KIWIPAY ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Gregory Schmidt က BETV Business ကို ပြောပါတယ်။

KIWIPAY အနေဖြင့် နည်းပညာအပြင် ငွေပေးချေမှု၊ ဈေးကွက်၊ ဟိုတယ်များနှင့် ဆက်သွယ်ရေး၊ စနစ်တစ်ခုလုံး အတွက် သတင်းအချက်အလက်ပေးခြင်းများစသည်တို့ကို ၁၀၀ ရာခိုင်နှုန်း သိမြင်တတ်ကျွမ်းသည့် အဖွဲ့တစ်ခု အား တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း Gregory က ဖြည့်စွပ်ပြောဆိုပါတယ်။

နှစ်လအတွင်း စတင်မည်

Fliggy.com သည် တရုတ်၏ အွန်လိုင်း အရောင်းအဝယ်၊ လက်လီလုပ်ငန်းနှင့် နည်းပညာလုပ်ငန်းဖြစ်သော Alibaba (အာလီဘာဘာ) ၏ လက်အောက်ခံ အွန်လိုင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး ယင်း ဝဘ်ဆိုဒ်သို့ ဝင်ရောက်သူပေါင်းသည် အပတ်စဉ်တိုင်း သန်း ၃၅၀ ရှိပြီး အပလီကေးရှင်းကို ဒေါင်းလုတ် လုပ်သူပေါင်းသန်း (၂၀၀) ရှိသည်ဟု သိရသည်။

အဆိုပါ fliggy.com တွင် မြန်မာဟိုတယ်များ အခမဲ့ စာရင်းသွင်းနိုင်ပြီး တရုတ်ခရီးသွားများက တိုက်ရိုက်ဘွတ်ကင်တင်နိုင်မည် ဖြစ်သည်။

 

ADV

 

ယခုအခါ KPM အနေဖြင့် fliggy.com တို့ မြန်မာပြည်ဈေးကွက်အတွက် စာချုပ်ချုပ်ထားပြီး လာမည့် နှစ်လတွင် fliggy ကို မိတ်ဆက်သွားမည်ဟု ဦးထွဋ်ဦးယွန်းက ဆိုသည်။

၎င်းက “ကျွန်တော်တို့ လုပ်ငန်းကိုတော့ ဟိုတယ်ပေါင်း ၅၀၀ လောက်ရပြီဆိုရင် ဒီ နှစ်လအတွင်းမှာ စလို့ရပြီ” ဟု ပြောပါတယ်။

လက်ရှိအချိန်အထိ ပြည်တွင်းဟိုတယ်ပေါင်း ၁၁၈ ခုနှင့် အလုပ်လုပ်ရန် သဘောတူညီထားပြီး ဖြစ်ပါတယ်။

ကနဦး ဦးတည်ပစ်မှတ်ထားသော ဟိုတယ် ၅၀၀ ကို fliggy.com တွင် စာရင်းတင်ပြီးပါက တစ်နိုင်ငံလုံးရှိ Guest House များ၊ Hostel များနှင့် ဆက်လက် ချိတ်ဆက်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ ရည်ရွယ်ထားတာကတော့ မြန်မာပြည်တစ်ခုလုံးပေါ့၊ ဒါပေမယ့် အဓိက ခရီးသွား လုပ်ငန်းဖြစ်ထွန်းတဲ့ မြို့တွေကို အာရုံစိုက်သွားမှာဖြစ်ပါတယ်။ ပြီးတော့ မြို့သေးသေးလေးတွေပဲဖြစ်ဖြစ်၊ မြို့အကြီးကြီးတွေပဲဖြစ်ဖြစ် အကုန်လုံးပါအောင် ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့  ဦးထွဋ်ဦးယွန်းက ဖြည့်စွပ်ပြောဆိုသည်။

China Toure
၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှု အခြေအနေ

နှစ်နှစ်အတွင်း ဘွတ်ကင်ပေါင်း နှစ်သိန်းရရှိရန် မျှော်မှန်း

KPM အနေဖြင့် ၎င်းတို့ စာချုပ်ချုပ်ဆိုထားသော fliggy.com မှ တဆင့် နှစ်နှစ်အတွင်း တရုတ်ခရီးသွားများ ဟိုတယ်ဘွတ်ကင်ပြုလုပ်မှုပေါင်း နှစ်သိန်းအထိ ရရှိရန် မျှော်မှန်းထားသည်ဟု သိရပါတယ်။

ယင်းမျှော်မှန်းချက်နှင့်ပတ်သတ်လို့  ဦးထွဋ်ဦးယွန်းက  “ဒါကိုတော့ မြန်မာဟိုတယ်တွေရယ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအသင်းရယ်၊ Alibaba ရယ် သုံးခုလုံး ပူးပေါင်း ပြီးတော့ မြန်မာနိုင်ငံကို တရုတ်မှာ လုပ်ငန်းမြှင့်တင်ဖို့ Application တွေကနေ Offline ရော Online ရော အတူတူ Promote လုပ်ပြီး ပြည်တွင်းခရီးသွားကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ကြိုးစားနေပါတယ်” လို့  ဆိုပါတယ်။ 

ထို့အပြင် ကနဦးအနေဖြင့် တရုတ်ဧည့်သည်ဝင်ရောက်မှု၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကို ပစ်မှတ်ထားလျက်ရှိပါတယ်။

မြန်မာ၏ မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများသော လာအိုနိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ တရုတ်ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ တစ်သန်းကျော်၊ ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်သန်းကျော်နှင့် ထိုင်းနိုင်ငံသို့ ၁၀ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း KPM က သိရပါတယ်။

KPM အနေဖြင့် ဟိုတယ်ဘွတ်ကင်အပြင် ပြည်တွင်းရှိ အသေးစားအလတ်စား SME လုပ်ငန်းများနှင့် လက်တွဲကာ ခရီးသွားလုပ်ငန်းကဏ္ဍဝန်ဆောင်မှုများကို fliggy.com ပလက်ဖောင်းမှတဆင့် တိုးချဲ့ လုပ်ကိုင်သွားမှာပါ။

KIWIPAY Myanmar နဲ့ Fliggy တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက SME တွေ၊ Tour Operator တွေ ရှိမယ်၊ Car Operator တွေရှိမယ်၊ Bike Operator တွေ ရှိမယ်။ နောက်ပိုင်းမှာ တရုတ်ခရီးသည်တွေအတွက် ဝန်ဆောင်မှုတွေ ထပ်တိုးချဲ့သွားဖို့ ရှိမယ်” လို့  ဦးထွဋ်ဦးယွန်းက ဖြည့်စွပ်ပြောဆိုခဲ့ပါတယ်။

ရေးသားသူ - BETV Business