အဓိကအကြောင်းအရာသို့ သွားမည်

COVID-19 ဗိုင်းရပ်နှင့် မြန်မာ့စီးပွားရေးဂယက်

ရန်ကုန်၊ မတ်လ ၁ 

တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ် ဖြစ်ပွားနေတာ တလပြည့်ပါပြီ။ ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၇) ရက်နေ့လောက်ကနေ စတင် ဖြစ်ပွားခဲ့တဲ့ ဒီဗိုင်းရပ်ကူးစက်မှုဟာ အရှိန်မကျသေးတဲ့အပြင် တရုတ်နိုင်ငံတွင်းသာမက တကမ္ဘာ့လုံးကို အကျိုးသက်ရောက်နေ သလို ကူးစက်ပြန့်နှံနေတာလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံအပေါ်မှာလည်း COVID-19 ဗိုင်းရပ် ကြောင့် ဆိုးကျိုးတွေ တဖြေးဖြေးခံစားလာနေရတာပါ။ မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်မတွေ့ပေမယ့်လည်း စီးပွားရေးဂယက်မှာတော့ အတော်ကိုထိခိုက်ခံစားလာနေရတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဆန်၊ ဖရဲသခွားမွေး၊ အထည်ချုပ်၊ ကျောက်မျက်၊ ရေထွက်ကုန်နဲ့  နယ်စပ်ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုရှိလို့လာ နေတာပါ။

01
၂၀၁၉-၂၀ဘဏ္ဍာရေးနှစ် ဆန်စပါးတင်ပို့မှု အခြေအနေ (ပုံ-မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

 

တလအတွင်း ဆန်တန်ချိန်(၆၀၀)လောက်သာ တင်ပို့ထား

နယ်စပ်ကုန်သွယ်ရေးအခြေအနေ ရပ်တန့်နေဆဲ ဖြစ်တာမို့ ဆန်အဝယ်ကလည်း မရှိသလောက် အခြေအနေမှာ ရှိနေပြီး တလ နီးပါးအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန် (၆၀၀) ကျော်လောက်သာ တင်ပို့ထားနိုင်သေးတာတွေ့ရပါတယ်။ ဒါပေမယ့် ရေကြောင်း ကုန်သွယ်ရေးဘက်မှာ ဝယ်လိုအားရှိနေတာကြောင့် လက်ရှိအချိန်မှာတော့ ပြည်တွင်းဆန်ဈေး အနည်းငယ်မြင့်တက်လို့ လာ နေပါတယ်။

တပ်ရိက္ခာအတွက် ဆန်အပ်နှံရန် ဝယ်ယူခြင်း၊ အကျဉ်းဦးစီးဌာန ဆန်အပ်နှံရန် ဝယ်ယူခြင်း၊ တင်ဒါစပါးအပ်နှံရန် ဝယ်ယူခြင်း ၊ Export လုပ်ရန် ဆန်ဝယ်ယူခြင်း၊ နိုင်ငံတကာဆန်ဈေး မြင့်တက်လာခြင်း တို့ကြောင့် ပြည်တွင်းဆန်ဝယ်လိုအားရှိနေတာမို့ ဆန်ဈေးမြင့်တက်လာတာဖြစ်တယ်လို့ ဆန်လုပ်ငန်းရှင် ဦးထွန်းဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့စာရင်းတွေအရ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ (၁) ရက်မှ ဖေဖော်ဝါရီလအထိ နယ်စပ်ကနေ ဆန်တင်ပို့မှုဟာ တန်ချိန် (၁၆၃၄၈၁)ရှိပြီး  ပြည်ပဆန်တင်ပို့မှုရဲ့ (၁၃ ဒသမ ၆၈) ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ တရုတ်နှစ်သစ်ကူးအပြီး  COVID-19 ဗိုင်းရပ် စတင်တဲ့ ဇန်နဝါရီလ (၂၇) ရက်နေ့ကနေ  လက်ရှိ အချိန်ထိ တလနီးပါးအချိန်တွင်း တန်ချိန် (၆၀၀) ကျော်လောက်သာ တင်ပို့ခဲ့တာပါ။ ဒီကြားကာလအတွင်း  သင်္ဘောနဲ့ ဆန်တင်ပို့မှုဟာ ဆန်နဲ့ဆန်ကွဲ တန်ချိန် တစ်သိန်းကျော် တင်ပို့ထားနိုင်တာမို့ အတော်ကို ကွာဟနေတာတွေ့ရပါတယ်။

02
မူဆယ်(၁၀၅)မိုင်ရှိ ဖရဲ သခွားမွှေး ရောင်းဝယ်သည့် နေရာတခုအား တွေ့မြင်ရစဉ် (ပုံ-ခွာညိုပွဲရုံ)

 

သန်း(၅၀)ကျော် နစ်နာဆုံးရူံးခဲ့တဲ့ ဖရဲ၊သခွားမွှေး တင်ပို့မှု

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားချိန်ကစပြီး လက်ရှိအချိန်ထိ ဖရဲ၊ သခွားမွေးတင်ပို့ရောင်းချနိုင်ခြင်း မရှိတာကြောင့် တောင်သူတွေ၊ ကုန်သည်တွေ အနေနဲ့ အမေရိကန်ဒေါ်လာသန်း (၅၀)နီးပါး နစ်နာ ဆုံးရူံးခဲ့တယ်လို့  မြန်မာနိုင်ငံဖရဲသခွားမွှေး စိုက်ပျိုးထုတ် လုပ်ရောင်းချသူများအသင်း ဥက္ကဌ ဦးနိုင်ဝင်းက ပြောပါတယ်။

ယခင်နှစ်ကာလတွေမှာ တရုတ်နှစ်သစ်ကူးအပြီးဆိုရင် တစ်ရက်ကို ဖရဲ၊သခွားမွှေး တင်ဆောင်တဲ့ ကားစီးရေ (၇၀၀)ကျော် ပုံမှန် သွားရောက်နေပေမယ့်  လက်ရှိအချိန်မှာတော့ တစ်ရက်ကို ကားစီးရေ (၁၀၀) ဝန်းကျင်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ ကနဦး ကာလတွေမှာ တစ်ရက်ကို ကားစီးရေ (၄၀) ဝန်းကျင်လောက်သာ သွားနေရာကနေ လက်ရှိကာလမှာပြန်ကောင်းလာနေတာပါ။

မြန်မာနိုင်ငံမှာ ဖရဲသီး တန်ချိန်(၈)သိန်း နဲ့ သခွားမွှေးတန်ချိန်(၁)သိန်းခွဲလောက် ထွက်ရှိပေမယ့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အတွင်း ဖရဲတန်ချိန် (၃) သိန်းလောက်နဲ့ သခွားမွှေးတန်ချိန် (၄၀၀၀၀)လောက်သာ တင်ပို့ထားနိုင်သေးတာပါ။ ပြီးတော့ တရုတ် နှစ်သစ်ကူး        ပြီးတဲ့ လက်ရှိကာလတွေဟာ နှစ်စဉ် ဖရဲ၊သခွားမွှေး အများဆုံး တင်ပို့တဲ့ ကာလတွေ ဖြစ်ပေမယ့် တရုတ်က COVID-19 ဗိုင်းရပ်ကြောင့် နယ်စပ် ဝင်ပေါက်တွေနဲ့ တရုတ်သယ်ယူပို့ဆောင်ရေးလမ်ကြောင်းတွေကို ကန့်သတ်တာကြောင့် အဝယ်မရှိတဲ့ အနေအထား ဖြစ်နေပါတယ်။ ဖရဲသီးတွေဟာ အချိန် (၁)လကျော်သာ အထားခံတာမို့ တရုတ်နိုင်ငံအနေနဲ့ COVID-19 ဖြစ်ပွားတာ အချိန်ကြာမြင့်လေ အကျိုးသက်ရောက်မှု ပိုကြီးလာမှာပါ။

ကုန်ကြမ်းပြတ်တောက်လာနေတဲ့ အထည်ချုပ်

မြန်မာနိုင်ငံမှာ အထည်ချူပ်ကဏ္ဍပါဝင်တဲ့ CMP စနစ်သုံး အလုပ်ရုံတွေမှာ လုပ်သားပေါင်း(၅)သိန်းကျော် ရှိပြီး ၂၀၁၈ ခုနှစ်က ဆိုရင် ပြည်ပပို့ကုန်ရငွေက အမေရိကန်ဒေါ်လာ (၄ ဒသမ ၆)ဘီလီယံအထိ ရရှိထားတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပိုများ တယ်လို့ ခန့်မှန်းထားကြပြီး အထည်ချုပ်ဈေးကွက်ကောင်းမွန်နေတာကြောင့် တလ၊ တလကို အလုပ်ရုံ (၆) ရုံလောက် ဖွင့်လာ နေတဲ့ အခြေအနေကောင်းတခုကို ပိုင်ဆိုင်ထားတာပါ။ သို့ပေမယ့် စက်ရုံ၊အလုပ်ရုံတွက် လိုအပ်တဲ့ကုန်ကြမ်းအများစုကို တရုတ် နိုင်ငံက တင်သွင်းနေရတာဖြစ်ပြီး COVID-19 ဗိုင်းရပ်ကြောင့် ကုန်ကြမ်းရရှိနိုင်မှု ပြတ်လပ်နိုင်တဲ့အနေအထားကို ကြုံနေရတယ် လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

COVID-19 ဗိုင်းရပ်က တကမ္ဘာလုံးအပေါ် အကျိုးသက်ရောက်မှု ရှိသလို မြန်မာအပေါ်မှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ် လို့ ဒေါ်ခိုင်ခိုင်နွယ် ကဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကုန်ကြမ်းပို့ဆောင်ပေးရာမှာ ဖေဖော်ဝါရီလကုန်အထိ အဆင်ပြေနေပေမယ့် မတ်လအတွက် ကုန်ကြမ်းရရှိ နိုင်ဖို့က အခက်အခဲ ရှိတယ် လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာလည်း COVID-19 ကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ၊ ပို့ဆောင်ရေးလမ်းကြောင်းတွေ ရပ်တန့်နေတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံကို ကုန်ကြမ်းပို့ဆောင်ဖို့ အခက်အခဲရှိနေတာပါ။ လက်တလော တရုတ်နိုင်ငံမှာ စက်ရုံအလုပ်ရုံတချို့ ပြန်ဖွင့်လာပေမယ့် လုပ်သား (၅၀) ရာခိုင်နှုန်းလောက်သာ လုပ်ကိုင်နေကြ သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ အထည်ချုပ်ကုန်ကြမ်း ထက်ဝတ်လောက်ကို နယ်စပ်ကနေ တင်သွင်းလာတာဖြစ်ပြီး လတ်တလောမှာတော့ ရပ်တန့်နေဆဲအခြေအနေမှာ ရှိနေပါတယ်။ ပြည်တွင်းမှာလည်း ကုန်ကြမ်းတဖြေးဖြေးလျော့ကျလာနိုင် တဲ့ အခြေအနေဖြစ်တာမို့ ပြည်တွင်းစက်ရုံတွေမှာလည်း ကုန်ကြမ်းပြတ်လပ်ရင် အလုပ်တွေ ရပ်နားနေရနိုင်တဲ့ အခြေအနေပါ။

04
ကျောက်စိမ်းဈေးကွက်မှာလည်း အဝယ်လျော့ကျသွားခဲ့ (ပုံ-ဖားကန့် ကျောက်စိမ်းလုပ်ငန်းဂရု)

 

ရေရှည်ဖြစ်လေလေ အကျိုးသက်ရောက်မှုများမယ့် ကျောက်စိမ်းဈေးကွက်

ကျောက်မျက်ဈေးကွက် အနေအထားအရ  တရုတ်ဝယ်လက်နည်းပါးလာတာကြောင့် ထိခိုက်မှုရာခိုင်နှုန်း တဖြေးဖြေးတိုးတက် လာနေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ကျောက်စိမ်းဈေးကွက်အတွက် အဓိကဝယ်သူတွေဟာ တရုတ်ဈေးကွက် ဖြစ်တာမို့ ပြည်တွင်းမှာလည်း ကျောက်မျက်အရောင်းပြပွဲ ရွှေ့ဆိုင်းခဲ့တာမျိုး ရှိပါတယ်။ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှာတော့ တရုတ်နိုင်ငံ ရွှေလီမြို့က ကျောက်မျက်အရောင်းပြခန်းတွေ ပြန်ဖွင့်လာပေမယ့် လူအလာနည်းသေးတယ်လို့  ကချင်ပြည်နယ် ကျောက်မျက် လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဇေလွမ်းက ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနာမြို့မှာ ကျောက်မျက် အရောင်းပြပွဲကို ကျင်းပနေပြီး လူဝင်ရောက်လာမူတော့ ရှိတယ်လို့ ဆိုပြီး အရောင်းအဝယ်အခြေအနေကတော့ အတိအကျ မသိရသေးပါဘူး။ ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ မန္တလေးကျောက်မျက်ပြပွဲကိုလည်း ရပ်နားထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာတော့ အွန်လိုင်းကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်စနေတာတွေ့ရပြီး ကျောက်မျက်အရောင်းပြခန်းတွေ ဖွင့်လှစ်လာ ပေမယ့် လူအဝင်မရှိသေးဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်စိမ်းတွေဟာ တရုတ်ဈေးကွက်ကို နည်းလမ်းပေါင်းစုံနဲ့ ဝင် ရောက်မှု ရှိနေတာကြောင့်  လက်ရှိအချိန်ထိ ထိခိုက်နစ်နာနိုင်တဲ့ တန်ဖိုးပမာဏကို အတိအကျ ခန့်မှန်းရခက်ပါတယ်။ သို့ပေ မယ့် ကျောက်စိမ်းဆိုတာမျိုးက ရောင်းမထွက်သေးပေမယ့် ကြိုက်တဲ့ အချိန် ရောင်းဝယ်လို့ရတဲ့အတွက် တခြားပို့ကုန်တွေ ထက်စာရင် ဆုံးရူံးမူနည်းမှာပါ။

ပို့ကုန်တင်ပို့မှု ထိခိုက်လာနေတဲ့ ရေထွက်ကုန်

တရုတ်နိုင်ငံ မှာ COVID-19 ဖြစ်ပွားပြီးနောက် နယ်စပ်လမ်းကြောင်းတွေ ပိတ်ထားရာမှာ ရေလုပ်ငန်းပို့ကုန်တွေ လုပ်ဆောင်နေ တဲ့ မြန်မာလုပ်ငန်းရှင်တွေအတွက် စီးပွားရေးအရ ထိခိုက်မှုတွေ ရှိလာပါတယ်။ တရုတ်အဝယ်ကို အဓိကအားပြုရတဲ့ ပုဇွန်၊ ကဏန်းလုပ်ငန်းဟာ အဝယ်မရှိရင် ဖမ်းတာ ရပ်နားနေရမှာမို့ အောက်ခြေလုပ်သားတွေအပေါ် အကျိုးသက်ရောက်မှု ကြီးပါ တယ်။ တလနီးပါးအကြာ အလုပ်မရှိရင် ဝင်ငွေထိခိုက်နိုင်တဲ့ ဒီလုပ်ငန်းဟာ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက အရေးပါပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုက်ပြန်တဲ့သတင်းတွေအရ နယ်စပ်ကုန်သွယ်ရေးစခန်း မှတစ်ဆင့်  တရုတ်နိုင်ငံသို့ တင်ပို့မည့် ပို့ကုန်များဖြစ်သည့် ကဏန်း၊ ငါး၊ ပုစွန်၊ ဆန်၊ ပြောင်းနှင့်သကြား  စသည့် မြန်မာ့ ပို့ကုန် များမှာ ၁၀ဝ ရာခိုင်နှုန်းနီးပါး ရပ်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံ ရေထွက်ပို့ကုန် ရရှိတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ သန်း (၇၃၀)ကျော် ရှိနေပြီး ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိ သန်း(၃၇၃)အထိ တင်ပို့ထားနိုင်တယ် လို့ သိရပါတယ်။ မြန်မာ့ရေထွက်ကုန် အများစုကို တရုတ်ဈေးကွက်ကို တင်ပို့နေရတာ ဖြစ်ပြီး နယ်စပ်ကနေ တင်ပို့မှုကလည်း အများဆုံးဖြစ်ပါတယ်။ တရုတ်နှစ်သစ် ကူးကာလအပြီးမှာ မြန်မာရေထွက်လုပ်ငန်းရှင်တွေအနေနဲ့ တရုတ်ဈေးကွက်ကို တင်ပို့နိုင်ဖို့ ပြင်ဆင်ထားကြပေမယ့် COVID-19 ကြောင့် တင်ပို့နိုင်ခြင်းမရှိတော့တဲ့ အခြေအနေကို ကြုံတွေ့နေရတာပါ။ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ တရုတ်ဈေးကွက်ကို တင်ပို့မှု အများဆုံးကာလတွေ ဖြစ်ရမှာ ဆိုပေမယ့်လည်း COVID-19 ဗိုင်းရပ်ကြောင့် အတော်ကို ထိခိုက်နစ်နာသွားခဲ့ရတယ်လို့ ဆိုရမှာပါ။

၀၃
နယ်စပ်ကုန်သွယ်ရေးအခြေအနေနှင့် ပါတ်သက်ပြီး ရှင်းပြခဲ့သည့် ဒုတတိယသမ္မတ ပါဝင်သည့် အစည်းအဝေး (ပုံ-UMFCCI)

 

နယ်စပ်ကုန်သွယ်ရေး ဘယ်လောက်နစ်နာလဲ

ကိုရိုနာဗိုင်းရပ်ကြောင့် မြန်မာ့ပို့ကုန်သွင်းကုန်ကဏ္ဍမှာလည်း အထိုက်အလျောက် နစ်နာတာရှိခဲ့ပါတယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဒေါတ်တာသန်းမြင့်က ပြောခဲ့ပါတယ်။

ဒီဗိုင်းရပ်ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံ အနေနဲ့ နယ်စပ်တွေကို ပိက်ပင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကာလတူနဲ့ နှိုင်း ယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာသန်း (၂၀၀) ကျော် လျော့နည်းခဲ့တာတွေ့ရပါတယ်လို့ စီးပွားရေးနှင့် ကုူးသန်းရောင်းဝယ် ရေးဝန်ကြီး ဒေါတ်တာသန်းမြင့်က ပြောပါတယ်။

၂၀၂၀ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ကနေ ဖေဖော်ဝါရီလ(၁၄)ရက်နေ့အထိ နယ်စပ်ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာ (၁၅၂) သန်းနဲ့ သွင်းကုန် အမေရိကန်ဒေါ်လာ (၅၇)သန်း လျော့နည်းခဲ့တာဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ(၂၀၉)သန်း လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါအပြင် အစိုးရအတွက် အခွန်အခရရှိမှုအပိုင်းမှာလည်း လျော့ကျခဲ့သလို တရုတ်နိုင်ငံမှာ ဗိုင်းရပ်ပြန့်ပွားမှုကြောင့် မြန်မာလုပ်သားများ နေရပ်ကို ပြန်လာကြတဲ့အခြေအနေများကြောင့်လည်း လုပ်သားတွေ ဝင်ငွေလျော့ ကျခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးရေးထွက်ကုန်အများစုကို တရုတ်ကို တင်ပို့နေရတာဖြစ်ပြီး ကုန်စည်အများစုဟာ ရေရှည်အထားမခံတဲ့ အနေအထားကြောင့် ပြည်တွင်းဈေးကွက်မှာ ဖြန့်ဝေရောင်းချနိုင်ဖို့ အစိုးရက စီစဉ်နေပါတယ်။ သို့ပေမယ့် ကဏန်းတွေနဲ့ သခွားမွှေးတို့လို ကုန်စည်တွေဟာ ပြည်တွင်းမှာစားသုံးမှုနည်းတဲ့အတွက် တင်ပို့နေရမူထက် စားသုံးနိုင်မှုက ပိုနည်းပါတယ်။

ဒါတွေကို အစိုးရက လိုအပ်တဲ့ ဈေးကွက်သစ်တွေ ရှာဖွေပေးနေတယ်လို့ ဆိုထားပေမယ့် တရုတ်ဈေးကွက်လို ကြီးမားတဲ့ ဈေး ကွက်ရရှိဖို့က ခတ်ခဲနေအုန်းမှာပါ။ မြန်မာနိုင်ငံနဲ နယ်စပ်ဖြစ်တဲ့ တရုတ်ယူနန်ပြည်နယ် လူဦးရေဟာ မြန်မာနိုင်ငံလူဦးရေနီးပါး ရှိနေပြီး တခြားပြည်နယ်တွေပါဆို အတော်ကို ကြီးမားတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။

၀၅

 

တခြားကဏ္ဍတွေမှာ အကျိုးသက်ရောက်မှု

လက်ရှိမှာတော့ ဖော်ပြပါ အကြောင်းအရာတွေဟာ လက်တလော မြန်မာအပေါ် အကျိုးသက်ရောက်နေတဲ့ အနေအထားဖြစ် သလို တခြားကဏ္ဍတွေမှာလည်း အကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။ COVID-19 ဗိုင်းရပ်ဟာ တကမ္ဘာလုံးကို ပျံနှံနေတာ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ အရေးပါတဲ့နိုင်ငံတွေကိုပါ ပျံနှံနေတာကြောင့် နောက်ပိုင်းပိုဆိုးကျိုးရရှိလာနိုင်တဲ့ အခြေ အနေမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားတဲ့ စင်ကာပူနိုင်ငံမှာလည်း COVID-19 ဗိုင်းရပ်ကူးစက်နေသလို တောင်ကိုရီး ယားနဲ့ ဂျပန်နိုင်ငံမှာလည်း ဒီရောဂါပြန်နှံမှု ဖြစ်နေတာပါ။ ဒီလိုနိုင်ငံတွေဟာ မြန်မာအတွက် ကုန်သွယ်ရေး၊ စီးပွားရေးအရပါ အတော်ကို အရေးပါတဲ့နိုင်ငံတွေဖြစ်တာမို့ မြန်မာအတွက်လည်း စိက်ပူစရာအခြေအနေပါ။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး နိုင်ငံဖြစ်သလို ကုန်သွယ်ရေးမှာလည်း နယ်စပ်ရော ရေကြောင်း ကုန်သွယ်မှုမှာပါ အရေးပါတဲ့နိုင်ငံတခု ဖြစ်ပါတယ်။ ကုန်သွယ်ရေးကဏ္ဍမှာ အကျိုးသက်ရောက်လာနေသလို ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း အကျိုးသက်ရောက်နေပါတယ်။ ဒီရောဂါပြန့်နှံမှုကြောင့် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့  လာဆွေး နွေးတဲ့ အရေအတွက်လျော့ကျသွားတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူး ချုပ် ဦးသန့်စင်လွင်က ပြောထားပါတယ်။

ဒါအပြင် ၂၀၂၀ခုနှစ်ဖေဖော်ဝါရီလမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၂၀ ကိုလည်း ရွှေ့ဆိုင်းထားပါ တယ်။ အဓိကအချက်ကတော့ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားကြတဲ့ တရုတ်နဲ့ စင်ကာပူက ရင်းနှီးမြှုပ်နှံ သူတွေ လာတာလျော့ကျမယ့်အခြေအနေကြောင့်လို့ ယူဆရပါတယ်။

ဒါအပြင် တရုတ်ခရီးသွားဧည့်သည်လျော့ကျမယ့် အခြေအနေတွေကလည်း မြန်မာ့ခရီးသွားလုပ်ငန်းတွေအတွက် စိန်ခေါ်မှုတစ် ရပ်ပါ။ မြန်မာနိုင်ငံခရီးသွားကဏ္ဍမှာ တရုတ်ခရီးသွားဈေးကွက်ဟာအရေးပါတဲ့အနေအထားဖြစ်ပြီး COVID-19 ဖြစ်ပွားမှုကြောင့် အဝင်လျော့သွားသလို မြန်မာနိုင်ငံအနေနဲ့ကလည်း ကျန်းမာရေးထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမယ့်အခြေအနေပါ။ ပြည်တွင်းမှာ လည်း တရုတ်ခရီးသွားတွေဆီကတဆင့် ရောဂါပြန့်နှံလာမှာကို စိုးရိမ်နေကြတာပါ။

ဒီအခြေအနေတွေဟာ COVID-19 ကြောင့် တစ်လကျော်ကြာကာလအတွင်း မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ ကုန်သွယ်ရေးအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတည်း သာမကပဲ တကမ္ဘာလုံးကိုပါ ထိခိုက်နစ်နာတာမို့ လုပ်ငန်းရှင်တွေ နားလည်ဖို့လိုပါတယ်လို့  ပြည်ထောင်စု ဝန်ကြီး ဒေါတ်တာသန်းမြင့်က ပြောပါတယ်။

ထိခိုက်နစ်နာမှုတွေ ရေရှည်ဖြစ်လာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို ဖြေရှင်းနိုင်ဖို့ အစိုးရက ပညာရှင်တွေ၊လုပ်ငန်း ရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အကျိုးဆက်ကို ဖြေရှင်းဖို့ရာအတွက် မြန်မာတ နိုင်ငံတည်းသာ မဟုတ်ပဲ တကမ္ဘာလုံး ထိခိုက်ခံစားရတဲ့ အခြေအနေဖြစ်တာမို့ ဒီဗိုင်းရပ်ဟာ ရေတိုကာလအတွင်း ကုသဖြေရှင်းနိုင်မှသာ စီးပွားရေးအရှိန် ပြန်ကောင်းမွန်လာမယ့်အခြေအနေတခုပါ။

ရေးသားသူ - ဆလိုင်းထွန်းထွန်း