အဓိကအကြောင်းအရာသို့ သွားမည်

ဆန်လက်ကျန်နည်းချိန် အဝယ်လိုက်သဖြင့် ဆန်တစ်အိတ် (၂၀၀၀) ဝန်းကျင်အထိ ဈေးတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ပင်လယ်ရေကြောင်းကတစ်ဆင့် ပြည်ပနိုင်ငံတွေကို သင်္ဘောတင်ရောင်းချနေတဲ့ ဆန်ကုန်သည်တွေ အဝယ်များနေလို့ တင်ပို့နေတဲ့ ဆန်ကြမ်းတစ်အိတ် ကျပ် (၂၀၀၀)နီးပါးအထိ ဈေးတက်သွားတယ်လို့ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)မှ သိရပါတယ်။

နွေစပါးမပေါ်မီ ပြည်တွင်းဆန်လက်ကျန်နည်းချိန် အဝယ်လိုက်လို့ အခုလို ဈေးတက်သွားရခြင်းဖြစ်တယ်လို့ ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်)ရဲ့ အတွင်းရေးမှူး ဦးသန်းဦးက ဖေဖော်ဝါရီလ ၁၄ ရက်က BETV Business ကို အခုလို ပြောပါတယ်။

“သင်္ဘောတင်သမားတွေ အရေးကြီးလို့ ဈေးတွေက အမြင့်ဈေးတွေ ရောက်ပြီးတော့ လက်ရှိတော့ အသည်းအသန်ဝယ်နေရတယ်။  ဆန်က အဝင်နည်းပြီးတော့ ဝယ်သူက များပြီး ဈေးက သာနေတာပေါ့” လို့ ဦးသန်းဦးက ပြောပါတယ်။

A

ဇန်နဝါရီလအတွင်းမှာ (၂၅)မတ်ဆန် တစ်အိတ်ကို ကျပ် (၁၇၀၀၀) ကျော်ဝန်းကျင်သာ ဈေးရခဲ့ပေမယ့် ယခုအခါ တစ်အိတ်ကို ကျပ် (၁၉၀၀၀)နီးပါးအထိ ဈေးတက်သွားခဲ့ပြီး ကျပ် (၂၀၀၀၀)ဝန်းကျင်သာ ဈေးရခဲ့တဲ့ (၅)မတ်ဆန်ကလည်း တစ်အိတ်ကို (၂၂၅၀၀)ကျပ်အထိ ဈေးတက်သွားတယ်လို့ သိရပါတယ်။

“ပုံမှန်ဆို ဒီရာသီက နွေစပါးကလည်း မပေါ်သေးဘူး။ မိုးစပါးကလည်း ကုန်ခါနီးဆိုတော့ လက်ကျန်ရှိတဲ့ စပါးသမားက ဈေးကြိုက်မှ ရောင်းမယ်ဆိုတော့ လိုအပ်ချက်ရှိတဲ့သူက တောင်းဝယ်တော့ သူတောင်းတဲ့ဈေး ပေးရတာပေါ့။ တောင်းတဲ့ ဈေးပေးရင်းနဲ့ ဈေးက မြင့်သွားတာ” လို့ ဦးသန်းဦးက ဆိုပါတယ်။

ယခုလအတွင်း အပြီးသတ်တင်ပို့ရမယ့်သူတွေ ရှိနေလို့ ဈေးတက်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောတင်ကုန်သည်တွေ နည်းသွားမယ့် လာမည့် လအတွင်းမှာတော့ ဈေးနှုန်းတွေ ထပ်မံမြင့်တက်မှာ မဟုတ်တော့ပဲ ဈေးကွက်အေးသွားမယ်လို့ ဦးသန်းဦးက သုံးသပ်ထားပါတယ်။

လက်ရှိ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တွင် (၂၅) မတ်ဆန်တစ်အိတ်ကို ကျပ် (၁၈၅၀၀)မှ (၁၈၇၀၀) အထိ ဈေးရနေပြီး (၅) မတ်ဆန်တစ်အိတ်ကို ကျပ် (၂၂၅၀၀)မှ (၂၃၀၀၀)အထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ရေးသားသူ - Mg R’ NoE