အဓိကအကြောင်းအရာသို့ သွားမည်

- အခြားနိုင်ငံများသို့ တရားဝင်တင်ပို့ရန် ပြင်ဆင်မှုအများအပြားလိုအပ်နေသေးဟု ထောပတ်အသင်းတာဝန်ရှိသူပြော

ရန်ကုန်၊ မေ (၅)

၂၀၂၀ ပြည်နှစ်၊ စက်တင်ဘာလက အင်္ဂလန်နိုင်ငံကို ပထမအကြိမ် ထောပတ်သီးစမ်းသပ်တင်ပို့ရာမှာ အောင်မြင်မှုရရှိခဲ့လို့ ဒုတိယအကြိမ်ကို ပြီးခဲ့တဲ့ ဖော်ဖော်ဝါရီလမှာ တင်ပို့ဖို့ စီစဉ်ထားပေမယ့် ယခုအချိန်ထိ မတင်ပို့ဖြစ်သေးဘူးလို့ မြန်မာနိုင်ငံထောပတ်သီးတင်ပို့ထုတ်လုပ်ရောင်းချသူများအသင်း၊အတွင်းရေးမှူး ဦးကျော်စိုးမင်းက BETV Business ကို ပြောပါတယ်။

‘‘ကျွန်တော်တို့ တရားဝင်ကတော့ အင်္ဂလန်ကို မနှစ်က ပို့ထားတယ် ။ အဲဒါတော့ မျိုးစုံ (၁)တန်ပို့ထားတယ်။ ဒုတိယအကြိမ် ပို့မယ်ဆိုတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ ပို့ဖို့ နိုင်ငံရေးရှုပ်ထွေးသွားလို့ မပို့ဖြစ်ဘူး’’ လို့ ဦးကျော်စိုးမင်းက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံရေးအပြောင်းအလဲကြောင့် တင်ပို့မှုတွေကို ရပ်နားထားပြီး ထောပတ်သီးရာသီချိန် ပြန်လည်စတင်မယ်ဆိုရင်တော့ လက်တလောအခြေအနေအရ နယ်စပ်ကုန်သွယ်ရေးကတဆင့် တရားမဝင်တင်ပို့မှုပုံစံနဲ့သာ ရောင်းချနိုင်သေးတယ်လို့ ယင်းက ဆက်လက်ပြောကြားပါတယ်။

‘‘တရားဝင်တင်ပို့ဖို့ကတော့ မလွယ်သေးပါဘူး။ ဘယ်ကနေ သတင်းထွက်တယ်လို့တော့ သေချာမသိဘူး။ တောင်သူတွေဘက်က ပြင်ဆင်စရာတွေ အများကြီးရှိတယ်။ မဖြစ်နိုင်သေးဘူး။ တရုတ်ကိုတော့ ကြိုးစားနေတယ်။ အခုအစိုးရတော့ ဘယ်လိုလာမလဲမသိဘူး။ လွန်ခဲ့တဲ့ (၁၀) နှစ်ကတည်းက စတင်တယ်။ ဒါပေမယ့် တရားဝင်မရသေးဘူး။ အောက်လမ်းကနေပဲ Border Trade သွားတယ်’’လို့ ဆိုပါတယ်။

မြန်မာ့ထောပတ်ကို ပြည်ပနိုင်ငံတွေထံ တရားဝင်တင်ပို့နိုင်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပေးအပ်မယ့် ကောင်းမွန်တဲ့ စိုက်ပျိုးရေးစံနစ် (Good Agricultural Practices-GAP) လက်မှတ် ရရှိဖို့လိုအပ်ပြီး အဲ့ဒီအတွက် တောင်သူတွေအနေနဲ့ ပြင်ဆင်မှုအများအပြား လိုအပ်နေသေးတယ်လို့ ဦးကျော်စိုးမင်းက မှတ်ချက်ပြုထားပါတယ်။

‘‘မျိုးကိုလည်း ကျွန်တော်တို့က ကိုင်းဆက်ပြီးမှ စိုက်ရမယ်။ ခုမှ စထွက်တုန်းပဲ ရှိသေးတယ်။ ပို့နိုင်တဲ့ အနေအထား မရှိသေးဘူး။ မဖြစ်နိုင်ဘူးဆိုတာက ကျွန်တော်တို့ပဲ ထောပတ်အသင်းနဲ့ ပတ်သက်ပြီး လှုပ်ရှားနေတာ။ တကယ်လို့ ဖြစ်တယ်ဆိုရင်လည်း အစိုးရက ခေါ်ရမှာ’’လို့ ဆိုပါတယ်။

ယခင်အစိုးရလက်ထက်က မြန်မာ့ထောပတ်သီးကို ထိုင်းနိုင်ငံကို တရားဝင်တင်ပို့ခွင့်ရဖို့ တင်ပြတောင်းဆိုခဲ့ပေမယ့် ပြင်ဆင်စရာတွေ အများအပြားရှိနေခဲ့တယ်လို့ သိရပါတယ်။

သတင်း - BETV Business