အဓိကအကြောင်းအရာသို့ သွားမည်

ဖနွမ်းပင်၊ မေ(၄)

ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံသူများအုပ်စုတစ်စုဟာ သူတို့ရဲ့ မြန်မာပြည်က အလုပ်ရုံတွေကို ကမ္ဘောဒီးယားနိုင်ငံရဲ့ ကမ်ပွန်း ဆပွန်ဒေသကို ရွှေ့ပြောင်းပစ်ဖို့ နေရာ (၂၀) လောက် ရှာဖွေနေတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဗေဆန်နန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖနွမ်းပင်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။

ခမာတို့ရဲ့ နှစ်သစ်ကူးကာလဖြစ်တဲ့ ဧပြီလအလယ်မှာ လုပ်ငန်းရှင်တွေဟာ အုပ်ချုပ်ရေးမှူး ဆန်နန်းကို တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ အဝတ်အထည်၊ အိတ်၊ ဖိနပ်စတဲ့ စက်ရုံတွေကို သင့်တော်တဲ့နေရာတွေမှာ တည်ဆောက်ဖို့ ရှာဖွေနေတယ်လို့ အဲဒိသတင်းစာမှာ ဖော်ပြထားပါတယ်။

"ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့လုပ်ငန်းတွေ မကြာခင်လည်ပတ်နိုင်မယ့် အဆင်သင့်ဖြစ်မယ့်နေရာတွေကို ကမ်ပွန်း ဆပွန်မှာ ရှာဖွေဖို့ လိုလားနေကြပါတယ်" လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုထားပြီး ဟောင်ကောင်အုပ်စုအနေနဲ့ ပြည်နယ်ထဲမှာ "ရင်းနှီးမြှုပ်နှံမှုကွန်ရက်" တစ်ခုကိုလည်း တည်ထောင်ထားပြီးဖြစ်တယ်လို့ ဖြည့်စွပ်ပြောဆိုထားပါတယ်။

ဒါ့အပြင် ကမ်ပွန်း ဆပွန်ပြည်နယ်ဟာ ဖေဖော်ဝါရီ (၂၀) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးပျံ့နှံ့မှု ပြင်းထန်ခဲ့တာတောင် တည်ငြိမ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်နေတယ်လို့ အုပ်ချုပ်ရေးမှူးက ထပ်ပြောထားပါတယ်။

ဟောင်ကောင်လုပ်ငန်းရှင်တွေ ပြောင်းရွှေ့လာချင်တဲ့ အဲဒိပြည်နယ်ဟာ ရင်းနှီးမြှုပ်နှံသူများအတွက် တည်ငြိမ်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးအဆင့်ကလည်း မြင့်မားသလို ငယ်ရွယ်တဲ့ လုပ်သားတွေ ပေါများတဲ့အပြင် ဒေသဟာ မြို့တော်ဖနွမ်းပင်နဲ့ ရေနက်ဆိပ်ကမ်းအကြားမှာ တည်ရှိတာကြောင့် အဆင်သင့်တဲ့ ပထဝီအနေအထားလည်း ပိုင်ဆိုင်ထားလို့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံပိုင်း ကောင်းမွန်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဆန်နန်းက ထပ်လောင်း ပြောဆိုထားပြန်ပါတယ်။

ကမ်ပွန်း ဆပိုဒေသမှာ ကုန်ထုတ်လုပ်မှုစက်ရုံပေါင်း (၇၅၀၀) ထက်မနည်းရှိနေပြီး အဲဒိထဲက စက်ရုံ (၃၃၅) ရုံဟာ အကြီးစား ကုန်ထုတ်အလုပ်ရုံတွေ ဖြစ်ကြပါတယ်။ အဲဒိထဲက အထည်ချုပ်စက်ရုံ (၁၅၃) ရုံဟာ ပြည်ပကို တင်ပို့နေရပြီး (၄၃) ရုံဟာ အမေရိကန်နိုင်ငံကို တင်ပို့နေရတာဖြစ်ပါတယ်။

- The Phnom penh Post