အဓိကအကြောင်းအရာသို့ သွားမည်

ရန်ကုန်၊ မေ (၄)

အိန္ဒိယနိုင်ငံသားတွေနဲ့ အိန္ဒိယနိုင်ငံကို လွန်ခဲ့တဲ့ (၁၄) ရက်အတွင်း သွားရောက်လည်ပတ်၊ နေထိုင်ခဲ့သူတွေအားလုံးကို မြန်မာနိုင်ငံထံ ပြည်ဝင်ခွင့် ယာယီပိတ်ထားလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ကြေညာထားပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အရှိန်အဟုန်မြင့် ကူးစက်ပြန့်ပွားမှုအခြေအနေတွေကြောင့် ယခုလို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ကို ခေတ္တပိတ်ထားခြင်းဖြစ်တယ်လို့လည်း အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ မျိုးကွဲသစ်တစ်ခုဖြစ်ပြီး ယခင်ထက် ကူးစက်မှုနှုန်း ပိုမြန်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့ကာကွယ်ဆေးထိုးထားပြီးသူ အရေအတွက်ဟာ နိုင်ငံလူဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းပါးလွန်းနေပြီး ပထမအကြိမ် ထိုးနှံပြီးသူ အရေအတွက်က ၁၀% ပြည့်ဖို့ လိုအပ်နေသလို ဒုတိယအကြိမ် ထိုးနှံပြီးသူ အရေအတွက်ကတော့ ၂ % တောင် မရှိသေးဘူးလို့ သိရပါတယ်။

ဒီလို ကူးစက်ရောဂါ ပြန့်ပွားမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်း ပြည်ဝင်ခွင့် ခေတ္တပိတ်ထားခြင်းကို ဧပြီလ (၂၇) ရက်မှ မေလကုန်အထိ အကျုံးဝင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒါ့ကြောင့် မေလ (၆) ရက်နေ့မှာ နယူးဒေလီ - ရန်ကုန်၊ ရန်ကုန် - နယူးဒေလီ ပျံသန်းပြေးဆွဲမယ့် Air India Flight (AI 1234/1233) ကို ပြေးဆွဲခြင်းမရှိတော့ဘူးလို့ ကြေညာထားပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ သန်းနှစ်ဆယ်ကျော်အထိ ရှိလာပြီး နယူးဒေလီ၊ အနောက်ဘန်ဂေါ၊ တမီးနာဒူတို့ အပါအဝင် ပြည်နယ်(၁၀)ခုမှာ ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်း - BETV Business