အဓိကအကြောင်းအရာသို့ သွားမည်

ရန်ကုန်၊ မေ (၄)

မတ်လ (၃၀) ရက်နေ့ကစပြီး ကျောက်ဝိုင်းတစ်ခုမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ပိုးရှိသူအချို့ကို တွေ့ရှိခဲ့လို့ Lock Down ပြုလုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ ကျယ်ဂေါင်ကို ယနေ့ (မေ ၄ ရက်) မှစပြီး Lock Down ဖြေလျှော့ပေးတော့မယ်လို့ မူဆယ်အခြေစိုက် ကုန်သည်အချို့ထံက သိရပါတယ်။

‘‘မူဆယ်နယ်စပ်ဂိတ်က ဧပြီ (၁) ရက်နေ့ကတည်းက ပိတ်ထားတာ။ ဒါပေမယ့် ပြီးခဲ့တဲ့ ဧပြီ (၂၆) ရက်နေ့ ညနေ (၆) နာရီခွဲမှာ ရွှေလီမြို့ကို Lockdown ဖြည်လိုက်တယ်။ Lockdown ဖြည်ပေမယ့် ရွှေလီနဲ့ ကျယ်ဂေါင် မြစ်ကူးတံတားက မဖွင့်ဘူး။ ကျယ်ဂေါင်ကို Lockdown မဖြည်ရသေးဘူး။ ကျယ်ဂေါင်ကိုတော့ (၆) နာရီခွဲမှာ Lockdown ဖြည်မယ်’’လို့ မူဆယ်ဆန်စပါးဒိုင် ဒုဥက္ကဌ ဦးမင်းသိန်းက BETV Business ကို ပြောပါတယ်။

ကျယ်ဂေါင်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ထွက်ပေါ်ခဲ့ခြင်းမရှိတာ (၁၂) ရက် ကြာမြင့်လာခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးလုနီးပါးအခြေအနေတွေကြောင့် ယခုလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံရဲ့ အဓိကနယ်စပ်ဝင်/ထွက်ပေါက် တစ်ခုဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ယင်းက ဆိုပါတယ်။

‘‘ရောဂါပိုးတွေ့တဲ့သူ တော်တော်နည်းသွားတဲ့အတွက် ဖွင့်ပေးမှာ။ တရားဝင်ပိတ်တာကတော့ ဧပြီ (၁) ရက်နေ့က ပိတ်လိုက်တာ။ တစ်လကျော်သွားပြီ။ ကျင်စန်းကျော့ဆိုတာက အသီးအနှံလောက်ပဲ သွားတာ။ အဓိက အရေးပါဆုံးက မန့်ဝိန်းဂိတ်ပဲ။ မန့်ဝိန်းဂိတ် ပြန်ဖွင့်မှ တရုတ်နယ်စပ် စီးပွားရေးက ပြန်ပြီးတိုးတက်မှာ’’လို့ ပြောပါတယ်။

လက်ရှိ မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံကို တင်ပို့ရောင်းချမယ့် ဆန်အိတ် (၃) သောင်းဝန်းကျင်အထိ အဆင်သင့်ရှိနေပြီး ကြက်သွန်ကားအချို့လည်း တရုတ်နိုင်ငံထံ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

‘‘ဖွင့်လိုက်မယ်ဆိုလို့ရှိရင် စည်းမဲ့ကမ်းမဲ့ ဖွင့်ပြီးရင် ဒီအတိုင်း သွားလို့မရဘူး။ ကိုဗစ်ကာကွယ်ဆေးတွေ ဖြန်းရမယ်။ ကိုဗစ်ကာကွယ်ဆေးဖြန်းပြီး အလှည့်ကျ ဝင်ရမယ်။ ဘာပဲပြောပြော ဖွင့်လိုက်မယ်ဆိုလို့ရှိရင် ရပ်ထားတဲ့ ကုန်သွယ်ရေးတွေက ပြန်လည်ပြီးတော့ လှုပ်လှုပ်ရှားရှားနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်လို့ မျှော်လင့်တယ်’’

လက်ရှိ မူဆယ်နယ်စပ်ကတဆင့် ကျယ်ဂေါင်မြို့က မန့်ဝိန်းဂိတ်ကို ဖြတ်ပြီး တရုတ်နိုင်ငံအတွင်းကို ဆန်၊ ပဲမျိုးစုံ၊ ကြက်သွန်၊ ငရုတ်၊ ရေထွက်ကုန်စတဲ့ မြန်မာဘက်ခြမ်းက ကုန်ကားအစီးရေ (၃၀၀) ခန့်က နေ့စဉ်ဝင်ရောက်နေပြီး တရုတ်ဘက်ခြမ်းက ဓာတ်မြေသြဇာ၊ စက်မှုထုတ်ကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ စားသောက်ကုန်စတာတွေကို တင်ဆောင်တဲ့ ကုန်တင်ယာဉ် (၃၀၀) ခန့်ကလည်း အပြန်အလှန်ဝင်ရောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

‘‘ လိုအပ်မှုတွေ ရှိတယ်။ ဆန်လည်း လိုတယ်။ ဆန်ကွဲလည်း လိုတယ်။ ပဲလည်း လိုတယ်။ ဈေးနှုန်းတွေကတော့ ဝယ်လိုအားများရင်တော့ ဈေးနှုန်း အပြောင်းအလဲ ဖြစ်သွားမယ်။ အခု သူတို့လည်း ပြက်နေပြီ။ ဆန်လည်း ပြက်နေပြီ။ ဆန်ကွဲတွေလည်း ပြက်နေပြီ။ ပဲတွေလည်း ပြက်နေပြီ။ ကုန် တော်တော်လိုနေပြီ။ ဘာပဲဖြစ်ဖြစ် ဖွင့်ရင်တော့ ဝယ်မှာပဲ။ အလုအယက်ကို ဝယ်မှာ’’ လို့ ဦးမင်းသိန်းက သုံးသပ်ပြောကြားထားပါတယ်။

သတင်း - BETV Business