အဓိကအကြောင်းအရာသို့ သွားမည်

- အတိုးနှုန်း ၆% အထိရရှိမည့်အပြင် Special Account Seal ရိုက်နှိပ်ထားသည့် ချက်လက်မှတ်စာအုပ် ထုတ်ပေးမည်ဟုဆို

ရန်ကုန်၊ မေ (၃)

ငွေပမာဏ အကန့်အသတ်မရှိ ထုတ်ယူနိုင်တဲ့ Special Account ကို ဖွင့်လှစ်လို့ ရပြီဖြစ်တယ်လို့ CB Bank ဘဏ်က ယနေ့မှာ ကြေညာလိုက်ပါတယ်။

အဆိုပါ ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး တစ်ဦးချင်း Personal Account ဖြစ်စေ၊ Joint Account ဖြစ်စေ၊ Corporate Account (ကုမ္ပဏီ) ဖြစ်စေ စာရင်းဖွင့်လှစ်နိုင်သလို ယင်းအပ်ငွေစာရင်းသစ် (Special Account) ကို ဖွင့်လှစ်မှုတွင် အတိုးပါ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခင်ချက်လက်မှတ်များနဲ့ ပုံစံကွဲပြားတဲ့ Special Account Seal ရိုက်နှိပ်ကာ ချက်လက်မှတ်စာအုပ်သစ်ကို ထုတ်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

‘‘အကန့်အသတ်နဲ့ ထုတ်နေရလို့ ဘဏ်ကို မယုံကြည်တဲ့အခြေအနေမှာ အကုန်လုံးက စုပြုံပြီး ထုတ်နေကြတာ။ အခုလို အခြေအနေတိုင်း အကန့်အသတ်မရှိ ထုတ်လို့ရမယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေတာပေါ့။ နည်းနည်းယုံကြည်မှုလည်း ပိုလာပြီး တချို့ Risk တွေလည်း လျော့သွားတာပေါ့’’ လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက BETV Business ကို မှတ်ချက်ပြုထားပါတယ်။

Special Account ဖွင့်လှစ်မှုအပေါ် CB Bank ထံက ထိုအကောင့်ကနေ အခြားဘဏ်တွေရဲ့ ဘဏ်စာရင်းတွေထံ စာရင်းပြောင်း ဆောင်ရွက်နိုင်ခြင်း၊ CB Bank Special Account ရဲ့ နေ့စဉ်စာရင်းပိတ်လက်ကျန်တွေအပေါ်မှာ လက်ကျန်ငွေပမာဏအလိုက် အတိုးတွက်ချက်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်မယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် နေ့စဉ်လက်ကျန်ငွေ ကျပ်သိန်း ၅,၀၀၀ အောက်ကို အတိုးနှုန်း ၄ % ၊ ကျပ်သိန်း ၅,၀၀၀ ကနေ သိန်း ၁၀,၀၀၀ အထိကို အတိုးနှုန်း ၅ % နဲ့ ကျပ်သိန်း ၁၀,၀၀၀ နဲ့အထက်ကို အတိုးနှုန်း ၆ % အထိ ရရှိနိုင်တယ်လို့ ဆိုပါတယ်။

CB Bank Special Account ကို CB Bank ဘဏ်ခွဲတွေအားလုံးမှာ စာရင်းဖွင့်နိုင်ခြင်း၊ ငွေပေးသွင်းခြင်းများ ဆောင်ရွက်နိုင်ပြီး ငွေသားထုတ်ယူခြင်းအတွက် မြန်မာတစ်နိုင်ငံလုံးက နယ်ဘဏ်ခွဲတွေမှာ ထုတ်ယူနိုင်တဲ့အပြင် ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ သီးသန့်ဘဏ်ခွဲတွေ သတ်မှတ်ပြီး ထုတ်ပြန်ကြေညာပေးမယ်လို့ ဆိုပါတယ်။

ဗဟိုဘဏ်အနေနဲ့ကတော့ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မတိုင်မီ ဘဏ်တွေမှာ စာရင်းဖွင့်လှစ်ထားသူများအနေနဲ့ကတော့ မြန်မာနိုင်ငံတော်ဘဏ်ရဲ့ မူလငွေထုတ် ကန့်သတ်ချက်တွေအတိုင်း ငွေသားဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း - BETV Business