အဓိကအကြောင်းအရာသို့ သွားမည်

ရန်ကုန်၊ ဧပြီ (၃)

တရုတ်အစိုးရက မြန်မာနိုင်ငံကို အကူအညီအဖြစ် ပေးအပ်လိုက်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၅) သိန်းဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။

ယခုလို ပေးအပ်ခဲ့တဲ့ ကာကွယ်ဆေးကူညီထောက်ပံ့မှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ကတိပြုထားခဲ့တဲ့ ကာကွယ်ဆေးလှူဒါန်းခြင်းဖြစ်ပြီး ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်တဲ့ အရေးပါချိန်ကာလမှာ မြန်မာနိုင်ငံကို လွှဲပြောင်းခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ယခုရောက်ရှိလာတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၅) သိန်းဟာ တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကာကွယ်ဆေးဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ တရုတ်ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒီကာကွယ်ဆေးအကူအညီဟာ ယခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိရဲ့ ခရီးစဉ်မှာ သဘောတူညီမှုရယူထားတာဖြစ်ပြီး အဲ့ဒီတုန်းက ကာကွယ်ဆေးပံ့ပိုးမှုအပြင် ယွမ် ၃ သန်းတန်ဖိုးရှိတဲ့ ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဆေးပစ္စည်းအကူအညီလည်း ပါဝင်ခဲ့ကာ နှစ်နိုင်ငံအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံက ထိရောက်တဲ့ ကပ်ရောဂါထိန်းချုပ်ဆောင်ရွက်မှုတွေကို ဖော်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပြီး ကပ်ရောဂါကာကွယ်ရေးပစ္စည်းအကူအညီများစွာနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေကို ကြိမ်ဖန်များစွာ စေလွှတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ယခုလို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ပေးပို့လှူဒါန်းခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ မြန်မာပြည်သူတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို ကာကွယ်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်မှု အောင်နိုင်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း တရုတ်သံရုံးရဲ့ ဖော်ပြချက်မှာ ထည့်သွင်းထားပါတယ်။

ဧပြီလ (၂၁) ရက်နေ့အထိ စာရင်းတွေအရ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးထားပြီးသူ ၁၅.၄ သိန်းနဲ့ ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသူ ၃.၄ သိန်းထိ ရှိနေပြီလို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သတင်း - BETV Business