အဓိကအကြောင်းအရာသို့ သွားမည်

ရန်ကုန်၊ မေ (၃)

မြန်မာနိုင်ငံရဲ့ ပို့ကုန်နဲ့ ထိုင်းနိုင်ငံရဲ့ သွင်းကုန်နှိုင်းယှဉ်ချက်ဟာ အနည်းငယ်သာရှိပြီး မြန်မာနိုင်ငံသွင်းကုန်၊ ထိုင်းနိုင်ငံ ပို့ကုန်အနေနဲ့ ကွာဟမှုမှ နှစ်စဉ် နှစ်ဘီလီယံကျော်ခန့်ရှိတာကို တွေ့ရတယ်လို့ ကုန်သွယ်ရေးဦးစီဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ပြောပါတယ်။

တရားမဝင်ကုန်သွယ်မှုစာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မြဝတီကုန်သွယ်ရေးစခန်းကနေ မြန်မာဘက်က သွင်းကုန် အမေရိကန်ဒေါ်လာ (၈၈.၁၈၉) သန်းရှိခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ပို့ကုန်စာရင်းတွေအရ ကန်ဒေါ်လာ (၁၈၃.၇၄၂) သန်းဖြစ်ခဲ့လို့ ကန်ဒေါ်လာ (၉၅) သန်းကျော် ကွာဟမှုရှိခဲ့တယ်လို့လည်း ယင်းက ဆိုထားပါတယ်။

ယခု မေလ ၁ ရက်နေ့ကစပြီး ကုန်ပစ္စည်း ၄ မျိုးကို နယ်စပ်ကနေ တင်သွင်းခြင်းကန်သတ်လိုက်ခြင်းဟာ ကုန်သွယ်မှု လုပ်ငန်းတွေအပေါ် ထိခိုက်မှုမရှိနိုင်ဘဲ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို အားပေးရာရောက်တယ်လို့ ဆိုပါတယ်။

ဒီလိုကုန်စည်အချို့ကို ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုပြီး နယ်စပ်က တင်သွင်းခွင့်ပိတ်လိုက်ခြင်းဟာ တရားမဝင်ကုန်သွယ်မှုနဲ့ သက်ဆိုင်ကြောင်း ဦးမြင့်သူရက ပြောကြားထားပြီး ဒီလိုကန့်သတ်လိုက်ခြင်းက နယ်နမိတ်ခြင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ တရားဝင်ချိတ်ဆက်ဖွင့်လှစ်ထားတဲ့ ကုန်သွယ်ရေးစခန်းအားလုံးနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

ဘတ် ၁၀ ဘီလီယံပမာဏရှိတဲ့ ထိုင်းကုန်စည်အချို့ကို တင်သွင်းမှုကန့်သတ်လိုက်ခြင်းအပေါ် မြန်မာနိုင်ငံနဲ့ အရေးပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ထိုင်း ကူးသန်ရောင်းဝယ်ရေးဝန်ကြီးက စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားပြီး အချိုရည်မျိုးစုံ၊ ကော်ဖီမစ်မျိုးစုံ/တီးမစ်မျိုးစုံ၊ Instant Coffee ၊ နို့ဆီ/နို့စိမ်း စတဲ့ စားသောက်ကုန်လေးမျိုးကို မေလ ၁ ရက်နေ့ကစပြီး မြန်မာဘက်က ပိတ်ထားပြီလည်း ဖြစ်ပါတယ်။

ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ (၂)လအတွင်း မြန်မာနိုင်ငံထံ အချိုရည်တင်ပို့မှု ဘတ် ၂ ဘီလီယံအထိ ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်နှစ်ကို ဘတ် ၁၀ ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။

သတင်း - BETV Business