အဓိကအကြောင်းအရာသို့ သွားမည်

ရန်ကုန်၊ ဧပြီ (၂၉)

အချိန် (၁) လတိတိ နောက်ဆုတ်ပေးထားတဲ့ (၂၆) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ရက်ကို လာမယ့်မေလ (၁) ရက်နေ့တွင် ပြုလုပ်သွားဖို့ ရှိတယ်လို့ ထီလုပ်ငန်းရှင်အသိုင်းအဝိုင်းထံက သိရပါတယ်။

ထီလက်မှတ်ဝယ်ယူရောင်းချတဲ့နေရာမှာ အသွားအလာခက်ခဲမှုရှိနေလို့ ထီဖွင့်ရက်ကို နောက်ဆုတ်ကာ ရွှေ့ဆိုင်းထားပေးခြင်း ဖြစ်သော်လည်း အရောင်းအဝယ်က ကျဆင်းနေဆဲဖြစ်ပြီး ကြားသိရသလောက် ထီအုပ်ရေ (၂)သိန်းပြည့်မှီအောင် ရောင်းချနိုင်ခြင်း မရှိဘူးလို့ ထီကုန်သည် ဦးကျော်လှိုင်က BETV Business ကို ပြောပါတယ်။

‘‘အရောင်းအဝယ်က မကောင်းဘူး။ ရောင်းတဲ့သူလည်း နည်းတယ်။ ထိုးတဲ့သူလည်း နည်းတယ်။ လောလောဆယ် ကြားသလောက်က အုပ်ရေ (၂) သိန်းတောင် မပြည့်ဘူးထင်တယ်။ ဘယ်လောက်လောက် ကွာခြားသွားလဲဆိုတော့ အလုံးရေနဲ့ တွက်ရင် ပုံမှန်က သူထုတ်တာက အက္ခရာ (၄၂) လုံး။ လောလောဆယ် (၂) လုံးကျော်ကျော်လောက်ပဲ ကုန်တယ်။ အုပ်ရေ (၃၄) သိန်းကျော်ရှိတယ်။ အုပ်ရေ (၃၂) သိန်းလောက် ကျန်တယ်’’လို့ ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ အမြင့်ဆုံးထီဆု ကျပ်သိန်း(၅၀၀၀) တစ်ဆုလောက်သာ ရရှိနိုင်မယ်လို့ ခန့်မှန်းထားပြီး အက္ခရာ (၂) လုံးတူ တစ်စုကို သိန်း (၅၀၀၀) ကျော်လောက် ပေးရမှာ ဖြစ်တယ်လို့ ဦးကျော်လှိုင်က ဆက်လက်ပြောကြားပါတယ်။

‘‘အမြင့်ဆုံးက သိန်း (၅၀၀၀) တစ်ဆုလောက်ပဲ ရမယ်။ ကျန်တဲ့ ရာဂဏန်း (၃၀၀)၊ (၅၀၀)၊  (၁၀၀၀)လောက်တော့ ထည့်လို့ရရင် ရမယ်။ ဆုသေးက (၃) လုံးတူ၊ (၄) လုံးတူ၊ (၅) လုံးတူ။ အက္ခရာ (၂) လုံးတူတောင် ဒီလ ပေးဖို့ မလောက်ဘူးထင်တယ်။ အက္ခရာ (၂) လုံးတူ တစ်စုကို သိန်း (၅) ထောင်ကျော်လောက် ပေးရမှာကိုး။ အမြင့်ဆုံးဆုက သိန်း (၅) ထောင်ထက် ပိုမပေးနိုင်ဘူး’’လို့ သုံးသပ်ထားပါတယ်။

ဆက်လက်ပြီး ၎င်းက ‘‘အများကြီး လျော့တာပေါ့။ အခုက ထီရောင်းတဲ့ လှည်းသမား၊ လက်လီအရောင်းဆိုရင် ကျွန်တော်ထင်တယ် (၁၀၀)မှာ (၁)ယောက်ပဲ ရောင်းတယ်လို့ ထင်တယ်။ ဥပမာ ကျွန်တော့်ဖောက်သည် အယောက် (၂၀) လောက်ရှိရင် (၂)ယောက်လောက်ပဲ ရောင်းတယ်။ ကျန်တဲ့ (၁၈)ယောက်က လုံးဝမရောင်းဘူး’’လို့ ဆိုပါတယ်။

လက်ရှိမှာ ထီရောင်းချနိုင်မှုအပေါ် လိုအပ်ချက်ရှိတဲ့ ပမာဏအတိုင်းသာ ထုတ်ယူမှုရှိနေပြီး အပိုဆောင်း ရောင်းချနိုင်အောင် ထုတ်ယူခြင်းမျိုးမရှိတော့ဘူးလို့ သိရပါတယ်။

‘‘နောက်လ အက္ခရာအကုန် မထွက်ပေးဘူးလို့ ပြောတယ်။ ကျွန်တော်တို့ အက္ခရာ (၃၈) လုံး လျာထားပေမယ့် လောလောဆယ်တော့ အက္ခရာအလုံး (၂၀) လောက်ပဲ ထုတ်ရောင်းမယ်လို့ ကြားတယ်။ တိုင်းပြည်အခြေအနေကောင်းရင်တော့ ကုန်ရင်လည်း ကုန်မှာပေါ့။ ကုန်ဖို့ လွယ်တော့ မလွယ်လောက်ဘူး။ အခုဟာက ထီရောင်းတဲ့သူကို လူတွေက ဘယ်လိုမြင်လဲဆိုတော့ အဖျက်လုပ်ငန်း လုပ်သူတို့လို့ မြင်နေတယ်’’

သတင်း - BETV Business