အဓိကအကြောင်းအရာသို့ သွားမည်
- အသုံးစရိတ်များအတွက် စာရင်းစစ်ခံမည်ဟု MOPFI ဝန်ကြီး ဦးဝင်းရှိန်ပြော ရန်ကုန်၊ ဧပြီ (၂၉) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးရန်ပုံငွေစာရင်း စတင်ဖွင့်လှစ်ခဲ့တဲ့ ဇန်နဝါရီလ (၆) ရက်မှ ဧပြီလ (၂၃) ရက်နေ့အထိ နိုင်ငံတော်က ထည့်ဝင်ထားတဲ့ ရန်ပုံငွေအပါဝင် အလှုရှင်များရဲ့ လှူဒါန်းငွေစုစုပေါင်းက ကျပ်ငွေ (၃၀၇၈၄) သန်းကျော်နဲ့ အမေရိကန်ဒေါ်လာ (၂၅၃) သန်းကျော်ရရှိထားတယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိက ပြောပါတယ်။ အဆိုပါ ရန်ပုံငွေထဲမှာ ပြည်သူတွေရဲ့လှူဒါန်းမှုက ကျပ်ငွေ (၂၉၇၈၄) သန်းနဲ့ အမေရိကန်ဒေါ်လာ (၃) သန်းကျော် ပါဝင်နေပြီး နိုင်ငံတော်က မတညရန်ပုံငွေအဖြစ် ကျပ်သန်း (၁၀၀၀) နဲ့ ကန်ဒေါ်လာသန်း (၂၅၀) ကို ထည့်ဝင်ထားတယ်လို့ သိရပါတယ်။ အိန္ဒိယ Serum Institute of India (SII) က ထုတ်လုပ်တဲ့ Covidshield အလုံးရေ သန်း (၃၀) ဝယ်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရန်ပုံငွေထဲက ကန်ဒေါ်လာ (၇၅) သန်းကို ပေးချေထားပြီးဖြစ်လို့ နိုင်ငံခြားငွေစာရင်းမှာ ကန်ဒေါ်လာ (၁၇၈) သန်းကျော် ကျန်ရှိတယ်လို့ သိရပါတယ်။ ဇန်နဝါရီ (၆) ရက်မှ ဧပြီ (၂၃) ရက်အထိ လှူဒါန်းမှုတွေအနက် ကျပ်သိန်းတစ်ထောင်နှင့်အထက် အလှူရှင် (၃၂၅) ဦး၊ ကျပ်သိန်း (၁၀၀) အောက် အလှူရှင် (၆၇၁၆) ဦး၊ ကျပ် (၁) သိန်းအောက် အလှူရှင် (၂၉၅၆) ဦးအထိ ရှိခဲ့ပြီး ဆက်လက်ပြီး လှူဒါန်းလိုသူတွေအနေနဲ့ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင်ဘဏ်များရဲ့ ဘဏ်ခွဲများ၊ Mobile App များ၊ MUP Card နဲ့ MOPFI ရဲ့ Website ကနေတစ်ဆင့် လှူဒါန်းနိုင်တယ်လို့ ကြေညာထားပါတယ်။ လှူဒါန်းငွေတွေကို ရေးဆွဲသတ်မှတ်ထားတဲ့ ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဘဏ်စာရင်းကို ထားရှိပြီး ကာကွယ်ဆေးဝယ်ယူရေးဆိုင်ရာ အသုံးစရိတ်တွေကိုသာ ပေးချေသုံးစွဲလျက်ရှိကာ စာရင်းစစ်ဆေးမှုကိုလည်း ခံယူသွားမယ်လို့ ဝန်ကြီး ဦးဝင်းရှိန်က ဆိုထားပါတယ်။ သတင်း - BETV Business