အဓိကအကြောင်းအရာသို့ သွားမည်

ဆားဘီးယားနိုင်ငံမှ မြန်မာပြည်က ထွက်ရှိသော Cavendish Green ငှက်ပျော တန်ချိန်တစ်သိန်း နှစ်စဉ်ဝယ်ယူရန် ကမ်းလှမ်း 

ရန်ကုန်၊ ဇွန် (၄)

ဥရောပ ငှက်ပျောမျိုးဖြစ်သော Cavendish Green ငှက်ပျောကို ဆားဘီးယားသမ္မတနိုင်ငံက တစ်နှစ်ကို တန်ချိန် တစ်သိန်းခန့်ဖြင့် ငါးနှစ်ဆက်တိုက် ဝယ်ယူသွားရန် ကမ်းလှမ်းလာသည်ဟု မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနထံမှ သိရှိရသည်။

ဆားဘီးယားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ကမ်းလှမ်းမှုတွင် ပေ ၄၀ ကွန်တင်နာ အလုံးရေ ငါးထောင်အားနှစ်စဉ် ဝယ်ယူလိုသည်ဟု ဖော်ပြပါရှိပြီး ယင်းနိုင်ငံအနေဖြင့် အရည်အသွေးနှင့် ထုပ်ပိုးမှုအတွက် ညှိုနှိုင်းအကြံပေးသွားမည့် အစီအစဉ်များ ပါဝင်သည်ဟု သိရှိရသည်။

ထိုကဲ့သို့ ဆားဘီးယားနိုင်ငံ၏ ငှက်ပျောသီးဝယ်ယူရန် ကမ်းလှမ်းမှုနှင့် ပတ်သက်၍ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန၏ တာဝန်ခံ ဒေါက်တာသက်လွင်ဦးက “တကယ်လို့သာ ကျွန်တော်တို့က ကျွန်တော်တို့မှာ ပစ္စည်းလည်းရှိတယ်၊ အရည်အသွေး လည်းမှီတယ်ဆိုရင် တစ်ရက်ကို ကွန်တိန်နာ အလုံး ၄၀ ဝယ်မှာ၊ ကွန်တိန်နာ အလုံး ၄၀နော်၊ အဲ့တော့ တစ်လကို ကွန်တိန်နာ ၁၂၀၊ တစ်နှစ်ကို အလုံး ငါးထောင် အထိ ဝယ်ပေးမယ်။ အဲ့ဒါကိုလည်း ၅နှစ်စာချုပ်ချုပ်ပေးမယ်။ ဝယ်မယ်ဆိုတာ၊ နှစ်စဉ်ဝယ်မယ်ဆိုတာကိုလည်း ချုပ် ပေးမယ်။ ဒါဆို ကျွန်တော်တို့ ဈေးကွက်ကြီးက တည်ငြိမ်နေပြီလေ” ဟု BETV Business News ကို ပြောသည်။

Gavendish Green ငှက်ပျောမျိုးကို ကိုရီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် မြန်မာတောင်သူများ စိုက်ပျိုးထုတ်လုပ်ဖူးသည့် မျိုးလည်းဖြစ်သည်ဟု သိရှိရသည်။

P
မြန်မာနိုင်ငံအနေဖြင့် ဒေသအနှံ့အပြားတွင် ငှက်ပျောကို စိုက်ပျိုးကြပြီး စိုက်ဧကပေါင်း နှစ်သိန်းခန့်ရှိသည်။ ဓာတ်ပုံ - BETV Business 

ဆားဘီးယားနိုင်ငံမှ ငှက်ပျောဝယ်ယူမည့် အစီအစဉ်အရ အရည်အသွေးနှင့် ဈေးနှုန်း အဆင်ပြေမည်ဆိုပါက နှစ်ရှည်ဝယ်ယူသွားရန် ကမ်းလှမ်းထားသည်ဟု ဒေါက်တာသက်လွင်ဦးက ဖြည့်စွပ် ပြောဆိုသည်။

သို့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ငှက်ပျောစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်က မိရိုးဖလာအတိုင်းသာ ရှိနေသေးပြီး ငှက်ပျောသီး တင်သွင်းသည့် ဥပဒေတင်းကြပ်သော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဆားဘီးယားကို တင်ပို့ရန် မြန်မာငှက်ပျောစိုက် တောင်သူများအတွက် စိုက်ခင်းစီမံခန့်ခွဲမှုနည်းပညာများ လိုအပ်နေသည်ဟု စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်မှ ငှက်ပျော်စိုက်တောင်သူ ဦးကျော်သူဝင်းက ပြောသည်။

“အဓိက ပထမအဆင့် ကျွန်တော်တို့ဆီ လိုအပ်တာကတော့ နည်းပညာပေါ့လေ၊ လက်ရှိစိုက်နေတဲ့ တောင်သူတွေ အားလုံးကတော့ ရှေးနည်းအတိုင်းစိုက်ပျိုးနေကြတယ်။ တစ်ချို့လည်း ဆယ်လပြည့်မှလည်း ထွက်ကြတယ်။ တစ်ချို့ကျတော့လည်း အခါလည်ကျော် ၁၂ လ လောက်မှထွက်တယ်။ အဲ့တော့အဓိကကျတဲ့ နည်းပညာက ပထမဆုံးအဆင့်လိုအပ်တယ်။ ပိုးမွှားကိုကာကွယ်ဖို့အတွက်ဆေးဝါးလိုအပ်တယ်။ ဆေးဝါးနည်း ပညာ အဓိကလိုအပ်နေတာ အဲ့ဒါတွေပါ ခင်ဗျာ” 

P
မြန်မာနိုင်ငံမှ ငှက်ပျောတန်ချိန် နှစ်သိန်းနီးပါးကို ကုမ္ပဏီပေါင်း ၂၈ ခုမှ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့နေသည်။ ဓာတ်ပုံ - BETV Business

မြန်မာတစ်နိုင်ငံလုံးရှိ ဒေသအနှံအပြားမှာ ငှက်ပျောကို စိုက်ပျိုးထုတ်လုပ်ကြပြီး  စိုက်ဧကပေါင်းက နှစ်သိန်းခွဲလောက်ရှိပါတယ်။ အဲ့ဒီကနေ ငှက်ပျောခိုင်ပေါင်း တစ်နှစ်ကို သန်းပေါင်း 230 ကျော် ထွက်ရှိနေပါတယ်။ မြန်မာနိုင်ငံကနေ ငှက်ပျောတန်ချိန် နှစ်သိန်းနီးပါးကို ကုမ္ပဏီပေါင်း ၂၈ခုကနေ  နယ်စပ်က တစ်ဆင့် တရုတ်နဲ့ ထိုင်းနိုင်ငံကို တင်ပို့နေပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ရရှိနေပါတယ်။ Cavendish Green ငှက်ပျောမျိုးကို ကိုရီးနိုင်ငံကလာရောက်စိုက်ပျိုးပြီး အဲ့ဒီနိုင်ငံ ကိုပဲ ပြန်လည်တင်ပို့ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ မြန်မာငှက်ပျောမျိုးတွေကို စင်္ကာပူနိုင်ငံသို့ ရေလမ်းကတစ် ဆင့်အနည်းငယ် တင်ပို့နေပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ဒေသအနှံ့အပြားတွင် ငှက်ပျောကို စိုက်ပျိုးကြပြီး စိုက်ဧကပေါင်း နှစ်သိန်းခန့်ရှိသည်။ ငှက်ပျောထွက်ရှိမှုအနေဖြင့် တစ်နှစ်လျှင် ငှက်ပျောခိုင် သန်းပေါင်း ၂၃၀ ကျော်ထွက်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန - မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။

 မြန်မာနိုင်ငံမှ ငှက်ပျောတန်ချိန် နှစ်သိန်းနီးပါးကို ကုမ္ပဏီပေါင်း ၂၈ ခုမှ နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ကို တင်ပို့နေပြီး ထိုကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိထားသည်။ 

Cavendish Green ငှက်ပျောမျိုးကို တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်စိုက်ပျိုးပြီး သူ့နိုင်ငံသို့ ပြန်လည်တင်ပို့ခဲ့ဖူးသည်။ 

လက်ရှိတွင် မြန်မာငှက်ပျောမျိုးများကို စင်ကာပူနိုင်ငံသို့ ရေလမ်းကြောင်းမှတစ်ဆင့် အနည်းငယ် တင်ပို့နေသည်။