အဓိကအကြောင်းအရာသို့ သွားမည်

ဗဟိုဘဏ်ထုတ် ငွေစက္ကူ (၁၄)မျိုးကို ဗိုလ်ချုပ်ရုပ်ပုံဖြင့် ထုတ်ဝေသွားမည်

နေပြည်တော်၊ ဇွန် - ၁၆

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရိုက်နှိပ်ထုတ်ဝေနေတဲ့ ငွေစက္ကူ (၁၄)မျိုးစလုံးတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ထည့်သွင်း ရိုက်နှိပ်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဌ ဦးစိုးမင်းက ပြောကြားလိုက်ပါတယ်။

ဇွန်လ (၁၅)ရက်နေ့က နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့တဲ့ အစိုးရရဲ့ လေးနှစ်တာကာလ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဥက္ကဌ ဦးစိုးမင်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

‘‘ အခု သုံးစွဲနေတဲ့ ငွေကြေးတွေ အားလုံးကို အစဉ်လိုက်ပဲ ရိုက်နှိပ်ထုတ်ဝေသွားမှာပါ’’ လို့ ဦးစိုးမင်းက ပြောပါတယ်။

ဒါပေမယ့် လက်ရှိ အစိုးရတာဝန်ယူနေတဲ့ ကာလအတွင်းမှာ အပြီးသတ် ရိုက်နှိပ်ထုတ်ဝေနိုင်ဖို့အတွက်တော့ ရိုက်နှိပ်တဲ့အပေါ် မူတည်တယ်လို့ ဦးစိုးမင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

‘‘ကာလကတော့ (၁၀) လအတွင်းမှာ ဖြစ်မလားဆိုတာကတော့ ရိုက်နှိပ်တဲ့အပေါ်မှာ မူတည်ပါတယ်။ သုံးစွဲနေတဲ့ငွေကြေးတွေ အားလုံးကိုတော့ ဗိုလ်ချုပ်ရုပ်ပုံနဲ့ ရိုက်နှိပ်ထုတ်ဝေမှာပါ’’ လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေသုံးစွဲလျက်ရှိတဲ့ ငွေစက္ကူအမျိုးအစား (၁၄)မျိုးထဲမှာ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ တစ်ဆယ်ကျပ်တန်၊ တစ်ဆယ့်ငါးကျပ်တန်၊ နှစ်ဆယ်ကျပ်တန်၊ လေးဆယ့်ငါးကျပ်တန်၊ ငါးဆယ်ကျပ်တန်၊ ကိုးဆယ်ကျပ်တန်၊ တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်၊ တစ်ထောင်ကျပ်တန်၊ ငါးထောင်ကျပ်တန်နဲ့ တစ်သောင်းကျပ်တန်တွေကို ထုတ်ဝလျက်ရှိပါတယ်။

ဗဟိုဘဏ်အနေနဲ့ ယခုနှစ် ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့)က စတင်ပြီး တစ်ထောင်ကျပ်တန် ငွေစက္ကူတွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပထမဆုံး ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။