အဓိကအကြောင်းအရာသို့ သွားမည်

အမှိုက်ပစ်ချင်လာအောင် လုပ်ဆောင်မယ့် ဒီဇိုင်းအသစ်နဲ့ အမှိုက်ပုံး

 

ရန်ကုန်၊ မတ် ၂၃

ညနေစောင်းတွေမှာ လေလေးတဖြူးဖြူးနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့ဖို့အတွက် ဗိုလ်တထောင် ဆိပ်ကမ်းကနေ ရန်ကုန်မြစ်ပြင်ကျယ်ကြီးကို ကြည့်ရင်းအပန်းဖြေနေကြတဲ့သူတွေများစွာရှိလို့နေပါတယ်။

ဗိုလ်တထောင်ဆိပ်ကမ်းမှာ  ဇင်ယော်လေးတွေကို အစာကျွေးနေတဲ့ မြင်ကွင်းဟာလည်း ကြည်နှုးဖွယ်ကောင်း လှပါတယ်။

ဒါပေမယ့် မြစ်အတွင်းမှာ မျှောလာတဲ့ အမှိုက်တွေကတော့ ဒီမြင်ကွင်းတွေကို အကျဉ်းတန်သွားစေတဲ့အရာတွေလို ဆိုရမှာပါပဲ။

 ရန်ကုန်မြစ်ကို ညစ်ညမ်းစေတဲ့ အဓိကအချက်ထဲမှာတော့ စည်းကမ်းမဲ့အမှိုက်ပစ်တာလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒါတွေကို လျှော့နည်းစေဖို့ နည်းလမ်းသစ်တွေကို အသုံးပြုသွားဖို့ Clean Yangon အဖွဲ့က စီစဉ်နေပါတယ်။

ဒါကတော့ ဗိုလ်တထောင်ဆိပ်ကမ်းနဲ့ ဒလဆိပ်ကမ်းတွေမှာ ရေသန့်ဗူးဒီဇိုင်းပုံဖော်ထားတဲ့ အမှိုက်ပုံးတွေကို ထားရှိသွားဖို့ပါ။

 

01

 

အဲဒီအမှိုက်ပုံးများဟာ ငါးပုံသဏ္ဍာန်နဲ့ ရေသန့်ဗူးကြီးပုံသဏ္ဍာန်တွေကို သံနဲ့ ပြုလုပ်ဖန်တီးထားပြီး လက်ရှိ ပုသိမ် ၊ ချောင်းသာမှာ ချထားပြီး ရန်ကုန်မြို့က ဗိုလ်တထောင်ဆိပ်ကမ်းနဲ့ ဒလဆိပ်ကမ်းတွေမှာ လာမည့် ဧပြီလ အတွင်းမှာထားရှိနိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Clean Yangon ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုထူးမြတ်အောင်က “အဓိကကတော့ ပင်လယ်ထဲကို ပလက်စတစ် အမှိုက်တွေ၊ ရေစန့်ဗူးခွံတွေ အလွယ်တကူ စွန့်ပစ်လို့ရတဲ့ ပလက်စတစ်တွေပေါ့နော်။ လျော့နည်းလာစေဖို့ဆိုပြီး ချောင်းသာကမ်းခြေမှာ လှူဒါန်းခဲ့တယ်။ ဒီနှစ်မှာကျတော့ ရန်ကုန်မှာလည်း ထားချင်တယ်။ ထားချင်တဲ့အခါမှာ ဒလဆိပ်ကမ်းနဲ့ ဗိုလ်တထောင်ဆိပ်ကမ်းတို့မှာ အိုင်ဒီယာလေးရပြီးတော့ စပြီးထားဖြစ်တာပါ” လို့ သူက ပြောပါတယ်။

Clean Yangon အဖွဲ့အနေနဲ့ကတော့ အခုလို ဒီဇိုင်းပုံစံတစ်မျိုးနဲ့ အမှိုက်ပုံးတွေကို လူတွေအမှိုက်ပစ်ချင်လာအောင် လုပ်ဆောင်တာဖြစ်ပြီး ဒီရေသန့်ဗူးပုံစံ အမှိုက်ပုံးကတော့ တစ်ပုံးကို ၄ သိန်းနီးပါးလောက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

တခြားသောနေရာတွေကို ဆက်လက်ထားနိုင်ဖို့အတွက်ကို ကြိုးပမ်းနေပြီး အလှူရှင်တွေ ရှိလာတဲ့အခါမှာ ပိုပြီး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

“ခန့်မှန်းကုန်ကျငွေကတော့ တစ်ရုပ်ကို ၄ သိန်းလောက်တော့ ရှိတယ်ပေါ့နော်။ ကျွန်တော်တို့အနေနဲ့ လက်ရှိ ကျွန်တော်တို့ရဲ့ ဘတ်ဂျက်အနေနဲ့ကတော့ ၂ ရုပ်ပဲ လုပ်နိုင်သေးတယ်။ နောက်ပိုင်း အလှူရှင်တွေ ရှိလာတဲ့အခါ၊ စိတ်ဝင်စားတဲ့သူတွေ ရှိလာတဲ့အခါ ထပ်ပြီးတိုး လုပ်သွားဖို့တော့ ရှိပါတယ်” လို့ ကိုထူးမြတ်အောင်က ပြောပါတယ်။

ဗိုလ်တထောင်မြို့နယ်မှာ အမှိုက်တွေက အခုချိန်ထိ ရှိနေတာဖြစ်လို့ အခုလို အဖွဲ့အစည်းတွေက ဒီလိုလှုပ်ရှားမှု တွေ ပြုလုပ်ပေးတာကို ကြိုဆိုတယ်လို့ ဗိုလ်တထောင်မြို့နယ်၊ တိုင်းဒေသကြီး(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးက ပြောပါတယ်။

အမှိုက်ပုံးလာရောက်ထားမှာကို တစ်ဖက်တစ်လမ်းကနေ ကူညီသွားမယ်လို့လည်း ဆိုပါတယ်။

“ဒါက ပုံစံတစ်မျိုးနဲ့ပေါ့လေ အမှိုက်ပစ်ရမယ်ဆိုတဲ့အသိတော့  ပြည်သူတွေ ရရှိသွားမှာပေါ့။ ဒါကြောင့် ကောင်းတဲ့ လက္ခဏာပါ။ ဘယ်နေရာမှာ ထားသင့်တယ်။ တချို့တွေကျတော့လည်း ဘုန်းကြီးကျောင်းတွေ ရှေ့တို့ဘာတို့ကျ တော့ မသင့်တော်ဘူးလေ။ သင့်တော်တဲ့နေရာတွေမှာထားဖို့ကို ပူးပေါင်းသွားမှာပါ” လို့ ဦးအောင်ထူးက ပြောပါတယ်။

 

02

မြစ်ထဲကို ကျရောက်နေတဲ့ အမှိုက်တွေကြောင့် သဗ္ဗာန်မောင်းနေတဲ့ သူတွေကို အခက်တွေ့စေတာကြောင့် အခုလို ဆောင်ရွက်တာကိုလည်း သဗ္ဗာန်မောင်းသူတချို့ကလည်း ကြိုဆိုကြပါတယ်။

ဗိုလ်တထောင်ဆိပ်ကမ်းမှာ သဗ္ဗာန်မောင်းနေတဲ့ဦးခင်အုန်းက စွန့်ပစ်အမှိုက်တွေကြောင့် မြစ်ထဲမျောလာလို့ သူရင်ဆိုင်ရတဲ့အခက်အခဲကို “အရင်နဲ့တော့နည်းနည်းအခက်အခဲရှိတာပေါ့။ ဘာလို့လဲဆိုတော့ ဒီကပစ်တဲ့အမှိုက် သရိုက်တွေက ပလက်စတစ်တွေက ပန်ကာကို ပတ်တယ်” လို့ ပြောပြခဲ့ပါတယ်။

အခုလို အမှိုက်ပုံးတွေ ထားပေးတယ်ဆိုတာဟာ ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ပိုပြီး စည်းကမ်း ရှိလာလိမ့်မယ်လို့ သဗ္ဗာန်စီးတဲ့ ခရီးသည်တစ်ဦးဖြစ်တဲ့ ဒေါ်အေးအေးကလည်း ဆိုပါတယ်။

“ကောင်းတယ်လေ။ စီစဥ်တစ်ခုပဲ။ အဲဒါက မြစ်လည်းသန့်သွားတယ်။ လူတွေလည်း စည်းကမ်းရှိသွားတာပေါ့။ ဒီထဲကိုထည့်ရမှန်း သူတို့ သိသွားကြတယ်လေ။ နောက်မို့ဆိုရင် ပစ်စလက်ခက် သူတို့စွန့်ပစ်ကြတယ်လေ။ အဲတော့ ထားပေးလိုက်တော့ စည်းကမ်းရှိသွားတယ်။ မြစ်လည်းသန့်သွားတယ်လေ” လို့ သူက ပြောပါတယ်။

အမှိုက်က ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့အပြင် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ သက်ရှိသတ္တဝါနဲ့ တခြားသော အရာများစွာကိုလည်း ထိခိုက်စေပါတယ်။

ဒါ့အပြင် အမှိုက်ကနေထွက်တဲ့အငွေ့အသက်တွေကလည်း သက်ရှိတွေရဲ့ အသက်တွေကို ထိခိုက်စေပါတယ်။

ဒါကြောင့် အခုလိုအမှိုက်တွေကို စည်းကမ်းတကျနဲ့ စနစ်တကျ စွန့်ပစ်လာအောင် ဒီထက်မက လုပ်ဆောင်လာဖို့က လည်း လိုအပ်လှပါတယ်။

ရေးသားသူ - မိစုစုမာ