အဓိကအကြောင်းအရာသို့ သွားမည်

၂၀၁၉ တစ်နှစ်တာ မြန်မာ့စီးပွားရေး အခြေအနေများ

၂၀၁၉ခုနှစ် မြန်မာ့စီးပွားရေးအနှစ်ချုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉


၂၀၁၉ ခုနှစ်ကတော့ စီးပွားရေးကဏ္ဍမှာ အပြောင်းအလဲကောင်းတွေ မြင်တွေ့ရသလို မလုပ်ဆောင်နိုင်သေးတဲ့ အချက်အလက် တွေလည်း ရှိနေပါတယ်။ အစိုးရအနေနဲ့ စီးပွားရေးကဏ္ဍကို ပြုပြင်ပြောင်းလဲတာတွေ စတင်လာတဲ့နှစ်လို့တောင် ပြောလို့ ရပါ တယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်ဟာ စီးပွားရေးကဏ္ဍမှာ အထိုက်အလျှောက် တိုးတက်မှုရှိလာခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရ မှာပါ။

 

ရန်ကုန်မြို့ရှိ နိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦးကို တွေ့မြင်ရစဉ်
ရန်ကုန်မြို့ရှိ နိုင်ငံတော်ဗဟိုဘဏ် အဆောက်အဦးကို တွေ့မြင်ရစဉ်


 

ဘဏ်ပြုပြင်ပြောင်းလဲရေး


၂၀၁၉ ခုနှစ်အတွင်းမှာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အတော်များများ ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရပါ တယ်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့စပြီး ဈေးကွက်အခြေခံသော ရည်ညွန်းငွေလဲလှယ်နှုန်းကို ပြောင်းလဲ သတ်မှတ် ပေးခဲ့ပါတယ်။ အဆိုပါရည်ညွန်းနှုန်းထားထုတ်ပြန်ရာမှာ  တစ်ရက်အတွင်းဈေးကွက်မှာဖြစ်ပေါ်ခဲ့တဲ့ငွေလဲလှယ်နှုန်းထားတွေက နေရယူတာမျိုး ပြုလုပ်ခဲ့တာက ဈေးကွက်နဲ့ ပိုနီးကပ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဈေးကွက်မှာ ဖြစ်နေတဲ့ Earning ငွေ၊ ဟွန်ဒီ နဲ့  အစိမ်းဆိုပြီး အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်နှုန်း (၃) မျိုး ဖြစ်နေတာကို မပြောင်းလဲနိုင်သေးတဲ့ အခြေအနေမှာပဲ ရှိပါ သေးတယ်။


ပြည်တွင်းပုဂ္ဂလိကဘဏ်တွေအနေနဲ့ နိုင်ငံတကာဘဏ်တွေ (သို့မဟုတ်) ငွေရေးကြေးရေးအဖွဲ့အစည်းတွေထံက အကျိုးတူ ရင်းနှီးမြှုပ်နှံမှုကို (၃၅) ရာခိုင်နှုန်းအထိ လက်ခံဆောင်ရွက်နိုင်ဖို့ ခွင့်ပြုခဲ့တာမို့ အများပိုင်ဘဏ်တွေအနေနဲ့ နိုင်ငံတကာကနေ ရင်းနှီးမြှုပ်နှံမှုငွေတွေရရှိနိုင်ပြီး နိုင်ငံသားလုပ်ငန်းအဖြစ်လည်း ရပ်တည်နိုင်တဲ့ အနေအထား ဖြစ်အောင် ဖန်တီးပေးခဲ့တာပါ။


နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (Authorized Dealer - AD) ဘဏ်တွေ အနေနဲ့ နိုင်ငံတကာငွေပေးချေမှု နဲ့ စာရင်းရှင်းလင်းမှုတွေ၊ နယ်စပ်ကုန်သွယ်မှုအတွက် ငွေပေးချေးတာတွေမှာ ဂျပန်ယန်း ၊ ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ် တို့ကို ဆောင်ရွက်ခွင့်ပြုလိုက်တာကလည်း မြန်မာကို ချေးငွေတွေ ရင်းနှီးမြှုပ်နှံမှုတွေပေးနေတဲ့ ဂျပန်နိုင်ငံနဲ့ ကုန်သွယ်ရေးအများဆုံး ပြုလုပ်ထားတဲ့ တရုတ်နဲ့ ထိုင်းကို ငွေပေးချေမှုအပိုင်းမှာ ပိုလွယ်ကူသွားစေခဲ့တာပါ။


ဟွန်ဒီခေါ် ပြင်ပငွေလွှဲလုပ်ငန်းတွေကိုလည်း ဈေးကွက်မှာ တရားဝင်လုပ်ကိုင်ခွင့်ပြုဖို့ ထုတ်ပြန်ချက်၊ အတိုးနှုန်း သတ်မှတ်ချက် နဲ့ ပတ်သက်ပြီး  အပေါင်ပစ္စည်းပါရင် (၁၃)ရာခိုင်နှုန်းထက်မကျော်ဖို့၊ တခြားအာမခံပစ္စည်းမပါပဲ ချေးယူတာမျိုးအတွက် အတိုး (၁၆) ရာခိုင်နှုန်း မကျော်ဖို့ ထုတ်ပြန်ချက်တွေကလည်း ဗဟိုဘဏ်ရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်မှုတွေပါပဲ။


၂၀၁၉ ခုနှစ်အတွင်းမှာ ဗဟိုဘဏ်အနေနဲ့ဘဏ်တွေမှာ တာဝန်ထမ်းဆောင်ကြမယ့် ဒါရိုက်တာတွေနဲ့ပတ်သက်ပြီး ပိုတိကျတဲ့ အချက်အလက်တွေ ပြဌာန်းလိုက်တာ၊ Cryptocurrency: Bitcoin (BTC) ၊ Litecoin (LTC) ၊ Ethereum (ETH) နဲ့ Perfect Money (PM) လို ငွေကြေးတွေ ရောင်းဝယ်ခွင့်မရှိဘူးလို့ ထုတ်ပြန်ခဲ့တာတွေက ထူးခြားချက်တွေပါ။


၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာဘဏ်အသစ်တွေ ရွေးချယ်ဖို့လုပ်ခဲ့ပေမယ့် မရွေးချယ်နိုင်သေးပေမယ့် လာမယ့် ၂၀၂၀ ခုနှစ် ကျရင်တော့ နောက်ထပ်နိုင်ငံတကာဘဏ်ခွဲတွေကိုပေးနိုင်မယ့် အနေအထားမှာ ရှိနေသလို လုပ်ပိုင်ခွင့်ကိုလည်း ပြည်တွင်း ဘဏ်တွေလိုပဲ အပြည့်အဝလုပ်ပိုင်ခွင့်တွေ ချပေးလာမယ့် သဘောမှာ ရှိနေတာမို့ ၂၀၁၉ ခုနှစ်မှာ ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့တဲ့ အချက်တွေက ကျေနပ်ဖို့ ကောင်းတယ်လို့ ဆိုရမှာပါ။ ၂၀၁၉ ခုနှစ်မှာတော့ နိုင်ငံတော်ဗဟိုဘဏ်ရဲ့ စီမံချက်တွေဟာ ငွေကြေး ကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေမှာ အထောက်အကူအပြုဆုံး လုပ်ဆောင်ချက်တွေဖြစ်တယ်လို့ ဆိုချင်တယ်။


ဗဟိုဘဏ်က တင်းကြပ်လာတဲ့ စည်းမျဉ်းတွေကြောင့်လည်း ပြည်တွင်းဘဏ်တွေနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကြား ထိတွေ့မှု အချို့လည်း ဖြစ်ပွားခဲ့ပေမယ့် ပြန်လည်တည်ငြိမ်လာခဲ့ပါတယ်။ ဗဟိုဘဏ်ကတော့ သူတို့ လုပ်ဆောင်နေတဲ့ အချက်အလက် တွေ ပြည်တွင်းဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ စနစ်တကျ ဆောင်ရွက်လာဖို့ လုပ်ခဲ့အချက်တွေမို့ ကောင်းမွန်တဲ့အချက်တွေလို့ ဆိုရမှာဖြစ်ပြီး ကောင်းမွန်သောအရွှေ့တခုအဖြစ် သတ်မှတ်ရမှာပါ။

 

မြန်မာနိုင်ငံကုန်သည်စက်မှု့အသင်းချုပ်(UMFCCI)
မြန်မာနိုင်ငံကုန်သည်စက်မှု့အသင်းချုပ်(UMFCCI)

 

UMFCCI ရဲ့ ပုဂ္ဂလိကအခန်းကဏ္ဍ ဆောင်ရွက်နိုင်မှု 


၂၀၁၉ ခုနှစ်မှာ စီးပွားရေးအခန်းကဏ္ဍ အထိုက်အလျှောက်တိုးတက်ကောင်းမွန်လာခဲ့တယ်ဆိုတာ သိသာတဲ့အချက်တခုပါပဲ။ စီးပွားရေးတိုးတက်မူရလဒ်ကောင်းမွန်ခြင်းမရှိဘူးလို့ ၂၀၁၈ ခုနှစ် တစ်နှစ်လုံးထင်ကြေးပေးခံရချိန်မှာပဲ မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ် (UMFCCI) က Invest Myanmar Summit 2019 ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တယ်။ နိုင်ငံခေါင်း ဆောင်တွေကို လိုချင်တဲ့ message ပေးနိုင်ခဲ့သလို အမေရိကန်ဒေါ်လာ ဘီလီယံ (၂၀) ကျော်တန်ဖိုးရှိတဲ့ တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသဆိုင်ရာစီမံကိန်းတွေနဲ့ ပုဂ္ဂလိကစီမံကိန်း (၂၀၀) ကျော်ကို ပြသနိုင်ခဲ့တယ်။ ၂၀၁၉ ခုနှစ်အတွက် ပထမဆုံး စီးပွားရေးဆိုင်ရာအချက်အလက်တွေနဲ့ စီမံကိန်းတွေကို ရင်းနှီးမြှုပ်နှံသူတွေဆီ ပေးပို့နိင်ခဲ့သလို လုပ်ငန်းရှင်တွေ မျော်လင့်ထားတဲ့ စီးပွားရေးမူဝါဒတွေကိုလည်း နိုင်ငံတော်အစိုးရဆီ တင်ပြနိင်ခဲ့တယ်လို့ ဆိုရမှာ။ အလားတူပဲ မြန်မာ နိုင်ငံကုန်သည်စက်မှုအသင်းချုပ်ကြီးဟာ ၂၀၁၉ခုနှစ်နိုဝင်ဘာလမှာ နှစ် (၁၀၀) သက်တမ်းပြည့်ခဲ့တာပါ။


အသင်းအနေနဲ့ စီးပွားရေးကို ပိုမိုဦးဆောင်လာတဲ့အနေအထားမှာရှိနေတာနဲ့အညီ အသင်းဖွဲ့စည်းပုံကိုလည်း ပြင်ဆင်နိုင်ခဲ့ခြင်း ဟာ မြန်မာ့စီးပွားရေးအခန်းကဏ္ဍမှာ ပိုမိုလိုက်လျောညီထွေဖြစ်လာမယ့်သဘောပါ။
UMFCCI ရဲ့ တင်ပြချက်တွေ ဆွေးနွေးမှုတွေကြောင့်လည်း ပုဂ္ဂလိကအခန်းကဏ္ဍကို ဦးဆောင်တဲ့ အဖွဲ့အစည်းအဖြစ် အစိုးရ ကော လူအများစုဆီကပါ ယုံကြည်မူ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ အသိအမှတ်ပြုရမှာပါ။ ၂၀၁၉ ခုနှစ်ဟာ ၂၀၁၈ ခုနှစ်ထက် စာရင် စီးပွားရေး အထိုက်အလျောက်ကောင်းမွန်လာရခြင်းမှာ UMFCCI ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အချက်ပါ။ လာမယ့် ၂၀၂၀ ခုနှစ်မှာလည်း စီးပွားရေးဆိုင်ရာ စစ်တမ်းတွေကို တင်ပြနိင်ဖို့လုပ်နေတယ်ဆိုတာမို့ ပိုကောင်းမွန်သော စီးပွားရေး  တိုး တက်မှုရလဒ်တွေ ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ရပါတယ်။

 

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ရင်းနှီးမြှပ်နံှမှု ထိပ်သီး (၅) နိုင်ငံစာရင်း
မြန်မာနိုင်ငံတွင် ထင်ရှားသည့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး (၅)နိုင်ငံစာရင်း

 

 မြန်မာ့စီးပွားရေးအတွက် အကောင်းဆုံး မိတ်ဖက်နိုင်ငံများ


၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးအဖြစ် စင်ကာပူနိုင်ငံက တရုတ်ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ စင်ကာပူဟာ လုပ်ငန်းပေါင်း (၂၆၇)ခု နဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအမေရိကန်ဒေါ်လာ ဘီလီယံ (၂၀)ကျော်ရှိကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ (၃၀)ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။ အဓိကစင်ကာပူနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေမဟုတ်ပဲ နိုင်ငံတကာကကုမ္ပဏီတွေဟာ စင်ကာပူကိုတဆင့်ခံပြီး မြန်မာကိုလာရောက် ရင်းနှီးမြှုပ်နှံတဲ့အတွက်ပါ။ ရင်းနှီးမြှုပ်နှံမှုကို အားပြုနေရတဲ့ မြန်မာအတွက် စင်ကာပူရဲ့ ရင်းနှီးမြှုပ်နှံမှုတိုး မြှင့်လာခြင်းဟာ အရေးပါတာမို့ ၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနဲ့ စင်ကာပူကြား ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးဆိုင်ရာ စာချုပ်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။ ဒါအပြင် စင်ကာပူအနေနဲ့ မြန်မာနိုင်ငံကို ပညာရေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ စိတ်ဝင်စားနေကြတာပါ။


၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံအနေနဲ့ ဒုတိယနေရာကိုဆင်းပေးလိုက်ရပေမယ့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိ နေဆဲပါ။ ဒုတိယနေရာမှာ ရှိနေပေမယ့် ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လုပ်ငန်း (၃၈၄) ခု ရှိပြီး အမေရိကန်ဒေါ်လာ (၁၈)ဘီလီယံ ရှိနေပါတယ်။ တရုတ်ဟာ ရင်းနှီးမြှုပ်နှံမှုအများဆုံးဟာ လျှပ်စစ်ကဏ္ဍမှာ ဖြစ်ပြီး ကန့်ကွက်မှုတွေ ကြုံတွေ့နေရပေမယ့် မြန်မာနဲ့ ဆက်ဆံရေးမှာတော့ အရေးပါနေဆဲပါ။ 


၂၀၁၉ ခုနှစ်မှာ တောက်ပတဲ့ ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်နိုင်ငံကတော့ ဂျပန်နိုင်ငံနဲ့ ကိုးရီးယားနိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ကိုးရီးယား နိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးအဆင့် (၅)မှာ ရှိနေပြီးတော့ ယခုနှစ်အတွင်း ကိုရီးယားသမ္မတ လာရောက်ခဲ့ တာလည်း သမိုင်းဝင်ခရီးစဉ်တခုလို့ ဆိုရမှာပါ။ နိုင်ငံတကာမှာ ဖိအားတွေ များနေတဲ့ မြန်မာအတွက် ကိုရီးယားသမ္မတ လာ ရောက်လည်ပတ်ခြင်းက အားတက်စေခဲ့တာပါ။ The Korea-Myanmar Economic Industrial Complex ကို ရန်ကုန်တိုင်းအ တွင်းမှာ တည်ထောင်ဖို့ လုပ်ဆောင်နေတာ၊ Dala New City Project အတွက် မြန်မာနိုင်ငံနဲ့ သဘာတူညီမှုရယူတာ၊ ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းတွေအတွက်လည်း ဆောင်ရွက်ခဲ့တာတွေဟာ ဒီနှစ်အတွင်းကောင်းမွန်တဲ့ရလဒ်တွေပါပဲ။


ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံအတွက် နှစ်များစွာ မိတ်ဆွေကောင်းအနေနဲ့တည်ရှိလာခဲ့တာပါ။ ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်ကို စံပြတရပ်အနေနဲ့ အကောင်းဆုံးဖန်တီးရာမှာ သူတို့ ရင်းနှီးမြှုပ်နှံမှုနဲ့ပုံရိပ်တွေကအရေးပါပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာလည်း သီလဝါအထူးစီးပွားရေးဇုန်ဟာ တိုးတက်မှုအရှိန် မြင့်တက်နေဆဲဖြစ်သလို နောက်ထပ်ဇုန်အပိုင်း (ခ)ရှိ မြေနေရာတွေမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနေဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်လည်းသီလဝါရှယ်ယာဈေး တွေဟာ ၂၀၁၉ ခုနှစ်အတွင်း (၂၈) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အကျိုးအမြတ်ဆက်ရရှိနေအုန်းမယ့်အခြေအနေမှာ ရှိနေပါ တယ်။
ဟောင်ကောင်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံကလည်း မြန်မာမှာ သိသိသာသာတိုးတက်လာနေတဲ့အထားမှာ ပိုတွေ့ရပါတယ်။ အိမ်ခြံ မြေကဏ္ဍ၊ အခြေခံအဆောက်အဦးလိုကဏ္ဍတွေ ကုန်ထုတ်လုပ်ရေးကဏ္ဍတွေမှာ ဟောင်ကောင်က ပိုရင်းနှီးမြှုပ်နှံလာကြတာ ပါ။

 

နိုင်ငံတကာအဖွဲ့အစည်းများမှ မြန်မာအပေါ် အကောင်းမြင်မှု

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကဏ္ဍမှာ  နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အပြုသဘောဆောင် အကောင်းမြင်တဲ့ အချက်တွေက ၂၀၁၉ ခုနှစ်မှာလည်း ဆက်မြင်တွေ့နေရဆဲဖြစ်ပါတယ်။ Macro Economy ဆန်တဲ့ စီးပွားရေး ရလဒ်တွေ ထုတ်ပြန်ရာမှာ  ဆိုးဆိုးဝါးဝါးထုတ်ပြန်တာ မရှိသလောက် နည်းပါးပြီး ကောင်းမွန်နေဆဲဖြစ်တယ်လို့ သုံးသပ်မှုတွေကို အစိုးရကပါ ကောက်နှုတ် သုံးစွဲခဲ့တဲ့ အခြေအနေအထိ ဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံမှာ စီးပွားရေးတိုးတက်မှုအမြင့်ဆုံးလို့ ပြောဆိုတဲ့ အချက် တွေဟာ နိုင်ငံတကာစစ်တမ်းရလဒ်တွေကို အခြေခံထားတာပါ။


ကမ္ဘာ့ဘဏ်ရဲ့ Doing Business Ranking အမြင့်ဆုံး နိုင်ငံ (၂၀)စာရင်းမှာလည်း မြန်မာပါဝင်ခဲ့ပြီး ဆောက်လုပ်ရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ ကုမ္ပဏီမှတ်ပုံတင်စနစ်တွေကို ပိုကောင်းမွန်အောင်ဖန်တီးပေးလာနိင်ခဲ့တယ်လို့ ဆိုပါတယ်။ Doing Business Ranking အဆင့်မှာတော့ မြန်မာဟာ ၂၀၁၉ ခုနှစ်မှာ အဆင့် (၁၆၅) နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ world bank ၊ Asia Development bank တို့လို အချက်အလတ်စစ်တမ်းတွေ ဖော်ပြတဲ့အဖွဲ့အစည်းတွေက မြန်မာကို ဆက်အကောင်းမြင်နေ တဲ့သဘောကို ပြသခဲ့ကြတာပါ။ ဒါအပြင် Euro Cham က ကောက်ယူထားတဲ့ အီးယူလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာကို မြင်တဲ့ အမြင်မှာလည်း ထူးထူးခြားခြားအကောင်းမြင်ရလဒ်ရှိနေတာပါ။ သူတို့ဟာ မြန်မာနိုင်ငံမှာ ဆက်လက်ရင်းနှီးမြှုပ်နှံလိုတဲ့ အခြေ အနေတွေကို ဖော်ပြထားကြပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ နှစ်စဉ် (၆)ရာခိုင်နှုန်းအထက်မှာ ရှိနေတယ်ဆိုတဲ့ အချက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် မျက်စိကျနေဆဲ အနေအထားရှိနေစေခဲ့တာပါ။


ရခိုင်အရေးဟာ နိုင်ငံတကာစာမျက်နှာထက်မှာ အကောင်းမြင်မှု လျော့ကျသွားစေခဲ့တာဖြစ်ပြီး တချို့ရင်းနှီးမြှုပ်နှံမှုတွေဝင်မ လာခဲ့တာကလည်း မြန်မာအတွက် ဖိအားဖြစ်စေပေမယ့် သိသိသာသာရိုက်ခတ်စေတဲ့ အနေအထားတခုမှာတော့ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် လာမယ့် နှစ်တွေမှာတော့ အကျိုးသက်ရောက်လေမလား စိုးရိမ်စရာပါ။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာနရုံး (DICA)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာနရုံး (DICA)

 

အစိုးရဌာနဆိုင်ရာလုပ်ဆောင်ချက်များ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွန်ကြားရေးဦးစီးဌာနရဲ့ လုပ်ဆောင်ချက်တွေကသာ ၂၀၁၉ ခုနှစ်အတွင်းမှာ အသိသာ ဆုံးအချက် ဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ကြေးတွေကို ကျပ်(၂)သိန်းခွဲကနေ ကျပ်(၁)သိန်းခွဲအထိ လျော့ချပေးလိုက်ခြင်းဟာ မြန်မာနိုင်ငံက အသေးစားစီးပွားရေးလုပ်ငန်းတွေကို ကုမ္ပဏီထောင်ဖို့ ပိုလွယ်ကူသွားစေပါတယ်။ အမေရိကန်ဒေါ်လာ (၁၂၀) လောက်သာကျသင့်မယ့် ကုမ္ပဏီမှတ်ပုံတင်ကြေးဟာ လူတိုင်းလက်လမ်းမီနိုင်တဲ့အနေအထားကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်တယ်။ ဒါအပြင် ကုမ္ပဏီမှတ်ပုံတင်ရာမှာလည်း One Stop Service စနစ်နဲ့သာမက MyCo ခေါ် အွန်လိုင်း မှတ်ပုံတင်စနစ်ပါလုပ်ဆောင် နိုင်ခဲ့တာ ထူးခြားကောင်းမွန်တဲ့ E-government စနစ်ရဲ့ ကနဦးအကောင်းဆုံးခြေလှမ်းတခု ဖြစ်စေပါတယ်။ အစိုးရယန္တရားတွေ ဖြစ်တဲ့ ဌာနဆိုင်ရာလုပ်ဆောင်ချက်တွေထဲမှာ DICA ရဲ့ လုပ်ဆောင်ချက်ဟာ နှစ်စဉ် နှစ်တိုင်း စီးပွားရေး  လုပ်နေသူတွေ၊ မူဝါဒ ရေးဆွဲသူတွေနဲ့ အဖွဲ့အစည်းတွေကို စိတ်မပျက်စေရပဲ အကောင်းဆုံးတွေသာ ဖန်တီးနိုင်တဲ့ဌာနဆိုင်ရာလို့ဆိုရမှာပါ။


မန္တလေးတိုင်းဒေသကြီးဟာလည်း ၂၀၁၉ခုနှစ်မှာ စီးပွားရေး ကဏ္ဍအတွက် ဆွဲဆောင်လာနိင်တဲ့ အနေအထားမှာရှိနေပါတယ်။ SMART City တည်ဆောက်ရေးလုပ်ဆောင်မှုတွေနဲ့အတူ အာဆီယံမှာ Smart City ဆုကို ပါ ရရှိလာခဲ့တာကြောင့် လူစိတ်ဝင် စားမှု ရရှိလာခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးပြုလုပ်ရာမှာ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို ချိတ်ဆက်ဆောင်ရွက်နိုင် တဲ့ အခြေအနေ၊ တရုတ်ရဲ့ပိုးစင်္ကြန်လမ်း (One Bolt One Road) နဲ့ ချိတ်ဆက်ရာမှာ အရေးပါမှုတွေကြောင့် ၂၀၁၉ ခုနှစ် အ တွင်း လူကြိုက်များလာနေတဲ့အနေအထားမှာ ရှိနေပါတယ်။ အီးယူစစ်တမ်းအရဆို မန္တလေးဟာ ရင်းနှီးမြှုပ်နှံမှုပြုဖို့ စိတ်ဝင် စားမှု ပိုရှိလာနေတဲ့အနေအထားမှာရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံကဏ္ဍအတွက် ပိုကောင်းလာမယ့်အနေအထားမှာ ရှိနေပါတယ်။


နောက်ထပ်ပြုပြင်ပြောင်းလဲမှုတစ်ခုအနေနဲ့  မြန်မာနိုင်ငံဟာ လျှပ်စစ်လိုအပ်ချက် မြင့်မားတဲ့နိုင်ငံတခုဖြစ်တာမို့ အစိုးရကလည်း ဒီကဏ္ဍကို ပိုမိုတိုးတက်လာစေဖို့ အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတဝှမ်း လျှပ်စစ်သုံးစွဲမှု ဟာ အိမ်ထောင်စုအားလုံးရဲ့ (၅၀)ရာခိုင်နှုန်း ပြည့်မီလာခဲ့ပါပြီ။ လျှပ်စစ်ကဏ္ဍတိုးတက်လာမှုဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် သာမက စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက်ပါ အရေး ပါတာမို့ ဒီကဏ္ဍတိုးတက်လာခြင်းဟာလည်း စီးပွားရေးတိုးတက်မှု အတွက်အရေးပါတဲ့ အနေအထားလို့ ဆိုရမှာပါ။ စက်ရုံ၊ အလုပ်ရုံတွေ လူနေအိမ်ရာတွေ တိုးတက်များပြားလာတာမို့ နှစ်စဉ် မြန်မာနိုင်ငံရဲ့လျှပ်စစ်လိုအပ်ချက်ဟာ (၁၅) ရာခိုင်နှုန်းကနေ (၁၉) ရာခိုင်နှုန်းအထိ ရှိနေတာပါ။ 


လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံလျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အရင်ကရေအားလျှပ်စစ်ကဏ္ဍကို အားပြုနေခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ သဘာဝဓါတ်ငွေ့သုံးလျှပ်စစ်ထုတ်လုပ်ဖို့ကို ပိုအားစိုက်လာတာတွေ့ရပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ် ရေးအတွက် ဝေဖန်ကန့်ကွက်မှုတွေ မကြာခဏ ကြုံနေရတဲ့အပြင် ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကလည်း မြင့်လာတာမို့ အစိုးရ အနေနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍဘက်ကို ပိုအာရုံပြုလုပ်ဆောင်လာတဲ့သဘော ဖြစ်ပါတယ်။

 

BCIM စီးပွားရေး စင်္ကြန်လမ်းမကြီး
BCIM စီးပွားရေး စင်္ကြန်လမ်းမကြီး

 

OBOR လမ်းကြောင်းပေါ်က မြန်မာ

မြန်မာနိုင်ငံအနေနဲ တရုတ်နိုင်ငံကလုပ်တဲ့ One Belt One Road လမ်းကြောင်းပေါ်မှာ ပါဝင်နေတာမို့ ဒီစီမံကိန်းအကျိုးသက် ရောက်မှုတွေဟာလည်း လူပြောများစရာဖြစ်ခဲ့တဲ့အချက်တခုပဲ ဖြစ်ပါတယ်။ မြန်မာဟာ Bangladesh, China, India and Myanmar Economic Corridor (BCIM) လမ်းကြောင်းပေါ်မှာ တည်ရှိနေတာမို့ယူတက်ရင် အကျိုးအမြတ်ရရှိနိုင်တဲ့ စီမံကိန်း တခုပဲ ဖြစ်ပါတယ်။ အိန္ဒိယနဲ့ အာဆီယံချိတ်ဆက်မယ့်လမ်းကြောင်း၊ တရုတ်နဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းတွေအပြင် တရုတ် အတွက် အိန္ဒိယပင်လယ်ထွက်ပေါက်တခုဖြစ်လာမယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာလည်း ပိုကောင်းမွန်တဲ့ ရလဒ်တခုအ ပေါ်မှာ တည်မှီနေတာပါ။ ဒီစီမံကိန်းက မြန်မာပြည်အလယ်ပိုင်းဖြစ်တဲ့မန္တလေးကို ဖြတ်သွားကြမှာမို့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့  မြန်မာပြည်အထက်ပိုင်းကို ပိုစိတ်ဝင်စားလာခဲ့ကြတာပါ။


ရခိုင်ပြည်နယ်က တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ချိတ်ဆက်မှာ ဖြစ်သလို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ကနေ မြန်မာကိုဖြတ်ပြီး ရှမ်းပြည်နယ်၊ မူဆယ်နယ်စပ်ကနေ ဖြတ်ဖောက်မယ့် ရထားလမ်းစီမံကိန်းတွေ၊ ကုန်သွယ်ရေးလမ်းမတွေဟာ ဒီနှစ်အတွင်းမှာ ထင်ရှားတဲ့အချက်တွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ ဆက်သွယ် ချိတ်ဆက်နိုင်မယ့် ကုန်သွယ်ရေး၊ ခရီးသွားလာရေးဆိုင်ရာ ကားလမ်း တွေ၊ ရထားလမ်းတွေအပြင် ကုန်သွယ်ရေးသဘောတူညီမူတွေက မြန်မာအတွက် အရေးပါသလို လိုအပ်သလို အခွင့် အရေးယူ နိုင်မှသာရရှိနိုင်မယ့် အနေအထားပါလို့ ဆိုရမှာပါ။

 

မြန်မာ့အာမခံလုပ်ငန်း
မြန်မာ့အာမခံလုပ်ငန်း

 

အာမခံလုပ်ငန်းအခန်းကဏ္ဍ 

အစိုးရရရဲ့လုပ်ဆောင်မှုကဏ္ဍထဲမှာ ၂၀၁၉ ခုနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုအမြင်သာဆုံးက အာမခံဈေးကွက်မှာ နိုင်ငံတကာက လုပ်ငန်းတွေကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ပြည်တွင်းအာမခံလုပ်ငန်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ပေးတာ၊ နိုင်ငံ တကာကုမ္ပဏီ (၆)ခုနဲ့ အသက်အာမခံလုပ်ငန်းမှာ ရာနှုန်းပြည့်လုပ်ငန်းလုပ်ခွင့်ရတဲ့ နိုင်ငံတကာကုမ္ပဏီ (၅)ခု ကို ခွင့်ပြု ပေးလိုက်တာကြောင့် အာမခံဈေးကွက်အတွက် လုံလောက်သောလုပ်ငန်းကဏ္ဍကို ဖြည့်ဆည်းလိုက်တာပါ။ အာမခံထားရှိသူ လူနှစ်သန်းဝန်းကျင်သာရှိတဲ့ မြန်မာနိုင်ငံအာမခံဈေးကွက်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မှု အပြည့်ရှိနေတာပါ။ မြန်မာ နိုင်ငံဟာ လူဦးရေ (၅၄) သန်းနီးပါး ရှိတာမို့ အနာဂတ်ဈေးကွက်ဟာ ကောင်းမွန်တဲ့အနေအထားမှာ ရှိနေပါတယ်။ 
သဘာဝဘေးအန္တရယ်တွေ ပိုကြုံတွေ့လာနေရတဲ့ အနေအထားကြောင့် လူအများစုဟာ အာမခံထားရှိဖို့ စိတ်ဝင်စားလာကြသ လို အစိုးရကလည်း ဒီကဏ္ဍမှာလုပ်ကိုင်ဖို့လုပ်ငန်းတွေ လျင်လျင်မြန်မြန်ခွင့်ပြုလိုက်တာမို့ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲ ရေးတခုဖြစ်ခဲ့ပါတယ်။

 

နိုင်ငံတကာမှ လာရောက်လုပ်ကိုင်သည့် အာမခံလုပ်ငန်းများ
နိုင်ငံတကာမှ လာရောက်လုပ်ကိုင်သည့် အာမခံလုပ်ငန်းများ

 

တိုးတက်မှုရဲ့ဆန့်ကျင်ဘက် အရွှေ့များ

၂၀၁၉ ခုနှစ်အတွင်း ပြည်တွင်းရွှေဈေးဟာ နှစ် (၃၀)အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ နှစ်လည်း ဖြစ်ပါတယ်။ စက်တင်ဘာလ (၅)ရက်နေ့မှာ အမြင့်ဆုံးဈေးအဖြစ် ရွှေတစ်ကျပ်သားကို ကျပ် (၁၃၁၅၀၀၀)အထိ ရောက်ရှိခဲ့ပါတယ်။ နှစ်စဉ် ပျမ်းမျှရွှေတစ် ကျပ်သားကို ကျပ်တစ်သိန်းခန့် ပုံမှန်မြင့်တက်လေ့ရှိပေမယ့် နှစ်စပိုင်း ဇန်နဝါရီလမှာ တစ်ကျပ်သားကို ကျပ် (၁၀၄၀၀၀၀) ဝန်းကျင်ကနေ အမြင့်ဆုံးအဖြစ် စံချိန်တင်မြင့်တက်လာခဲ့တာက ထူးခြားချက်တခုအဖြစ် မှတ်တမ်းတင်ထားရမှာဖြစ်ပါတယ်။ 


ပြည်တွင်းငွေကြေးဈေးကွက်မှာလည်း ငွေလဲလှယ်နှုန်းတွေဟာ ဒီနှစ်အတွင်းမှာ အမြင့်ဆုံးရောက်ရှိလာခဲ့တယ်။ အမြင့်ဆုံးလဲ လှယ်မှုနှုန်းထားအနေနဲ့ အမေရိကန်တစ်ဒေါ်လာကို ကျပ် (၁၅၆၀) အထိရောက်ရှိခဲ့ပြီး ကျပ်(၁၆၀၀)အထိရောက်ရှိသွားမယ်လို့ ယူဆကြတဲ့အထိ ငွေလဲလှယ်နှုန်ူးထားက မြင့်တက်သွားခဲ့တာပါ။
၂၀၁၉ခုနှစ်ဟာ ကမ္ဘာရွှေ့ဈေးမြင့်တက်မှုတွေကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာခဲ့တာ ဖြစ်ပြီးတော့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကလည်း ပိုမိုမြင့်တက်လာခဲ့တာမို့ ထူးခြားမူတစ်ခုလို့ ဆိုရမှာပါ။

 

နှေးကွေး ကျဆင်းသွားတဲ့ စီးပွားရေးကဏ္ဍများ

၂၀၁၉ ခုနှစ်အတွင်းမှာ ကောင်းမွန်တဲ့ရလဒ်မရရှိဘူးလို့ ယူဆခံရတဲ့ အခန်းကဏ္ဍထဲမှာ နယ်စပ်ကုန်သွယ်ရေးကသိသာထင်ရှား တဲ့အချက်တခုပါပဲ။ အထူးသဖြင့် တရုတ်နယ်စပ်ကုန်သွယ်ရေးဟာ အားရကျေနပ်ဖွယ်မရှိတဲ့ အနေအထားဖြစ်ခဲ့ပြီး အစိုးရဖြစ် စေ ပုဂ္ဂလိကဆွေးနွေးမူတွေဟာလည်း ပိုမိုကောင်းမွန်အောင်ဖန်တီးပေးနိုင်ခဲ့ခြင်းမရှိတာတော့အမှန်ပါ။ 


နယ်စပ်ကုန်သွယ်ရေး နိမ့်ကျသွားခဲ့တာကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုက ပိုမိုအားကောင်းလာခဲ့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ယခင်က ကုန်သွယ်ရေးကဏ္ဍမှာ တရုတ်ကိုသာ မှီခိုနေရာကနေ ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်း တိုးတက် လာမှုနဲ့အတူ ဈေးကွက်အသစ်တွေ ပိုမိုရှာဖွေလာနိုင်တဲ့အနေအထားတခုကို ရောက်ရှိလာခဲ့တယ်။ သို့ပေမယ့် ရေကြောင်း ကုန်သွယ်ရေးအတွက် ရန်ကုန်ဆိပ်ကမ်းတွေဟာ အဓိကကျတဲ့အချက် ဖြစ်နေဆဲမို့ ဆိပ်ကမ်းလိုအပ်ချက်တွေ မြင့်တက်လာနေ တာကို ၂၀၁၉ ခုနှစ်မှာ ပိုဖော်ပြလာနေပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို ပိုကောင်းမွန် လာအောင် ဖန်တီးပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ Asean Economic Community (AEC) ကလည်းစတင်နေပြီမို့ အာဆီယံကို ဆက်သွယ်နိုင်မယ့် နယ်စပ်လမ်းကြောင်းအတွက် အရေးပါတဲ့နယ်စပ်ကုန်သွယ်ရေးကဏ္ဍကို ပိုကောင်းမွန်လာအောင် ဖန်တီး ပေးထားနိုင်တာ တွေ့ရပါတယ်။ ရလာဒ်ကတော့ မြန်မာနိုင်ငံအနေနဲ့ Asean free Trade Area မှာ ဘယ်လောက်ထိ အကျိုး အမြတ်ရယူနိုင်မလဲ ဆိုတာနဲ့ပဲ တိုင်းတာရမှာပါ။


အီးယူရဲ့ GSP အခွင့်အရေးကို ပြန်ရုပ်သိမ်းတော့မယ် ဆိုတဲ့ အချက်ကလည်း မြန်မာ့စီးပွားရေးကဏ္ဍမှာ အပြောင်းအလဲတွေ ဖြစ် သွားစေခဲ့ပါတယ်။ အရင်က ရှိနှင့်ပြီးသား ဈေးကွက်တခုတည်းကိုသာ အားကိုးနေရတဲ့အခြေအနေကနေ လုပ်ငန်းရှင်တွေဟာ ဈေးကွက်သစ်ရှာဖွေတာ တိုးချဲ့တာတွေ လုပ်ဆောင်နိုင်ခဲ့တာ ဒီလိုဖိအားတွေကြောင့်ပါပဲ။ တရုတ်နယ်စပ်မှာ မြန်မာ့ပို့ကုန်တွေ တင်ပို့ရခက်ခဲတဲ့ အခြေအနေတွေကြောင့် တရုတ်အပြင်တခြားဈေးကွက်သစ်တွေကို တိုးချဲ့ ရှာဖွေလာနိုင်ခဲ့တာ တွေ့ရပါတယ်။


၂၀၁၈-၁၉ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာလည်း မျော်မှန်းချက်ကို ပြည့်မှီတဲ့ အနေအထားကို ရောက်ရှိမသွား ခဲ့တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ (၅ ဒသမ ၈) ဘီလီယံမျှော်မှန်းခဲ့ပေမယ့် လက်တွေ့မှာ အမေရိကန်ဒေါ် လာ(၄ ဒသမ ၁၅) ဘီလီယံကျော်သာ ရရှိခဲ့တာပါ။ သို့ပေမယ့် ဘဏ္ဍာရေးနှစ်ကာလကိုပြောင်းလဲ လိုက်တာနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုရမှာပါ။ သို့ပေမယ့် ၂၀၁၉-၂၀ဘဏ္ဍာရေးနှစ်မှာတော့ ပိုတိုးရရှိလာမယ့် အနေအထားမှာ ရှိနေပါတယ်။

 

တိုးတက်လာမည့် စီးပွားရေး အခန်းကဏ္ဍများ
တိုးတက်လာမည့် စီးပွားရေး အခန်းကဏ္ဍများ


၂၀၂၀ အတွက် ခန့်မှန်းချက်နဲ့ အလားအလာ

လာမည့်နှစ်မှာတော့ မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလဖြစ်မှာမို့ စီးပွားရေးကဏ္ဍ လျော့ကျလေမလားဆိုတဲ့ အချက်ကို စိုးရိမ်မှုတွေမရှိကြပဲ ကောင်းမွန်လာမယ်လို့ လုပ်ငန်းရှင်တွေက ယူဆနေကြပါတယ်။ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာတော့ ပိုကောင်းမွန်တဲ့ အခြေအနေကောင်းတခုကို ပိုင်ဆိုင်ထားပြီး လိုအပ်တဲ့အခွင့်အရေးကောင်းတခုကို ပိုင်ဆိုင်နိုင်မယ်လို့ မျှော်လင့် ထားကြပါတယ်။ မြန်မာစီးပွားရေးကဏ္ဍ ပိုမိုတိုးတက်လာမယ် လို့ ယုံကြည်နေကြပြီး အခွင့်အရေးကောင်းတရပ်ကို ပိုင်ဆိုင်နိုင် လိမ့်မယ့် အနေအထားမှာရှိနေပါတယ်။ အဓိကက အိမ်ခြံမြေကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၊ လျှပ်စစ်ထုတ်လုပ် ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်း၊ သတ္တူတူးဖော်ရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုအား ကောင်းလာမယ့် အနေအထားမှာ ရှိနေပါတယ်။


ရွေးကောက်ပွဲကာလဟာ မြန်မာ့စီးပွားရေးကို ရိုတ်ခတ်စေမယ်လို့ ယူဆထားကြတာ မရှိသလောက် ဖြစ်တဲ့အတွက် ပိုကောင်း မွန်လာမယ်လို့ ယုံကြည်မိပါတယ်။


ရေးသားသူ - ဆလိုင်းထွန်းထွန်း