Skip to main content

လာရှိုး-မူဆယ် လမ်းပိုင်း ကုန်သွယ်မှု မူလနီးပါး ပြုလုပ်လာနိုင်၊ နယ်မြေလုံခြုံရေးအရ ညကားများ ဖြတ်သန်းခြင်း မပြုနိုင်သေး ဟုဆို

စက်တင်ဘာလ (၆)ရက်နေ့မှစတင်ကာ ကုန်သွယ်မှုများ ပြန်လည်ပြုလုပ်လာနိုင်ခြင်းဖြစ်ပြီး မန္တလေးမှတစ်ဆင့် ရန်ကုန်သို့ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများ ပြန်လည်ဝင်ရောက်လာကာ မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်းမှ တစ်ဆင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ကုန်စည်များ ပြန်လည်တင်ပို့နိုင်ပြီဖြစ်ကြောင်း မူဆယ်ကုန်စည်ဒိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက BETV သို့ ပြောသည်။

“ မန္တလေးက  ပြောင်းရယ်၊ ဆန်ရယ် အများဆုံး တက်လာတယ်။ သစ်သီးဝလံ နည်းနည်းပါးပါးတက်လာတယ်။ နောက်တစ်ခါ ရေထွက်ပစ္စည်းတွေ နည်းနည်းပါးပါး တက်လာတယ်” ဟု ဦးမင်းသိန်းက ပြောသည်။

လက်ရှိ နေ့စဉ် အမေရိကန်ဒေါ်လာ (၅)သန်းနီးပါးအထိ ကုန်သွယ်မှုများပြုလုပ်ထားနိုင်ထားနိုင်ပြီး တရုတ်နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးကုန် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာကြောင်း ဦးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၅)ရက်နေ့မှစတင်ကာ ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) စသည့် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင် သုံးဖွဲ့၏ ဖောက်ခွဲမှုများကြောင့် မန္တလေး-လားရှိုးလမ်းပိုင်းရှိ ဂုတ်တွင်းတံတား ပျက်စီးခဲ့ပြီး နေရာအချို့တွင်လည်း တိုက်ခိုက်မှု များကြောင့် လမ်းပန်းဆက်သွယ်ရေးပျက်တောက်ခဲ့ရကြောင်း သိရသည်။
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးဇုန်တို့ရှိ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ  (၇)သန်းနီးပါးအထိ ထိခိုက်ခဲ့ကြောင်း သြဂုတ်လ၏ နောက်ဆုံးသီတင်းပတ်တွင် ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်ခဲ့သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း လုံခြုံရေးအရ ကုန်ကားများကို တားဆီးမှုများရှိနေခြင်းကြောင့် ထင်သလောက်ကုန်သွယ်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း အတွင်းရေးမှူး ဒေါ်ရှောက်မိန် ပြောသည်။

“ လမ်း၊ တံတားတွေတော့ အဆင်ပြေသွားပြီ။ ကွမ်းလုံကြိုးတံတားမှာ လုံခြုံရေးပြောပြီး ကားတွေမလွတ်ဘူး။ အကြာကြီး တန်းစီ နေရတယ်။ အခြေအနေကောင်းတယ်လို့ လည်း ပြောမရဘူး။ မကောင်းဘူးလို့လည်း ပြောမရဘူး။ အားလုံးက ထိတ်ထိတ် လန့်လန့်နဲ့  သွားနေရတာပဲလေ။ ဟိုနားတားလိုက် ဒီနားတားလိုက် ဖြစ်နေတယ်” ဟု ပြောသည်။

သို့သော် လက်ရှိအချိန်၌ မန္တလေး-လားရှိုး-မူဆယ် လမ်းတစ်လျှောက် တပ်မတော်မှ လုံခြုံရေး ရယူပေးထားသဖြင့် ကုန်တင်ကား များ အရဲစွန့် သွားလာနေရခြင်းဖြစ်ကြောင်း ကုန်သည်/စက်မှုအသင်းချုပ်၏ နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက BETV သို့ ပြောသည်။

“ ဒီကိစ္စကြောင့် နှစ်ဖက်စလုံးနစ်နာတာပေါ့ဗျာ။ ဒီဘက်ကလည်း ကုန်မပို့နိုင်ဘူး။ ဟိုဘက်ကလည်း ကုန်မဝယ်နိုင်ပေါ့လေ။ ဒါပေမယ့် တရုတ်ပစ္စည်းက ဈေးတော့အများကြီး မတက်ပါဘူး” ဟု ဦးကိုကိုကြီးက ဆိုသည်။

သို့သော် နယ်မြေလုံခြုံရေးအရ နေ့ဘက်၌ မန္တလေး-လာရှိုး-မူဆယ် လမ်းပိုင်းမှ တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်သို့ ကုန်ကားများ ဖြတ်သန်းသွားလာနေကြသော်လည်း ညအချိန်တွင် လုံခြုံရေးအာမခံချက်မရှိသဖြင့် လားရှိုး-မူဆယ် လမ်းပိုင်းမှ ကုန်ကားများ ဖြတ်သန်းမှုမရှိကြောင်း မူဆယ်ကုန်စည်ဒိုင်၊ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

ဦးမင်းသိန်းက “မန္တလေးကနေ လားရှိုးအထိက နေ့ရော ညရော သွားလို့ရတယ်။ လားရှိုးနဲ့မူဆယ်ကြားတော့ ညကားတွေ သိပ်မသွားကြဘူး။ ညကားမလာနဲ့လို့တော့ မပြောထားဘူး။ ဒါပေမယ့် ကိုယ်သွားရဲရင် သွားပေါ့။ မသွားရဲရင် မသွားနဲ့ပေါ့။ ဒါပေမယ့် များသောအားဖြင့် မသွားကြဘူး” ဟု ဆိုသည်။

ထို့အပြင် (၁၀)ဘီးနှင့် (၁၂)ဘီး ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း လက်နက်ကိုင်များ၏ ဖောက်ခွဲမှုများ ကြောင့် မန္တလေး-လာရှိုးလမ်းပိုင်းရှိ ဂုတ်တွင်းတံတားထိခိုက်ပျက်စီးခဲ့ရသဖြင့် ယာယီတံတားပေါ်မှ တွဲကားများ ဖြတ်သန်းသွား လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုလက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအတွက် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကျိုင်းတုံ၊ ချင်းရွှေဟော် စသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖွင့်လှစ်ထားလျက်ရှိကြောင်း သိရသည်။

လက်ရှိ မူဆယ် ကုန်သွယ်ရေးဇုန်မှာ မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ကုန်သွယ်ရေးဇုန်များထဲမှ အကြီးဆုံး ကုန်သွယ်ရေး ဇုန်တစ်ခုဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုစုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းခန့်အထိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆန်၊ ငါး၊ သစ်၊ ပဲ၊ နှမ်း၊ အထည်၊ ရေထွက်ကုန်၊ ရော်ဘာ နှင့် သတ္ထုတွင်းထွက်ပစ္စည်းများ စသည်တို့ကို အများဆုံး တင်ပို့ထားပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ စက်နှင့် စက်ပစ္စည်းများ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ဆေးဝါးနှင့် နို့ထွက်ပစ္စည်းတို့ကို အများဆုံး တင်သွင်းလျက်ရှိကြောင်း သိရသည်။