အဓိကအကြောင်းအရာသို့ သွားမည်

ကျူး (သို့) ပျံကျနေထိုင်သူတွေအတွက် ဒီဇင်ဘာအိမ်မက်

 

 

စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ဟာ မြန်မာပြည်ရဲ့လူနေထိုင်မှုသိပ်သည်းမှုမြင့်မားတဲ့ မြို့တစ်မြို့ လည်း ဖြစ်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေးအတွက် လာရောက်နေထိုင်တဲ့ လူငယ်တွေ နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်တဲ့ မိသားစုတွေ ဒီထဲမှာ အများစုပါဝင်နေပါတယ်။  

အခြေချနေထိုင်သူဦးရေ နှစ်စဉ်တိုးတက်လာနေတဲ့ ရန်ကုန်မြို့မှာတော့ ကျောတခင်းစာနေရာ တစ်ခု ပိုင်ဆိုင်ဖို့ဟာ အိမ်ရာပိုင်ဆိုင်မှုမရှိတဲ့သူတွေအတွက် အကြီးမားဆုံး အိမ်မက်တွေထဲက တစ်ခု လည်း ဖြစ်ပါတယ်။

အိမ်ရာပိုင်ဆိုင်မှုမရှိသူအများစုမှာ အစိုးရဝန်ထမ်းဆိုရင် အစိုးရ လိုင်းခန်းတွေ၊ ကုမ္ပဏီဝန်ထမ်းဆိုရင် ကုမ္ပဏီက စီစဉ်ပေးတဲ့ အဆောင်တွေမှာ နေထိုင်သူတွေ အပြင် ငှားရမ်းနေထိုင်သူတွေလည်း ရှိပါတယ်။

ဒီလူတန်းစားထဲမှာ မပါဝင်ဘဲ  အရပ်အခေါ် 'ကျူးကျော်' လို့ ဆိုတဲ့ ပျံကျနေထိုင်သူ လူတန်းစား တစ်ရပ်လည်း ရန်ကုန်မြို့မှာ ရှိနေပါသေးတယ်။

လူတွေဟာ မိမိတို့ဝင်ငွေကို စားဝတ်နေရေးအတွက် အများဆုံးအသုံးပြုကြပေမယ့်၊ ဝင်ငွေနဲ့မမျှတဲ့ ထွက်ငွေတွေကြောင့် ဒီလူတန်းစားတွေအတွက်တော့ နေအိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆိုတာ အိမ်မက်လို ဖြစ်နေပါတယ်။

ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မင်းသန္တာကလည်း အရင်က နေစရာနေရာအတွက် စရိတ် မတက်နိုင်တာကြောင့် ပျံကျနေထိုင်ခဲ့ဖူးသူ တစ်ဦးပါ။

အိမ်ယာ ပိုင်ဆိုင်ဖို့ဆိုတာဟာ အိမ်မက်သာသာပဲရှိခဲ့ရာကနေ အခုတော့ တကယ်ဖြစ်လာခဲ့ပြီလို့ သူမက ဆိုပါတယ်။

"တစ်သက်တာ မမက်ဖူးတဲ့ အိမ်မက် မက်ရမှာလေ။ အိမ်ယာရဖို့ဆိုတာ ကိုယ့်အိမ်၊ ကိုယ့်ဝန်းနဲ့ နေဖို့ဆိုတာ အိမ်မက်တောင် မက်ဖူးတဲ့အရာမဟုတ်ဘူး" လို့ ဒေါ်မင်းသန္တာက ဆိုပါတယ်။

ဒါကတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ပေးနေတဲ့ လူမှုအဖွဲ့အစည်း အခြေပြု အိမ်ယာစီမံကိန်းကြောင့် အိမ်ယာပိုင်ဆိုင်တော့မှာဖြစ်လို့ပါ။

စီမံကိန်းအကောင်အထည်ဖော်ရာမှာ ဦးစီးဆောင်ရွက်နေတဲ့ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီရဲ့ အတွင်းရေးမှူး ဦးညီညီက " အခုလိုဆောက်ပေးခြင်းအားဖြင့် လမ်းတွေ ပေါ်မှာ၊ မြောင်းတွေ ပေါ်မှာ ကျူးနေတဲ့သူ‌တွေ အများကြီး လျှော့သွားမယ်။ ဒါဆိုရင် မြို့နယ်တွေကလည်း ဒီထက်ပိုပြီး မြို့အင်္ဂါ ရပ်တွေနဲ့ ညီညွှတ်ပြီး လှပလာမယ်" လို့ ဆိုပါတယ်။

ဒီအိမ်ယာစီမံကိန်းကိုတော့ ယာယီပျံကျနေထိုင်တဲ့ မိသားစုဝင်တွေကို ဦးစားပေးအနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းက အိမ်ယာစီမံကိန်းတွေကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

 လူမှုအဖွဲ့အစည်း အခြေပြု အိမ်ယာစီမံကိန်းမှ အိမ်ယာတချို့အား တွေ့ရစဉ် (Photo : BETVBusiness)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ရွှေပြည်သာမြို့နယ်တွင် အကောင်အထည်ဖော်နေသည့်  စီမံကိန်းမှ အိမ်ယာများ (Photo : BETV Business)

 

ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျူးကျော်မှာ နေထိုင်တဲ့ ဒေါ်ညိုညိုအေးက ကျူးမှာနေခဲ့တဲ့သူတွေ အတွက်ကို ဒီလိုအခွင့်အရေးပေးတဲ့အတွက်ကို အတိုင်းမသိကို ဝမ်းသာပါတယ်။ ကျေလည်း ကျေ နပ်ပါတယ်။ ကျူးမှာနေခဲ့တာက တစ်နှစ်လည်းမဟုတ်ဘူး၊ နှစ်နှစ်လည်းမဟုတ်ဆယ်နှစ်တာကာလ ဆိုတော့ အစိုးရက ဒီလိုအဖွဲ့အစည်းတည်ထောင်ပြီး ဒီလိုအိမ်ယာလေးတွေချပေးတဲ့အတွက်အတိုင်း မသိကိုဝမ်းသာပါတယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းမှာတော့ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံ (ဆိပ်ကမ်း) စတဲ့ မြို့နယ် (၆)ခုမှာ အိမ်ထောင်စု (၆)သောင်းအတွက် နေအိမ်တွေ တည်ဆောက်ပေးသွားမှာပါ။

ကျပ်သိန်း (၃၀)ဝန်းကျင် တန်ဖိုးရှိတဲ့ အိမ်တွေဟာ အကျယ်အဝန်းအားဖြင့်  (၁၈ x ၂၅ ) ပေ အကျယ်အဝန်းရှိပြီး မြေနေရာကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ပေးတာဖြစ်ပါတယ်။

အိမ်တန်ဖိုးကိုတော့ နေထိုင်လိုသူတွေက အကုန်ကျခံရမှာဖြစ်ပြီး ဒီအတွက် ငွေကြေးအခက်အခဲ ဖြစ်နေတဲ့သူတွေကိုလည်း ချေးငွေထုတ်ပေးတယ်လို့ သိရပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်းရဲ့ ဒါရိုက်တာ ဖြစ်တဲ့ ဒေါ်ဗန်လီဇာအောင်က " ကနဦးအနေနဲ့ ရွှေပြည်သာမြို့နယ်မှာ နေအိမ်အလုံး ၂၆၄ လုံး တည်ဆောက်ပေးနေပြီ ဖြစ်ပါတယ်။ ရွှေပြည်သာမှာ တည်ဆောက်နေတဲ့အိမ်ကတော့ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ဒီဇင်ဘာလကုန်မှာ နေထိုင်နိုင်ပြီဖြစ်ပါတယ်" လို့ ဆိုပါတယ်။

အခုလိုစီမံကိန်းဟာ ကျောတခင်းစာ နေရာ အခက်အခဲဖြစ်နေတဲ့ ပျံကျနေထိုင်သူတွေ အတွက် ကောင်းမွန်တဲ့ စီမံကိန်းတစ်ခုဖြစ်ပေမယ့်၊ လူဦးရေကြပ်တည်းနေတဲ့ ရန်ကုန်မြို့ကို ခြုံငုံမိတဲ့ စီမံကိန်း တစ်ခုတော့ မဟုတ်ပါဘူး။

လူတန်းစားအလွှာအသီးသီးက လက်လှမ်းမီတဲ့ အိမ်ယာစီမံကိန်းတွေကိုလည်း အကောင်အထည် ဖော်ပေးနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဦးညီညီက တော့  အိမ်ငှားနေထိုင်တဲ့ သူတွေ ကလည်း သူတို့အတွက် အိမ်ရာတွေ ပြုလုပ်ပေးဖို့အတွက် တောင်းဆိုနေတာတွေရှိနေတာကြောင့် ကျူးကျော်နေထိုင်တဲ့သူတွေ အတွက်သာမက အိမ်ငှားနေထိုင်တဲ့သူတွေရဲ့ အသံကို နားထောင်ပြီးတော့ လွှတ်တော်မှာ တင်ပြသွားဖို့ ရှိတယ်လို့  BETV Business  ကို ပြောကြားခဲ့ပါတယ်။

ရေးသားသူ - မိစုစုမာ