အဓိကအကြောင်းအရာသို့ သွားမည်

ယစ်မျိုးခွန် အပါအဝင် အခွန် (၈)မျိုး လျာထားချက်အောက် လျော့နည်းကောက်ခံနိုင်ခဲ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

၂၀၁၈-၂၀၁၉ ခုနှစ် ဒုတိယ(၆)လပတ် ယစ်မျိုးခွန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံတဲ့အခွန်အခ အပါအဝင် အခွန်(၈)မျိုးမှာ  လျာထားချက်အောက် လျော့နည်းကောက်ခံရရှိခဲ့တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းပိုင်ဟိန်းက ပြောကြားလိုက်ပါတယ်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရဲ့ ဒုတိယ (၆) လပတ် အခွန်ရငွေများနဲ့ စပ်လျဉ်းပြီး လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီး ဦးမင်းပိုင်ဟိန်းက အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခွန်အကောက်ရငွေနဲ့ ဂျီဒီပီအချိုးက (၇)ရာခိုင်နှုန်းကျော်ပဲ ရှိသဖြင့် နိမ့်ကျနေဆဲဖြစ်ရာ ရသင့်ရထိုက်တဲ့ အခွန် အကောက်များကို တိုးတက်ကောက်ခံနိုင်ရေး၊ ရရှိရေးကို ဆက်လက်ကြိုးပမ်းဆောက်ရွက်ရမှာ ဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးမင်းပိုင်ဟိန်းက ပြောပါတယ်။

A

ဝန်ကြီးဌာန (၉)ခုနှင့် နေပြည်တော်ကောင်စီတို့က ကောက်ခံနေတဲ့ အခွန် (၂၂)မျိုးထဲမှ (၁၃)မျိုးကို လျာထားချက် ပြည့်မီကျော် လွန်အောင် ကောက်ခံနိုင်ခဲ့ပြီး ယစ်မျိုးခွန်၊ မြေလွတ်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိသူများထံမှ ကောက်ခံရရှိသည့် အခွန်၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ၊ သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့် အတွက် ကောက်ခံသည့် သစ်တောခွန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့် အတွက် ကောက်ခံသည့်အခွန်၊ အောင်ဘာလေ သိန်းဆုခွန်၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊ အကောက်ခွန်တို့ကလျာထားချက်အောက်လျော့နည်းကောက်ခံနိုင်ခဲ့တယ်လို့ဒုတိယဝန်ကြီး ဦးမင်းပိုင်ဟိန်းက ဆိုပါတယ်။

လျာထားချက်အောက်သာ ကောက်ခံနိုင်ခဲ့တဲ့ အခွန်တွေထဲမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ကောက်ခံတဲ့ အခွန် (၃)မျိုးအထိ ပါဝင်နေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တာဝန်ယူကောက်ခံခဲ့တဲ့ အခွန်(၆)မျိုးအတွက် အခွန်ကောက်ခံလျာထားချက် ကျပ် (၃၃၀၀ ဒသမ ၄၇၈) ဘီလီယံမှာ ကောက်ခံရရှိမှု ကျပ် (၃၇၅၁ ဒသမ ၉၅၉) ဘီလီယံဖြစ်လို့ အကောင်အထည်ဖော်နိုင်မှု (၁၁၃ ဒသမ ၆၈) ရာခိုင်နှုန်းအထိ ရှိခဲ့လို့ လျာထားချက်ပြည့်မီကျော်လွန်ခဲ့ပြီး ကျန်ရှိတဲ့ ဝန်ကြီးဌာနဲ့ နေပြည်တော်ကောင်စီတို့က အခွန် (၁၆)မျိုးအတွက် ကျပ် (၆၁၁ ဒသမ ၇၈၉) ဘီလီယံ လျာထားခဲ့ပေမယ့် (၅၆၅ ဒသမ ၅၉၃) သာ ကောက်ခံရရှိခဲ့လို့ အကောင်အထည်ဖော်နိုင်မှု (၉၂ ဒသမ ၄၅)ရာခိုင်နှုန်းသာရှိခဲ့ပြီး လျာထားချက်အောက် လျော့နည်းကောက်ခံနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရေးသားသူ - Mg R’ NoE