အဓိကအကြောင်းအရာသို့ သွားမည်

သုံးနှစ်သားလေး YBS အကြောင်း တစေ့တစောင်း

YBS

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၀

စီးပွားရေးမြို့တော် ရန်ကုန်မှာတော့ မြို့ပတ် ရထား၊ အငှားယာဥ်၊ သင်္ဘော၊ သဗ္ဗာန်၊ ဘတ်စ်ကား စတာတွေကို  အများပြည်သူတွေရဲ့ နေ့စဉ်သွားလာဆက်သွယ်ရေးအတွက် အသုံးပြုကြပါတယ်။

ဒီထဲမှာ အများဆုံးအနေနဲ့ ဘတ်စ်ကားတွေကို ရန်ကုန်မြို့  လူဦးရေ ထက်ဝက်ကျော်လောက်က နေ့စဉ် အသုံးပြု နေကြပါတယ်။

လက်ရှိ NLD အစိုးရလက်ထက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA )အဖြစ် ပြောင်းကာ Yangon Bus Service (YBS) စနစ်ကို  စတင် အကောင်အထည် ‌ဖော်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က စတင်ခဲ့တဲ့ YBS စနစ်ဟာ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခုလို ပြုပြင်ပြောင်းလဲနိုင်ခဲ့ တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက YRTA သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောကြား ခဲ့ပါတယ်။

“အစိုးရသစ် စတင်တာဝန်ယူတဲ့အချိန်မှာ ပြည်သူတစ်ရပ်လုံးက မထသစနစ်အပေါ်မှာ စိတ်ပျက်နေတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခဲ့တာ YRTA ကနေ ပြီး YBS စနစ်ကို စတင်ခဲ့တာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

သုံးနှစ်သား YBS ဟာ ပြည်သူလူထုသွားလာမှု လွယ်ကူ ချောမွေ့စေရေးအတွက် ပြောင်းလဲမှု အများအပြားကို လုပ် ဆောင်ထားပေမယ့် လိုအပ်ချက်တွေတော့ ရှိနေဆဲ ဖြစ်ပြီး  ပိုမိုကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်‌နေတယ် လို့  YRTA ရဲ့ ဥက္ကဌ ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆိုပါတယ်။

“အရင်ကလိုမဟုတ်ဘဲနဲ့ လူတွေဟာ အနည်းဆုံးတော့ စိတ်နှလုံးအေးအေးချမ်းချမ်းနဲ့ သွားလာနေနိုင်ပြီလို့  တွေ့မြင် နေရတဲ့ အချက်တွေပါပဲ။ သို့သော်လည်း ဒီမှာတင် မပြီးဆုံးပါဘူး။ အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုတာက ပြီးပြည့်စုံတယ်ဆိုတာ ဘယ်တော့မှရှိလာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခေတ်မှီတိုးတက်လာတာနဲ့အမျှ  လိုက်ပြီးတော့ ပြောင်းလဲပေးနေရမှာ ဖြစ်ပါတယ်” လို့  ဒေါ်နီလာကျော်က ဆိုပါတယ်။

YBS
YBS ယာဉ်  စီးနင်းနေသူတချို့

YRTA အနေနဲ့ YBS စနစ်ကို တစ်ဦးချင်းပိုင်ဆိုင်မှုကို အ‌ခြေခံစုဖွဲ့၍ အများပိုင် ကုမ္ပဏီများအဖြစ် ဖွဲ့စည်းကာ ဖွဲ့စည်း တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အရင်လို ယာဉ်နောက်လိုက်တွေ ပါဝင်ခွင့်မပြုတာ၊ ဘတ်စ်ကားကို ပိုမိုသက်တောင့် သက်သာစီးနင်းခွင့်ရရှိ လာတာ တွေက YBS ရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေဟာလည်း  ငြင်းလို့ မရတဲ့အချက်တွေ ဖြစ်ပါတယ်။

YBS စီးနင်းပြီး အလုပ်သွား/အလုပ်ပြန်လုပ်နေသူ ကိုသျှားထက်အောင်ကတော့ " တော်တော်ကြီးကို ပြုပြင်ပြောင်းလဲ လိုက်တယ်။ သွားရလာရတာလည်း အဆင်ပြေသွားတယ်။ နောက်ပြီး သူသူကိုယ်ကိုယ်ကတော့ အလုပ်ပင်ပန်းပြီး ပြန်လာတဲ့အချိန်ကျတော့ သက်တောင့်သက်သာစီးရတယ်။ ကားတွေလည်းကောင်းတယ်။ အရင်တုန်းကလိုတော့ ပြောင်းလဲသွားတာကတော့ စပယ်ယာနဲ့ ရန်မဖြစ်ရတော့ဘူးပေါ့” လို့ သုံးနှစ်သား YBS အပေါ်မှာ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် YRTA အနေနဲ့ YBS ယာဉ်လိုင်းအချို့မှာ ယာဉ်နောက်လိုက်တွေရှိနေတာကို အပြည့်အဝ ဖယ်ရှားပေးနိုင် တာမျိုး မရှိသေးဘဲ ယာဥ်လိုင်းတချို့တွေမှာတော့ ယနေ့ထိတိုင်ယာဥ်နောက်လိုက်တွေက ရှိလို့နေပါသေးတယ်။

အလားတူပဲ YBS ရဲ့ မူလရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ အောက်ဆိုက်ကားတွေ ပပျောက်အောင်လုပ်ဆောင်ဖို့ဆိုတာ ကိုလည်း ပြည့်မှီနိုင်ခြင်းမရှိဘဲ အောက်ဆိုက်ကားတွေကတော့ မင်းမူလို့နေသေးတာကို တွေ့မြင်နေရသလို တချို့ ခရီးသည်တွေဟာလည်း အိမ်ပြန်ခရီးအတွက် အောက်ဆိုက်ကားတွေကို အားကိုးနေရဆဲဖြစ်ပါတယ်။

ဒါဟာ YBS ယာဉ်တွေ ၂၄ နာရီ အချိန်ပြည့်ပြေးဆွဲပေးခြင်း မရှိသေးတာကြောင့်လည်း ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ၂၄ နာရီ ပြေးဆွဲပေးတဲ့ ယာဥ်လိုင်းတွေကိုလည်း မြင်တွေ့ရနေပါပြီ။

YBS
YBS ယာဉ် တချို့အား တွေ့ရစဉ်

ဒါ့အပြင် တချို့ YBS ယာဥ်လိုင်းတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းပိုင်း လိုက်နာမှု အားနည်းတာ၊ ကားအအစီးရေ နည်းပါးတာကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတာကြောင့် အလုပ်သွား၊ အလုပ်ပြန်ချိန်တွေမှာတော့ စီးနင်းသူ တွေအတွက် စိတ်ရှုပ်စေတဲ့ကိစ္စတွေကိုလည်း YRTA အနေနဲ့ အလေးထား ဖြေရှင်းပေးဖို့ လိုနေပါသေးတယ်။

ကားစောင့် ရတာအပေါ်မှာ ခရီးသည်တစ်ဦးဖြစ်တဲ့ ဒေါ်နုနုအောင်က “တစ်စီး၊ တစ်စီးကို စောင့်ရတဲ့ဟာကလေ ၄၅ မိနစ်လောက်ကြာတယ်။  ကားမလာလို့၊ ကားကြပ်လို့ ပြန်စောင့်ရတာက တစ်ခါ၊  အဆင်တော့ မပြေဘူးပေါ့။  ဒီ ၈၀ စီးမှပဲ ကိုယ်တွေကလည်း အဆင်ပြေတယ်ဆိုတော့”လို့ ပြောပါတယ်။

ဒါ့အပြင် ယာဉ်စီးခပေးမှုအပိုင်းဟာလည်း YRTA အနေနဲ့ မဖြစ်မနေ ဖြေရှင်းပေးဖို့ လိုအပ်နေတဲ့ ပြသာနာ တစ်ခု လည်း ဖြစ်ပါတယ်။

၌ယ
YBS ယာဉ်အတွင်း ယာဉ်စီးခ ထည့်သွင်းနေသူ တဦး

YBS စီးနင်းသူတွေအနေနဲ့ သတ်မှတ်ယာဉ်စီးခကို ကိုယ်တိုင်ပုံးထဲ ထည့်သွင်းရတာကြောင့် အကြွေရှာရတဲ့ အခက် အခဲကို အနည်းနဲ့ အများဆိုသလို ရင်ဆိုင်ကြရပါတယ်။

စီးနင်းသူတွေ တင်မကဘဲ ယာဉ်လိုင်းတွေဟာလည်း ယာဉ်စီးခနဲ့ပတ်သက်တဲ့ ပြသာနာတွေကို ရင်ဆိုင်နေကြရ တာပါ။

ယာဉ်စီးခကို သတ်မှတ်နှုန်းထားအတိုင်း မထည့်သွင်းတာ၊ ငွေစက္ကူ အစုတ်၊ မိတ္တူတွေ အသုံးပြုသွားတာမျိုးကိုလည်း ယာဉ်လိုင်းတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ ပေါ်မှာ မကြာခဏ မြင်တွေ့ရ လေ့ရှိပါတယ်။

လက်ရှိအချိန်မှာလည်း YBS ယာဉ်လိုင်း အချို့မှာ အရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် ဒီပြသာနာကို မြန်မြန် ဖြေရှင်းပေး ဖို့လိုနေတာပါ။

YRTA က ယာဉ်စီးခကို ကတ်စနစ်နဲ့ ပြောင်းလဲကောက်ခံဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လူများစုက ကြိုဆိုထားကြပါတယ်။

"အကြွေအခက်အခဲ၊ အကြွေပြဿနာအတွက် ကတ်စနစ်က ကားပေါ်တက်ရင် အကြွေထည့်စရာမလိုဘဲ အကြွေဒုက္ခ ကနေ အဆင်ပြေသွားတာပေါ့။ ဒါပေမယ့် ကားတိုင်းလိုတော့ အဲလိုမျိုးရှိစေချင်တယ်” လို့ ကိုသျှားထက်အောင်က ဆို ပါတယ်။

ဗ
ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေရန် တပ်ဆင်ထားသည့် စက်အား တွေ့ရစဉ်

YRTA ရဲ့ ဥက္ကဌ ဖြစ်သူ ဒေါ်နီလာကျော်ကတော့ ကတ်စနစ်ကို အကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေတာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာလို့ ဆိုပါတယ်။

 YPS Card (Yangon Payment Service) ကို အလွယ်တကူ အသုံးပြုနိုင်စေဖို့အတွက် YPS Service Center ဖွင့်လှစ် ဖို့ ၊ G & G စတိုးများမှာ YPS Card ရောင်းချနိုင်ရေး ၊ Top Up ပြုလုပ်နိုင်ရေးတွေကို ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ လည်း သိရပါတယ်။

YBS ယာဥ်တွေမှာ ကတ်စနစ်ကို တပ်ဆင်ဖို့အတွက် ၂၀၁၉ နှစ်ကုန်ပိုင်းတုန်းက ကုမ္ပဏီ ၄ ခုနဲ့ စာချုပ်ချုပ်ထားခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နောက်ထပ်ကုမ္ပဏီတချို့နဲ့ ထပ်မံစာချုပ်ချုပ်ထားတယ်လို့လည်း ကြားသိရပါတယ်။

လက်ရှိ YBS စနစ်မှာတော့ ကုမ္ပဏီပေါင်း (၁၉)ဖွဲ့၊ ပုဂ္ဂလိက ကြီးကြပ်ယာဉ်လိုင်း (၇)ဖွဲ့ပါဝင်ပြီး ယာဉ်စီးရေ (၆)ထောင်ကျော်ဖြင့် ပြေးဆွဲယာဉ်လိုင်းပေါင်း (၁၀၀)၊ ပြေးဆွဲခရီးစဉ်ပေါင်း (၁၂၄)ကြောင်း ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍမှာ အရေးပါတဲ့  YBS ကို  ပိုမိုတိုးတက်ကောင်းမွန် လာစေဖို့ YRTA က ဆောင်ရွက်နေပြီး  အများပြည်သူဘက်ကလည်း စည်းကမ်းတကျ ပူးပေါင်းပါဝင်ပေးဖို့နဲ့ လိုအပ် ချက်တွေကိုလည်း စောင့်ကြည့်အသိပေး တိုက်တွန်းမှုတွေ ဆောင်ရွက်သွာဖို့တော့ လိုအပ်နေပါသေးတယ်။

ရေးသားသူ - မိစုစုမာ