အဓိကအကြောင်းအရာသို့ သွားမည်

ပြည်တွင်းရွှေဈေးနှုန်းတည်ငြိမ်နေသော်လည်း အရောင်းအဝယ်ပုံမှန်သာရှိနေ

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပြည်တွင်းရွှေစျေးနှုန်းအမြင့်ဈေးတွင် တည်ငြိမ်နေသဖြင့် အရောင်းအဝယ်ပုံမှန်အခြေအနေတွင်သာရှိနေတယ် လို့ ရန်ကုန်မြို့အခြေစိုက်ရွှေဆိုင်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရပါတယ်။

ယခုဖေဖော်လအတွင်းမှာတော့ နိုင်ငံတကာရွှေဈေးနှုန်းဟာလည်း အပြောင်းအလဲ အနည်းသာရှိပြီး ပြည်တွင်း ငွေလဲနှုန်းတည်ငြိမ်နေတာကြောင့် အခုလို ပြည်တွင်းရွှေဈေးနှုန်းဟာ အပြောင်းအလဲနည်းပါးနေတာဖြစ်တယ်လို့ တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော်အောင်က ဆိုပါတယ်။

" လက်ရှိ အရောင်းအဝယ်ကတော့ ပုံမှန်လောက်ပဲရှိတယ်။ ကမ္ဘာ့ရွှေဈေးအတက်အကျပေါ်မူတည်ပြီးတော့ ပြည်တွင်းရွှေလည်း အပြောင်းအလဲ နည်းနည်းလောက်ပဲရှိတယ်" လို့ ဦးဇော်ဇော်အောင်က ပြောပါတယ်။

လက်ရှိပြည်တွင်းပေါက်ဈေးဟာ ကမ္ဘာ့ရွှေဈေးနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ်ကွာဟမှုရှိနေပေမယ့်။ ကျပ်တစ်သောင်းအောက်ဝန်းကျင်လောက်သာ ရှိတယ်လို့ သူက ဆိုပါတယ်။

ADV

ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီးတော့ ပြည်တွင်းအကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၁၂၂၀၀၀၀ ကျပ်ဝန်းကျင်ရှိ ခဲ့ပြီး ယခုအပတ် ဖေဖော်ဝါရီ ၁၄ ရက် ဈေးကွက်အပိတ် အကယ်ဒမီရွှေတစ်ကျပ်သားလျှင် ၁၂၁၈၀၀၀ ကျပ် ဝန်း ကျင်ဖြင့် ဈေးနှုန်းအနည်းငယ်သာ အပြောင်းအလဲရှိခဲ့ပါတယ်။

လက်ရှိကမ္ဘာ့ရွှေဈေးနှုန်းမှာတော့ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၈၄ ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

ရေးသားသူ - BETV Business