အဓိကအကြောင်းအရာသို့ သွားမည်

Grab အနေနဲ့ Taxiယာဉ်မောင်းတွေဆီက (၂၀) ရာခိုင်နှုန်းရယူနေတာကို ပြောင်းလဲဖို့ အစီအစဉ်မရှိသေး

 

ရန်ကုန်ဖေဖော်ဝါရီ ၁၁

Grab app ဝန်ဆောင်မှုကို အသုံးပြုကြတဲ့ ယာဉ်မောင်းတွေဆီကနေ (၂၀)ရာခိုင်နှုန်း ဝန်ဆောင်ခ ရယူနေတာကို ၂၀၂၀ ခုနှစ်အတွင်း ပြောင်းလဲဖို့ အစီအစဉ် မရှိသေးဘူး လို့ Grap က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Grab app ကို အသုံးပြုပြီး ကားဌားရမ်းတဲ့နှုန်းကလည်း ၂၀၁၉ ခုနှစ်အတွင်း (၁၀)ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ Grab Review မှာ ဖော်ပြထားပါတယ်။

အဓိကကတော့ ကျွန်တော်တို့ ဝန်ဆောင်မှုကြေးအနေနဲ့ ကောက်ခံတယ်။ ဒီ (၂၀)ရာခိုင်နှုန်းကိုပဲ Technology မှာ ပြန်ရင်းနှီးမြှုပ်နှံတာ ရှိတယ် လို့ Grab က ဆိုပါတယ်။

ကော်မရှင်ကြေးအနေနဲ့ ကောက်ခံထားတဲ့ (၂၀) ရာခိုင်နှုန်းကို နည်းပညာပိုင်းတွေမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံတာ ၊ taxi ယာဉ်မောင်းတွေ ပိုပြီး အကောင်းဆုံး ပါတနာဖြစ်လာဖို့အတွက် ဆောင်ရွက်တဲ့နေရာတွေမှာ ပြန်ပြီး အသုံးပြုရတာ ဖြစ်တဲ့အတွက် ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ပြောင်းလဲဖို့ မရှိသေးပါဘူးလို့ Grab က တာဝန်ရှိသူ က ပြောပါတယ်။

Garb က Service fee အဖြစ် ကောက်ခံတဲ့ (၂၀) ရာခိုင်နှုန်းဟာများတယ်လို့ ယာဉ်မောင်းအချို့ ပြောကြပေမယ့် လည်း Grab app သုံးစွဲတဲ့ယာဉ်မောင်း ပိုမိုများပြားလာနေဆဲဖြစ်ကာ Grab ကလည်း ယာဉ်မောင်းတွေကို ငွေ၊ ရွှေ နဲ့ ပလက်တီနမ်အဆင့်တွေ သတ်မှတ်ထားပြီး ဝန်ဆောင်မှုတွေ ပေးထားပါတယ်။

ရန်ကုန်မှာ တက္ကစီ စီးရေ (၆၅၀၀၀)ကျော် ရှိနေပေမယ့် Grab app ကို အသုံးပြုတဲ့ ယာဉ်မောင်းက သောင်းကဏန်း ဝန်းကျင်မှာ ရှိနေတယ်လို့ဆိုပြီး တက္ကစီယာဉ် အကုန်လုံးကိုတော့ ချိတ်ဆက်နိုင်မှု မရှိသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ Grab ကားဝန်ဆောင်မှု အနေနှင့် ဌားရမ်းမှုဟာ ၂၀၁၈ခုနှစ်ကထက် ၂၀၁၉ ခုနှစ်အတွင်း (၁၀) ရာခိုင် နှုန်းတိုးတက်လာခဲ့ပြီး ခရီးအကွာအဝေး (၉၇) သန်းကျော် ရှိခဲ့တယ်လို့  ဖော်ပြထားပါတယ်။

ကုမ္ပဏီတွေကနေ Grab for business ဝန်ဆောင်မှု ရယူမှု နှုန်းကလည်း ၂၀၁၈ ခုနှစ်ကထက် ၂၀၁၉ ခုနှစ်မှာ (၂၀၀) ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး အသုံးပြုသူ ဦးရေ(၃၀၀၀၀)ကျော် ရှိခဲ့တယ်လို့ Grab က ပြောပါတယ်။

ရေးသားသူ- ဆလိုင်းထွန်းထွန်း