အဓိကအကြောင်းအရာသို့ သွားမည်

ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၄၈)သန်းကျော်ရှိ

" ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာ ကိုရီးယားနိုင်ငံ KMIC Development Company Limited မှ အကောင်အထည် ဖော်ဆောင်ရွက်မယ့် ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ ပထမဦးဆုံး ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်ပါတယ်" ဟု ဦးသန့်စင်လွင်ကဆိုသည်။

အဆိုပါလုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသန့်စင်လွင်က ပြောကြားခဲ့သည်။

ဦးသန့်စင်လွင်က " ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနမှ (၄၀) ရာခိုင်နှုန်း ၊ Korea Land & Housing Corporation  မှ (၄၀) ရာခိုင်နှုန်း ၊ Global SAE-Aကုမ္ပဏီ (ကိုရီးယား)တို့မှ (၂၀) ရာခိုင်နှုန်း ပူးပေါင်းပြီး KMIC Development ကုမ္ပဏီအနေနဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီလုပ်ငန်းက Phase-1 ၊ Phase-2 နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး Phase -1 ကတော့ ၂၀၁၉-၂၀၂၁ ဖြစ်ပါတယ်။ Phase-2 ကတော့ ၂၀၂၂ မှ ၂၀၂၄ အထိ ဖြစ်ပါတယ်" ဟု ဆိုသည်။

လှည်းကူးမြို့နယ်ရှိ မြေဧက (၅၀၀) ကျော်တွင် အကောင်အထည်ဖော်နေသည့် KMIC စက်မှုဇုန်ကို နိုင်ငံတကာအဆင့်မီ စက်မှုဇုန်အဖြစ်ဖော်ဆောင်ပြီး တောင်ကိုရီးယားနိုင်ငံမှ မော်တော်ကားတပ်ဆင်ထုတ်လုပ်မှုစက်ရုံများနှင့် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများ လာရောက်ရင်းနှီးရန်ရှိနေကြောင်း သိရသည်။