အဓိကအကြောင်းအရာသို့ သွားမည်

ဟောင်ကောင်မှ ကန်ဒေါ်လာသန်း (၈၅၀) ကျော်ရှိ လျှပ်စစ်နှင့် အိမ်ယာလုပ်ငန်း (၃)ခုအား  မြန်မာတွင် ရင်းနှီးမြုပ်နှံမည်

 

ဟောင်ကောင်က လာရောက်ရင်းနှီးမြုပ်နှံတဲ့ အမေရိကန်ဒေါ်လာ သန်း(၈၅၀)ကျော် တန်ဖိုးရှိတဲ့ လျှပ်စစ်ထုတ်လုပ်ရောင်းချ ရေးလုပ်ငန်းနဲ့ အိမ်ယာတည်ဆောက်ရေးလုပ်ငန်းတွေ ပါဝင်တဲ့ လုပ်ငန်း(၃) ခုကို ခွင့်ပြုပေးခဲ့တယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားရေးဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ဟာ အခုလို ရင်းနှီးမြုပ်နှံမှု ပမာဏကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် (၂)လတာကာလအတွင်း အများဆုံး ရင်းနှီးမြုပ်နှံသူ အဖြစ် နေရာရနေပါတယ်။

" ရန်ကုန်မြို့ကို အမြန်ဆုံး မဂ္ဂါဝပ်(၄၀၀) ထပ်မံတိုးမြင့်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ ကျောက်ဖြူမှာလည်း ဒီကုမ္ပဏီကပဲ မဂ္ဂါဝပ်(၁၅၀)ပေးနိင်ဖို့အတွက် ခွင့်ပြုပေးခဲ့တာပါ" လို့ ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုပါတယ်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလ(၁) ရက်မှ နိုဝင်ဘာလ(၃၁)ရက်အထိ ဟောင်ကောင်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီး မြုပ်နှံတဲ့ ပမာဏက အမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော် ရှိသွားပြီဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်း၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းတွေမှာ အများဆုံးလာရောက် ရင်းနှီးမြုပ်နှံထားတာပါ။

၂၀၁၉ ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဆုံးဖြတ်ချက်အရ  ဟောင်ကောင်က CNTIC V power ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ(၃၆၃ ဒဿမ ၀၇၀)သန်း ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ IPP (BOO) စနစ်ဖြင့် လုပ်ဆောင်မယ့် ၄၀၀ မဂ္ဂါဝပ် ရှိ LNG စွမ်းအင်သုံးဓါတ်အားပေးစက်ရုံ  (၁)ခုနဲ့ အမေရိကန်ဒေါ်လာ သန်း(၁၄၀ ဒသမ ၄၇၀) တန်ဖိုးရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ အကောင်အထည်ဖော်မယ့် IPP(BOO) စနစ်ဖြင့် ၁၅၀ မဂ္ဂါဝပ် LNG စွမ်းအင်သုံးဓါတ် အားပေးစက်ရုံ (၁)ခု တို့ကို ခွင့်ပြုပေးခဲ့ပါတယ်။

အိမ်ခြံမြေကဏ္ဍမှာလည်း ဟောင်ကောင်ကနေ BOT စနစ် ဖြင့် အမေရိကန်ဒေါ်လာသန်း(၃၅၀) ခန့် ရင်းနှီးမြုပ်နှံမည့် စားသောက်ဆိုင်၊ Shopping Mall များ၊ ကွန်ဒိုမီဒီယံ နှင့် ဟိုတယ်များပါဝင်သော Mindama Complex စီမံကိန်း လုပ်ကိုင်မယ့် Goldman Fortune International ကုမ္ပဏီကို ခွင့်ပြုပေးခဲ့တယ် လို့  ညွန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

အခုလိုရင်းနှီးမြုပ်နှံမှုတွေကြောင့် ဟောင်ကောင်ဟာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  နှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော် ရင်းနှီးမြုပ်နှံခဲ့တာ မို့ အများဆုံး ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံတခု အဖြစ် ရပ်တည်နေပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ နိုဝင်ဘာလ(၂၉)ရက်နေ့ အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ(၁၃၉၂ ဒဿမ ၆၂၉)သန်း အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ဆလိုင်းထွန်းထွန်း