အဓိကအကြောင်းအရာသို့ သွားမည်

ရန်ကုန်၊ ဇွန် (၁၀)

နိုင်ငံခြားဘဏ်တွေထဲမှာ လက်အောက်ခံ ဘဏ်လုပ်ငန်းလိုင်စင်အစောဆုံးရရှိခဲ့တဲ့ ကိုရီးယားအခြေစိုက် Kookmin Bank Company Limited (KB Bank Myanmar) က သူတို့ရဲ့ ရန်ကုန်ကိုယ်စားလှယ်ရုံးကို စာရင်းရှင်းလင်းဖျက်သိမ်းဖို့နဲ့ စီးပွားရေးလုပ်ငန်းများ ရပ်ဆဲသွားမယ်လို့ KB Bank ဘက်က သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၄)ရက်နေ့က မိခင်ကုမ္ပဏီဖြစ်တဲ့ KOOMIN BANK Co., LTD. ရဲ့ အမှုဆောင်အရာရှိချုပ်က လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ စာရင်းရှင်းလင်းဖျက်သိမ်းဖို့နဲ့ စီးပွားရေးလုပ်ငန်းများ ရပ်ဆဲဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

‘‘အပြင်မှာ ကောလဟာလထွက်နေသလို KB Bank Myanmar ဒေဝါလီခံတာမျိုး လုံးဝမဟုတ်ပါဘူး။ အဲ့လိုမျိုးလည်း လုပ်လို့မရပါဘူး။ ဘဏ်လိုင်စင်ရတဲ့အတွက် ဗဟိုဘဏ်ရဲ့ ဥပဒေပါအတိုင်း ကိုယ်စားလှယ်ရုံးကို ပိတ်သိမ်းခြင်း ဖြစ်ပါတယ်’’လို့ KB Bank Myanmar ရဲ့ တာဝန်ရှိသူက BETV Business ကို ပြောပါတယ်။

ဒါ့ကြောင့် ရန်ကုန်ကိုယ်စားလှယ်ရုံးကို စာရင်းရှင်းလင်းဖျက်သိမ်းဖို့နဲ့ စီးပွားရေးလုပ်ငန်းများ ရပ်ဆဲရာမှာ တရားလွှတ်တော်ရှေ့နေ ဒေါ်ဆုပြည့်စုံကို စာရင်းရှင်းလင်း ဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ထားပြီး ကုမ္ပဏီက ရရန်နဲ့ ပေးရန်ရှိတာတွေကို ဇူလိုင်လ ၈ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနဲ့ ပေးသွင်းခြင်းများ ပြုလုပ်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာတဆင့် ကြေညာထားပါတယ်။

‘‘အရင်တုန်းက ကိုယ်စားလှယ်လိုင်စင်ပဲရတာ။ အခု ဘဏ်လိုင်စင်အသစ်ရပြီဆိုတော့ အဟောင်း ကိုယ်စားလှယ်ရုံးကို ဘယ်ဘဏ်မဆို ဖျက်သိမ်းရပါတယ်’’လို့ သူက ဆက်လက်ပြောကြားပါတယ်။

အဆိုပါ ရန်ကုန်ရုံးခွဲကို တရားဝင် စီးပွားရေးလုပ်ငန်း ရပ်စဲခြင်းခွင့်ပြုချက်အား ၂၀၂၁ ခုနှစ်၊ မေလ ၂၃ ရက်နေ့က ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ထံက ရရှိပြီး ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

KB Kookmin Bank အနေနဲ့ မြန်မာနိုင်ငံမှာ ရန်ကုန်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခွင်ကို ၂၀၁၃ ခုနှစ်က ရရှိခဲ့ပြီး (၇) နှစ်အကြာ ၂၀၂၀၊ ဒီဇင်ဘာလမှာ ပြည်တွင်းဘဏ်များနည်းတူ ဗဟိုဘဏ်ရဲ့ လက်အောက်ခံဘဏ်လုပ်ငန်းလိုင်စင်ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

KB Bank Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ လက်လီဘဏ်လုပ်ငန်းတွေကို ပထဆုံးလုပ်ကိုင်ခွင့်ရရှိခဲ့တဲ့ နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ်လုပ်ငန်းလိုင်စင်ကို ဗဟိုဘဏ်က ပေးအပ်ခဲ့ပါတယ်။

ထိုဘဏ်လုပ်ငန်းလိုင်စင်အရ KB Bank အနေနဲ့ ပြည်တွင်းမှာ လက်အောက်ခံဘဏ်ခွဲ(Subsidiary)များ ဖွင့်လှစ်ခြင်း၊ စီးပွားရေးလုပ်ငန်းများနဲ့ လူတဦးချင်းကို ချေးငွေထုတ်ချေးခြင်း၊ ငွေလွှဲခြင်းအပါအဝင် ပြည်တွင်းဘဏ်များ လုပ်ဆောင်နေသလို ငွေရေးကြေးရေးဆိုင်ရာဝန်ဆောင်မှုများ၊ အရစ်ကျချေးငွေများနဲ့ ATM ဝန်ဆောင်မှုများစတဲ့ လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို လုပ်ကိုင်သွားမှာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်များရဲ့ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခွင့်ရထားတဲ့ ပြည်ပဘဏ် (၃၅)ခုထဲမှာ ကိုရီးယားဘဏ် (၆)ခုအထိ ပါဝင်နေပြီး အဲ့ဒိအထဲမှာ KB Kookmin Bank နဲ့ Industrial Bank of Korea (IBK) တို့က လက်အောက်ခံဘဏ်လုပ်ငန်းလိုင်စင်ရရှိထားပြီး Korea Development Bank (KDB)ကတော့ ဘဏ်ခွဲဖွင့်လှစ်ခွင့်လိုင်စင် ရရှိထားပါတယ်။

သတင်း - BETV Business